ဇွန်လကတော့ အမေရိကန်နိုင်ငံမှာ LGBT Pride Month လို့ သတ်မှတ်ထားပါတယ်ခင်ဗျ။ ဒါကြောင့် သတင်း Channel တွေ ဖွင့်ကြည့်လိုက်လို့ လိင်တူချစ်သူတွေအကြောင်းများပါလာခဲ့ရင် သက်တန့်ရောင်လေးတွေကိုပါ ပူးတွဲတွေ့မြင်ရမှာပါ။
ဒါဆိုရင် သူတို့က သူတို့ကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် အခြားအရောင်တွေ၊ အခြားသင်္ကေတတွေ မသုံးဘဲ သက်တန့်ရောင်ကိုပဲ အသုံးပြုကြတာပါလဲ။
ဒီ LGBT Pride အလံကို ၁၉၇၈ ခုနှစ်မှာ တီထွင်ခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူ Gilbert Baker ဟာ လိင်တူချစ်သူအခွင့်အရေးလှုပ်ရှားသူတစ်ယောက်လည်း ဖြစ်၊ စစ်မှုထမ်းဟောင်းတစ်ယောက်လည်း ဖြစ်ပြီးတော့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ Gilbert ဟာ ဒီနှစ် မတ်လမှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။
သူဟာ အဲဒီအလံကို အဲဒီနှစ်က ဆန်ဖရန်စစ္စကိုမှာလုပ်တဲ့ လိင်တူချစ်သူလွတ်လပ်ခွင့်ချီတက်ပွဲတစ်ခုအတွက် ပြုလုပ်ခဲ့တာဖြစ်ပြီး လိင်တူချစ်သူလည်းဖြစ်၊ နိုင်ငံရေးသမားလည်းဖြစ်တဲ့ Harvey Milk ရဲ့ တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ Harvey ဟာ အဲဒီနှစ်ရဲ့ နောက်ပိုင်းလတွေမှာပဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

၁။ ပန်းရောင် – လိင်မှုဆိုင်ရာ
၂။ အနီရောင် – ဘဝရေးရာ
၃။ လိမ္မော်ရောင် – ကုစားမှု
၎။ အဝါရောင် – နေရောင်ခြည်အလင်း
၅။ အစိမ်း – သဘာဝ
၆။ စိမ်းပြာ – မျက်လှည့်ဆန်မှု
၇။ အပြာ – ဟာမိုနီဖြစ်မှု
၈။ ခရမ်းရောင် – စိတ်ဝိညာဉ်

၁၉၇၉ ခုနှစ်မှာ အလံဟာ အရောင်ခြောက်ရောင်အဖြစ်ကို လက်တွေ့ကျတဲ့ အကြောင်းပြချက်တွေနဲ့ ပြောင်းလဲသွားခဲ့ပါတယ်။ ပန်းရောင်ဆိုးဆေးဟာ ဈေးကြီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မပါတော့ဘဲ၊ အပြာရောင်နဲ့ စိမ်းပြာရောင်ဟာလည်း ပေါင်းစပ်သွားပြီး တော်ဝင်အပြာရောင်ဖြစ်သွားခဲ့ပါတယ်။
“ အလံကို ဒီနေ့အသုံးပြုနေတဲ့ ခြောက်ရောင်ဖြစ်အောင် နဂို ရှစ်ရောင်ကနေ ပြုပြင်ပြောင်းလဲခဲ့ရတဲ့အချက်ကတော့ ၁၉၇၈ ခုနှစ်မှာ အရောင်ဆိုးတဲ့ ဆိုးဆေးတွေဟာ ဈေးကြီးတာလည်း တစ်ချက်ပါဝင်ပါတယ်” လို့ Gilbert Baker က ခေတ်ပေါ်အနုပညာပြတိုက်ကို ပြောကြားခဲ့ပါတယ်။



ဒီနောက်ဆုံးလုပ်ထားတဲ့ သက်တန့်ရောင်အလံကတော့ အဲဒီအမျိုးမျိုးသော အရောင်သတ်မှတ်မှုတွေကို အသုံးပြုပြီး လွယ်ကူရှင်းလင်းတဲ့ သင်္ကေတတစ်ခုအဖြစ်နဲ့ LGBT အသိုင်းအဝိုင်းက ပြန်လည်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
သင်္ကေတတီထွင်သူ Baker ကတော့ “ သက်တန့်ရောင်အလံဟာ တကယ့်ကို လိုအပ်လို့ ဖြစ်ပေါ်လာရတာပါ၊ ကျွန်တော်တို့ဟာ အရင်ကဆိုရင် နာဇီတွေဆီက ပန်းရောင်တြိဂံကို အသုံးပြုခဲ့ရပြီး ဒီပန်းရောင်တြိဂံဟာ လူသတ်မှုတွေ၊ အစုလိုက်အပြုံလိုက်သုတ်သင်မှုတွေနဲ့ ဟစ်တလာရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ နေရာကနေ ဆင်းသက်လာခဲ့ရတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ ပိုပြီးလှပတဲ့၊ ကျွန်တော်တို့ အသိုင်းအဝိုင်းကပဲ ပြုလုပ်တဲ့ အလံတစ်ခု လိုအပ်ခဲ့ပါတယ်။ ဒီသက်တန့်ရောင်တွေကတော့ လုံးဝပြည့်စုံမှုရှိပြီး ကျွန်တော်တို့ရဲ့ လူမျိုး၊ လိင်၊ အသက်အရွယ်အစရှိတဲ့ မတူကွဲပြားမှုအားလုံးကိုလည်း ကိုယ်စားပြုနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
သက်တန့်ရောင်တွေဟာ ဒီမှာတင်မရပ်တန့်ဘဲ ပေါ့ပ်ယဉ်ကျေးမှုထိလည်း ထိုးဖောက်ခဲ့ပါတယ်။ “The Wizard of Oz” ဇာတ်ကားမှာ ပါဝင်တဲ့ ကြယ်ပွင့်လည်းဖြစ်၊ ဂေးတွေရဲ့ Icon တစ်ခုအဖြစ်လည်း သတ်မှတ်ခံရတဲ့ Judy Garland ဟာဆိုရင် ရုပ်ရှင်ထဲမှာ “Somewhere Over the Rainbow” ဆိုတဲ့ သီချင်းကို သီဆိုခဲ့လို့ နာမည်ကျော်ကြားခဲ့ပါတယ်။
Gilbert Baker ရဲ့ သက်တန့်ရောင်စဉ်တွေဟာ အလံတွေပေါ်ကို ပြောင်းရွှေ့ရောက်ရှိပြီးတည်းက LGBT လှုပ်ရှားမှုတွေအတွက် ကိုယ်စားပြုနေခဲ့ပါပြီ။ ၂၀၁၅ခုနှစ် အမေရိကန်နိုင်ငံမှာ လိင်တူချင်းလက်ထပ်ခွင့်ကို နိုင်ငံအဝှမ်းတရားဝင်ခွင့်ပြုခဲ့တုန်းကဆိုရင် အိမ်ဖြူတော်ကအစ သက်တန့်ရောင်မီးတွေ ထွန်းညှိဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအလံကို အချိန်နဲ့ နေရာပေါ်လိုက်ပြီး နည်းနည်းပြုပြင်ပြီး သုံးခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါသေးတယ်။ ဖီလာဒယ်ဖီးယားက Version တစ်ခုမှာဆိုရင် လူမျိုးအားလုံးပေါင်းစပ်ပါဝင်မှုအတွက်ဆိုပြီး အနက်နဲ့ အညိုကို ပေါင်းထည့်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်တုန်းကတော့ AIDS အသိပညာပေးလှုပ်ရှားမှုအတွက် မူရင်းအလံမှာ အနက်ရောင်တစ်လိုင်းပေါင်းထည့်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။
ကနေ့မှာတော့ ဒီအလံဟာ LGBT Pride အတွက်တင်မဟုတ်ဘဲ အခြား သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ အဓိပ္ပာယ်တွေပါ တည်ရှိလာခဲ့ပြီး ငြိမ်းချမ်းရေးသင်္ကေတအနေနဲ့ အလံရဲ့ ရောင်စဉ်ပေါ်တွေမှာ အဖြူရောင်စာလုံးနဲ့ Pace လို့ ရေးသားပြီး သုံးစွဲခဲ့ပါတယ်။

ဒီလောက်ဆိုရင်တော့ Gilbert Baker တီထွင်ခဲ့တဲ့ သက်တန့်ရောင်အလံရယ်၊ ဘာကြောင့် လိင်တူချစ်သူတွေရဲ့ ပွဲတော်တွေ၊ ကိုယ်စားပြုမှုတွေမှာ ဒီအလံကို သုံးရတယ်ဆိုတာ တီးမိခေါက်မိရှိလောက်ပြီလို့ ထင်မိပါတယ်ခင်ဗျာ။
crd: akhayar

Post a Comment