0

အခုအချိန်ဟာ မိုးရာသီဖြစ်တဲ့အတွက် လေထုထဲမှာ အစိုဓာတ်တွေများနေတာကြောင့် လှုပ်လှုပ်ရှားရှားနဲ့ သွားလာနေကြရတဲ့သူတွေဟာတော့ ချွေးထွက်အရမ်းလွယ်ကြပါတယ်။ ဒါ့ကြောင့် တစ်ခါတလေကျတော့ အဲ့ဒီလိုချွေးထွက်များတဲ့သူတွေရဲ့ချွေးတွေကိုယ့်ကို မတော်တဆထိမိတာမျိုး ၊ သူတို့ချွေးပေထားတဲ့အရာတွေနဲ့ ထိမိတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဒီအချက်တွေက  ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေဖြစ်ပေမယ့် ကျန်းမာရေးနဲ့တော့ မသင့်တော်ပါဘူး။ ချွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေရှိသလို ကြောက်ဖို့လည်းကောင်းပါတယ်။ အဲ့ဒီရောဂါပိုးတွေကတော့…

၁။ MRSA

Methicillin-resistant Staphylococcus aureus လို့ ခေါ်တဲ့ ရောဂါပိုးဟာ ချွေးကတဆင့်ကူးစက်ပြီးတော့ ပုံမှန် ကုသနေကျဆေးအတော်များများကို ခံနိုင်ရည်ရှိတာကြောင့် ကုသရခက်ခဲတဲ့ ရောဂါပိုးလည်းဖြစ်ပါတယ်။ အဲ့ဒီ ရောဂါပိုးကူးစက်ခံရရင် အရေပြား အပူလောင်ပြီး အနာတွေဖြစ်လာတာမျိုး သွေးလမ်းကြောင်း၊ အဆုတ်နဲ့ ဆီးလမ်းကြောင်းတို့ကိုပါ ရောဂါကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီရောဂါပိုးကူးစက်ခံနေရသူရဲ့ချွေးနဲ့ထိတွေ့မိတဲ့အခါ MRSA ပိုးဟာအလွယ်တကူ ကိုယ့်ဆီရောက်လာနိုင်ပါတယ်။

 ၂။ အသည်းရောင်အသားဝါ ဘီပိုး

လေ့လာချက်တွေအရ အသည်းရောင်အသားဝါဘီပိုးဟာလည်း ချွေးကနေကူးစက်နိုင်ပါတယ်။ အစောပိုင်းလေ့လာချက်တွေအရတော့ အနာစို၊ သားငံရည်တွေကနေသာ ကူးစက်နိုင်တယ်လို့ဆိုပေမယ့် နောက်ပိုင်းလေ့လာချက်တွေအရ အသည်းရောင်အသားဝါဘီပိုးရှိသူရဲ့ ချွေးထဲမှာလည်း ရောဂါပိုး ၁၁ ရာခိုင်နှုန်းခန့် ပါဝင်နေတယ်လို့ဆိုပါတယ်။

၃။ အအေးမိတုပ်ကွေးရောဂါများ

ချွေးမှာတော့ အအေးမိတုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးတွေမရှိပေမယ့် နှာခေါင်းကို ပွတ်ခြင်း၊ နှာချေခြင်း၊ အသက်ရှူခြင်းတို့ကြောင့် ရောဂါပိုးတွေက အရေပြားဆီရောက်သွားနိုင်ပါတယ်။ အဲ့ဒီရောဂါပိုးတွေကို ချွေးကသယ်ဆောင်ပေးတဲ့အတွက်ကြောင့် ရောဂါပိုးအလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

၎။ အနာစက် (Impetigo)

အနာစက်ပေါက်နေတဲ့သူရဲ့ ချွေးကို ထိမိတဲ့အခါမှာ အနာစက်ရောဂါပိုးကူးစက်ခံရပါလိမ့်မယ်။ ဒီရောဂါကတော့ ကလေးတွေမှာအဖြစ်များပြီး Staphylococcus aureus ဆိုတဲ့ ပိုးကြောင့်ဖြစ်တာပါ။

၅။ ရေယုံ

ရေယုံဟာ ချွေးကနေတဆင့်ကူးစက်နိုင်တယ် မကူးစက်နိုင်ဘူးဆိုတဲ့အချက်ကို အငြင်းပွားမှုတွေရှိကြပါတယ်။ တချို့လေ့လာချက်တွေအရတော့ အရေပြားအချင်းချင်း ထိကပ်မိတဲ့အခါ ကူးစက်နိုင်တယ်လို့ ဆိုကြပြီး တခြားလေ့လာချက်တွေကတော့ အရေပြားချင်း အဆက်မပြတ် ပွတ်တိုက်မှုကြောင့် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် အရေပြားချင်းမထိအောင် ရှောင်ရှားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

credit: အခရာ

Post a Comment

 
Top