0
ကျနော်တို့ငယ်ငယ်က ရုပ်ရှင်ကို အခုလိုတိုးဝှေ့ ကြည့်ခဲ့ရတယ်ဆိုရင် အခုခေတ်ကလေးတွေ ယုံပါတော့မလား။

ကျနော်သိမှီလိုက်တဲ့အချိန်က မုံရွာမြို့မှာရုပ်ရှင်ရုံ သုံးရုံရှိခဲ့ဖူးတယ်။မြို့မရုံ၊နေ၀င်းရုံနဲ့၊မြစန္ဒာရုံတို့ဖြစ်တယ်။ (အရင်ကတော့ မြဟေ၀န်ရုံကောဆိုရင် မုံရွာမြို့မှာ ရုပ်ရှင်ရုံ လေးရုံရှိခဲ့ဖူးတယ်တဲ့။ဒါပေမယ့် ကျနော် သိမှီလိုက်တဲ့အချိန်မှာ မြဟေ၀န်ရုံက ကုန်လှောင်ရုံဖြစ်နေပြီ။)
မြို့မရုံနဲ့နေ၀င်းရုံက လမ်းဟိုဖက်၊ဒီဖက် မလှမ်း၊မကမ်းမှာရှိကြတယ်။နေ၀င်းရုံက ညောင်တပင်လမ်း တောင်ဖက် မှာရှိပြီး၊ မြို့မရုံက ညောင်တပင်လမ်းမြောက်ဖက်မှာရှိတယ်။တစ်ရုံနဲ့တစ်ရုံ လှမ်းမြင်နေရတယ်။နောက် ပိုင်း နေ၀င်းရုံက အုန်းခြံရပ်ကွက်မီးလောင်တော့ မီးလောင်တဲ့အထဲ ပါသွားပြီး၊ပြန်မဆောက်ဖြစ်တော့ဘူး။

  နေ၀င်းရုံမီးမလောင်ခင်က အမေတွေ၊အဒေါ်တွေနဲ့ ရှားရှားပါးပါး ရုပ်ရှင်တစ်ကားကြည့်ခဲ့ဖူးတယ်။
မှတ်မိသေးတယ်။ မင်းသမီး ခင်ယုမေပါဝင်တဲ့ "ဓားရောင်လက်လက်၊မယ်ဘယက်"...ဆိုတဲ့သိုင်းကား။ အမေက ခင်ယုမေအသည်းစွဲပေကိုး။ အဲဒီတုန်းက ကျနော်က ကလေးဆိုတော့ ရုံဝင်ခမပေးရဘူးပေါ့။ မှတ်မိပါသေးရဲ့...။

အဲဒီတုန်းက ရုံဝင်ပေါက်မှာ မြေဖြူနဲ့ တစ်လက်မ၊နှစ်လက်မ စသည်ဖြင့် အရပ်အတိုင်းအတာလေးတွေ မှတ်ထားတယ်။သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာအောက် ကလေးဆိုရင် ဖရီးဝင်ခွင့်ပေးပြီး၊ သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာထက်ကျော်နေရင်တော့ ရုံဝင်ခပေးရတယ်။အဲဒီမှာ တစ်ချို့မိဘတွေက သူတို့ကလေးတွေရုံဝင်ခမပေးရအောင် အရပ်ပု၊ဒူးကွေးပြီးဝင်ခိုင်းတတ်ကြတယ်။
အပေါက်စောင့်ကသိသွားလို့ ၀င်ခွင့်မပေးရင် ငြင်းကြ၊ခုံကြ၊ရန်ဖြစ်ကြနဲ့၊အခုနေပြန်တွေးကြည့်တော့လည်း ရယ်စရာ။

                နောက်ပိုင်း နေ၀င်းရုံမီးထဲပါသွားတော့ မြို့မရုံက ပြိုင်ဖက်မရှိ တစ်ဦးထဲဘုရင်ဖြစ်သွားတယ်။
မြစန္ဒာရုံနဲ့ကတော့ တောင်ထိပ်၊မြောက်ထိပ်လိုဖြစ်နေတော့ကိစ္စမရှိ။ပြီးတော့ မြစန္ဒာရုံက မြန်မာကားပဲ အများဆုံးပြ ပြီး၊မြို့မရုံက နိုင်ငံခြားကား အပြများတယ်။အဲဒီတော့ မြစန္ဒာရုံက အမျိုးသမီးပရိသတ် အများစုကြည့်လေ့ရှိပြီး၊ မြို့မရုံက ယောကျာင်္းလေးပရိသတ်အကြည့်များတယ်ဆိုပါတော့။

ဇာတ်ကားကောင်းတဲ့ပွဲမျိုးဆိုရင်တော့ ပုံထဲကအတိုင်း ကျိတ်ကျိတ်တိုးနေတော့တာပဲ။လက်မှတ်မရမှာဆိုပြီး ညနေအစောကြီးကထဲက သွားပြီးတန်းစီထားကြတယ်။အဲဒီမှာ အချို့လူတွေက လက်မှတ်မှောင်ခိုတိုး ပြီး ပြန်ရောင်းစားတတ်ကြတယ်။နှစ်ဆ၊သုံးဆ ဈေးတင်ပြီးရောင်းကြတယ်။ဇာတ်ကားကောင်းရင်ကောင်းသလို သူတို့ငွေရွှင်ပြီပေါ့။

ကလေးဘ၀မြို့မရုံမှာကြည့်ဖူးပြီး၊ စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်ကားတွေထဲမှာ ဂေါ်ဇီလာနှင့် ကင်းကောင်တိုက်ပွဲ၊ လက်တစ်ဖက်ပြတ်ဓားသမား၊ဒေးဗစ်ချန်း၏ဒေါသလက်သီး စတဲ့ဇာတ်ကားတွေ ကိုတော့ အခုထိ မှတ်မှတ်ထင်ထင် ရှိနေမိတယ်။ဇာတ်ကားကောင်းပြီဆိုရင် မိဘတွေကိုပူစာပြီး ပြခိုင်းတတ်ကြတယ်။

မှတ်မိသေးတယ်....။
"ထူးဆန်းထွေလာ၊မြေအောက်ကမ္ဘာ"...ဆိုတဲ့ဇာတ်ကားပြတော့ လက်မှတ်ရောင်းတဲ့အပေါက်ဘေးမှာ ဘယ်လိုကြေငြာထားသလည်းဆိုတော့...
((နှလုံးရောဂါရှိသူများနှင့်ကိုယ်ဝန်ဆောင်မိခင်များမကြည့်ရ....))တဲ့။
အဲဒီကြော်ငြာကြည့်ပြီး လက်မှတ်ကမ၀ယ်ရသေးဘူး။ကြည့်ချင်စိတ်ကမရိုးမရွဖြစ်နေပြီ။
ဂျိန်းစဘွန်းဇာတ်ကားကတော့ လူကြီးကြိုက်လို့ပြောရမယ်ထင်တယ်။
အဲဒီတုန်းက နိုင်ငံခြားကားတွေကို ကြေငြာတာ မူရင်းကိုတိုက်ရိုက်ဘာသာပြန်တာမဟုတ်ပဲ လူအများစိတ်ဝင်စား   အောင် ကိုယ့်ဖာသာကိုယ် ထရန်စလိတ်လုပ်ကြတာများတယ်။
ဂျိမ်းစဘွန်းဇာတ်ကားတစ်ကားဆိုရင်(For your eyes only) ထင်တယ်။ဘယ်လိုဘာသာပြန်ထားသလဲ ဆိုတော့... "ကိုင်း ဒါပဲ မောင်ရေ့..."တဲ့။ လုပ်ပုံများပြောပါတယ်။

ကြော်ငြာထားတဲ့ပိုစတာကလည်းကြည့်ဦး။ ရေကူးဝတ်စုံနဲ့ ပေါင်ကားရပ်နေတဲ့ မင်းသမီးပုံကြီးက ရုပ်ရှင်ရုံရဲ့ရှေ့မျက်နှာစာကြီးနဲ့အပြည့်။
ရုံထဲဝင်ရင် အဲဒီပေါင်နှစ်ချောင်းကြားထဲကနေ၀င်ရတယ်။ဇာတ်ကားကောင်းတာ၊မကောင်းတာမသိသေးဘူး အဲဒီကြော်ငြာနဲ့၊အဲဒီပိုစတာနဲ့တင် လူတွေကစိတ်ဝင်စားနေပြီ။

   ပြီးတော့ အဲဒီခေတ်ကရုပ်ရှင်ပြရင် တစ်ပိတ်ထဲ၊တစ်ခါထဲ အပြီးထိတောက်လျှောက်ပြတာမဟုတ်ဘူး။ ဇာတ်ကားတစ်ဝက်လောက်ရောက်ရင်...
((အားလပ်ချိန်...))
လို့စာတန်းကြီးပေါ်လာပြီး၊နာရီဝက်လောက်အနားပေးသေးတယ်။အဲဒီအချိန်မှာရုံပြင်ထွက်ပြီးမုန့်ဝယ်စားတဲ့သူက စားကြ။ အပေါ့၊အလေးသွားတဲ့သူကသွားကြပေါ့။သံပုရာဖျော်ရည် အေးအေးလေးကိုသောက်၊ ဆိတ်သားကင်ကို စားကြ။ ပြန်တွေးရင်းတောင် သွားရည်ကျမိပါရဲ့။
(အဲဒီတုန်းက ဆိတ်သားကင်က တုတ်ချောင်းလေးမှာ ဆိတ်သား လေး၊ငါးတုံးလောက်ထိုးထားပြီး၊ ထိပ်မှာ သံပုရာသီးစိတ်လေးက ပါလိုက်သေးတယ်။)
မြို့မရုံမှာ ရုပ်ရှင်ကြည့်ဖူးသူမှန်ရင် သံပုရာရည်အေးအေးလေးမသောက်ဖူးသူ။ ဆိတ်သားကင်ချိုချိုလေး မစားဖူးသူ ရှိမယ်မထင်ဘူး။

    ဒါကတော့ ကျနော်တို့ချာတိတ်၊ကလေးဘ၀တုန်းကမုံရွာမြို့ကရုပ်ရှင်ရုံတွေအကြောင်း၊ အမှတ်ရ သမျှကောက်ကြောင်းအချို့ပဲဆိုပါတော့။

ပြန်တွေးကြည့်ရင် လွမ်းလည်းလွမ်းမိပါရဲ့။အခုတော့ ဖျော်ဖြေရေး အင်တာတိန်းမိန့်တွေက ထိုင်ရာမထ၊ အိမ်ထဲအထိရောက်နေတဲ့ခေတ်ဆိုတော့ ရုပ်ရှင်ရုံတွေဆိုတာလည်း ကြည့်မယ့်သူတွေမရှိတော့။ အချို့ပျောက်ကွယ် ကုန်ကြပြီ။

   ၂၀၁၆ နှစ်ကုန်အထိ ကျနော်တို့မြို့မှာကို ရုပ်ရှင်ရုံဆိုတာမရှိတော့။၂၀၁၇ ခုနှစ် မှ မုံရွာမှရုပ်ရှင်ချစ် ပရိတ်သတ်များအတွက်  Paradiso(မုံရွာ) ရုပ်ရှင်ရုံ ဆောက်လုပ်ပြီးစီး ပြသနေပြီလို့ ကြားမိပါရဲ့။ မုံရွာ အိုးရှင်းစင်တာမှာလည်း  အဆင့်မြင့်ရုပ်ရှင်ရုံ ပြသဖွင့်လှစ်မယ်လို့ ကြားမိသေးတယ် ဖွင့်ပြီးပြီလားတောင် မသိ။
  ဖုန်းနဲ့ရုပ်ရှင်တွေ၊ဗွီဒီယိုတွေကြည့်လို့ရတဲ့ခေတ်ဆိုတော့ ရုပ်ရှင်ရုံတွေအပေါ် ဟိုတုန်းကလောက် စိတ်ဝင်စားမှုမရှိတော့တာလည်း မထူးဆန်းဘူး လို့ပဲပြောရတော့မယ်။

credit: ရှဥ့်ညိုလေး

Post a Comment

 
Top