“ဓမ္မဥှိဝက္ကလိ၊ ပဿန္တော မံ ပဿတိ။ မံ ပဿန္တော ဓမ္မံ ပဿတိ။”
သံယုတ္တနိကာယ်၊ ဝက္ကလိသုတ်
ဗုဒ္ဓက ဝက္ကလိသုတ်မှာ ‘အို ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်၏။ ငါဘုရားကိုမြင်သောသူသည် တရားကိုမြင်၏။’ လို့ ဟောကြားထားပါတယ်။
အဲဒါကြောင့်ပဲ
ဗုဒ္ဓဘာသာဝင်တွေမှာ သက်တော်ထင်ရှား ဗုဒ္ဓရှင်တော်မြတ်ဘုရားကို အာရုံပြု
ထင်မြင် ကြည်ညိုကြဖို့ရာအတွက် ဗုဒ္ဓဝင်ကိုယ်စားပြုရုပ်ပွားတော်
ထုလုပ်ပူဇော်တဲ့အလေ့အထရှိကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ
ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုး ထုလုပ်ပူဇော်ကြတာတွေထဲမှာ မင်းဝတ်တန်ဆာဝတ်
ဆင်းတုတော်တွေကို မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ
ခေတ်အဆက်ဆက်က လက်ရာမျိုးစုံနဲ့ တွေ့နိုင်ပါတယ်။
ဇမ္ဗုပတိချွတ်ခန်း မင်းဝတ်ဆင်းတုတော်များ

မင်းဝတ်တန်ဆာ
ဝတ်ဆင်ထားပြီး ဇမ္ဗုပတိချွတ်ခန်းဗုဒ္ဓဆင်းတုတော်လို့ခေါ်ကြတဲ့
ဆင်းတုတော်အမျိုးမျိုးကို မြန်မာပြည်အတွင်း နေရာအနှံ့အပြားမှာတွေ့ရပါတယ်။
ဇမ္ဗုပတိမင်းချွတ်ခန်း
ဇာတ်ထုပ်ဝတ္ထုက သင်္ဂါယနာတင်ထားပြီးတဲ့ ပိဋကတ်သုံးပုံ၊ အဌကထာ၊ ဗုဒ္ဓဝင်၊
ထူပဝင်၊ အဌကထာ ပါဠိတော်ကျမ်းအစောင်စောင်တွေမှာ မပါရှိပါ။ ဇင်းမယ်ဆရာများရဲ့
နောက်တိုးဖြည့်စွက်တဲ့ ဇာတ်ထုပ်ဝတ္ထု ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ နဲ့ ခေတ်ပြိုင်
ဇမ္ဗုပတိမင်း ဆိုတာ မရှိခဲ့ပေမယ့် တန်ခိုးချင်းယှဉ်ပြိုင်ပြီး
ဇမ္ဗုပတိမင်းကို ချွတ်ခဲ့ရတဲ့ ဗုဒ္ဓရဲ့ဂုဏ်တော်ကို
ချီးကျူးပူဇော်တဲ့အနေနဲ့အဲဒီ ဇာတ်ထုပ်ဝတ္ထုကို မှတ်တမ်းတင် ထားခဲ့ပါတယ်။
ဒါကြောင့်လည်း ထိုးဇာတ်ပေမယ့် လူသိများတယ်။
တွေ့ရှိသမျှ
မင်းဝတ်တန်ဆာဝတ် ဆင်းတုတော်တွေအားလုံးကို ဇမ္ဗုပတိမင်းချွတ်ခန်း ဇာတ်ထုပ်ပါ
ဇာတ်ကွက်အတိုင်း ထုလုပ်ပူဇော်ထားတယ်ဆိုတဲ့
ဇမ္ဗုပတိချွတ်ခန်းဗုဒ္ဓဆင်းတုတော်တွေလို့တော့ အတိအကျ မခေါ်နိုင်ပါ။
ဘာကြောင့်လဲဆိုတော့ တချို့ဆင်းတုတော်တွေက ဗုဒ္ဓကိုကိုယ်စားပြုတဲ့
ရုပ်ပွားတော်တွေ မဟုတ်ကြပါ။ ဒီတော့ အားလုံးကိုခြုံပြီး
မင်းဝတ်ဆင်းတုတော်များ လို့ ခေါ်ရင် သင့်တော်မယ်ထင်ပါတယ်။
မင်းဝတ်တန်ဆာဝတ်ဆင်ထားတဲ့ ဆင်းတုတော်တွေကိုထုလုပ်ပူဇော်ကြတဲ့ ရည်ရွယ်ချက်ကတော့၊
(၁) နောက်ပွင့်မယ့် ဘုရားလောင်းရဲ့သဘောကိုဆောင်ဖို့၊
(၂) မင်းအသွင်ပျောက်ဆဲ ဘုရားအသွင်ရောက်ဆဲ မာရ်နတ်အောင်ပွဲကို ကြည်ညိုဖို့၊
(၃) မင်းလိုတင့်တယ်တာကို ဖူးမြင်ချင်လို့ မင်းဝတ် ဝတ်ပေးခွင့်ရှိတယ်ဆိုတဲ့ခံယူချက်ရှိလို့၊
အဲဒီသုံးချက်က အဓိကဖြစ်ပါတယ်။
အကြမ်းအားဖြင့်
မင်းဝတ်တန်ဆာ အပြည့်အစုံဝတ်ထားတဲ့ဆင်းတုတော်နဲ့ တပိုင်းတစ မင်းဝတ်တန်ဆာ
ဝတ်ထားတဲ့ ဆင်းတုတော်လို့ အဲဒီဆင်းတုတော်တွေကို
နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါတယ်။ အဲဒီမှာလည်း မူလကတည်းက မင်းဝတ်တန်ဆာ
တပါထည်းထုလုပ်ထားတာနဲ့ နောက်မှဝတ်ပေးထားတာတွေကိုလည်း တွေ့နိုင်ပါသေးတယ်။
သဘောချင်းကတော့ အတူတူပါပဲ။
မူလထုလုပ်ကတည်းက မင်းဝတ်တန်ဆာဝတ်ထားတဲ့
ဆင်းတုတော်တွေမှာဆိုရင် မဟာယာန မြောက်ပိုင်း ဗုဒ္ဓွဘာသာဝင်တွေ ကိုးကွယ်ကြတဲ့
ဘုရားလောင်း ဗေါဓိသတ္တ ၁၈၈ မျိုးလောက်ထဲက
(၁)ေမတၱ်ယ် (အရိေမေတၱယ်)၊
(၂) အဗလိုကီတေဗွရ (အဝလောကိတေသွာရ)၊
(၃) မန်ဂျူဂြီ့ (မဉ္ဇူသီရိ)
တဆူဆူကို
ကိုယ်စားပြုတဲ့ ဆင်းတုတော်တွေ ဖြစ်ကြတာ များတယ်။
မကိုဋ်၊ နားဆွဲ၊ နားကင်း၊
လက်ကောက်၊ လက်ကြပ်၊ စလွယ်၊ တချို့မှာလည်း ခြေချင်းတွေ ခြေနင်းတွေပါတယ်။
မြန်မာပြည်မှာ
သီရိခေတ္တရာ (ဂြီက္ခေတြ)၊ ဗိဿနိုး၊ ဟန်လင်း စတဲ့ ပျူနိုင်ငံတွေ
ထွန်းကားကတည်းက ထေရဝါဒနဲ့ စင်ပြိုင် မဟာယာနအယူဝါဒကို
ယုံကြည်ကိုးကွယ်မှုရှိနေကြောင်း အထောက်အထားတွေ တွေ့နိုင်ပါတယ်။ ရခိုင်
ဝေသာလီခေတ် နဲ့ ပုဂံခေတ်မှာလည်း မဟာယာန ကို ထေရဝါဒနဲ့
စဉ်ပြိုင်ကိုးကွယ်ပါတယ်။
အမြိုက်အိုး နဲ့ ဈာနမုဒြာ
ဝေသာလီခေတ်၊ ရခိုင်ပြည်နယ်
ဘုရားလောင်း အရိမေတ္တေယျ ပုံတော်ကို
မင်းဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ပဒုမာသန တင်ပျဉ်ခွေထိုင်ပုံ နဲ့ ဈာနမုဒြာ ခေါ်
ဈန်ဝင်စားနေတဲ့ ပုံတော်အဖြစ်တွေ့ရလေ့ရှိတယ်။ မကိုဋ်မှာ စေတီငယ်ပုံပါပါတယ်။
တချို့ဆင်းတုတော်တွေရဲ့ လက်ထဲမှာ အမြိုက်အိုးပါတတ်တယ်။
၁၉၇၅
ခုနှစ် ပုဂံငလျင်အပြီးမှာ သေည်လည်ဂူ ဂူဘုရား၊ အနိရုဒ္ဓမင်းကြီးကောင်းမှု
ရွှေဆံတော်စေတီနဲ့ ထိလိုင်မင်းကြီး ကောင်းမှု ရွှေစည်းခုံစေတီတွေကရတဲ့
ပေါ်တော်မူ ဆင်းတုတော်တွေက အရိမေတ္တေယျ ပုံတော်တွေပါပဲ။
အမြိုက်အိုး နဲ့ ဈာနမုဒြာ၊
ပုဂံခေတ်ဦး၊ ရွှေစည်းခုံစေတီ၊ ညောင်ဦး
ဈာနမုဒြာ၊ ပုဂံခေတ်ဦး၊ သေည်လည်ဂူ ဂူဘုရား၊ ပုဂံ
ဝေသာလီခေတ်
နဲ့ ပုဂံခေတ် လက်ရာတွေမှာ ဟရီတက (ကြစုသီး/ဖန်ခါးသီး) ကိုကိုင်ထားတဲ့
ဝရဒမုဒြာနဲ့လည်း တွေ့နိုင်ပါတယ်။ မုံရွာခရိုင် မြင်းမူမြို့နယ် ပရိမ္မအရပ်က
ရှေးဘုရားတွေပြိုပျက်ရာမှာလည်း အမြိုက်အိုးနဲ့ ဝရဒမုဒြာပါ ပုဂံခေတ်လက်ရာ
အရိမေတ္တေယျပုံတော်တွေကို တွေ့ရပါတယ်။
အမြိုက်အိုး၊ ဟရိတက နဲ့ ဝရဒမုဒြာ၊ ဝေသာလီခေတ်၊ ရခိုင်ပြည်နယ်
အမြိုက်အိုး၊ ဟရိတက နဲ့ ဝရဒမုဒြာ၊ ပုဂံခေတ်
ဘုရားလောင်း
အဝလောကိတေသွာရ ကို ဗောဓိသတ္တ၊ လောကနာထ ဘုရားလောင်း၊ လောကေသရ ဘုရားလောင်း
လို့လည်း ခေါ်ပါတယ်။ အဝလောကိတေသွာရ ဘုရားလောင်းပုံတော်ကို ယောက်ျားပုံစံနဲ့
မိန်းမပုံစံကိုပါ နှစ်မျိုးစလုံး တွေ့နိုင်ပါတယ်။
ဘုရားလောင်း အဝလောကိတေသွာရ၊ တိဗက်
တာရာဒေဝီ ခေါ် မိန်းမ ပုံစံနဲ့ ဘုရားလောင်း အဝလောကိတေသွာရ၊ တိဗက်
အဝလောကိတေသွာရ
ဘုရားလောင်းရဲ့ အဓိက လက္ခဏာ က ကြာပလ္လင်၊ ကြာပန်း နဲ့ ကြာရိုးနွယ်
ဖြစ်ပါတယ်။ တခြားလက္ခဏာတခုကတော့ မကိုဋ်သရဖူမှာ ဗုဒ္ဓရုပ်ပွားတော်တဆူဖြစ်ဖြစ်၊
စေတီပုံဖြစ်ဖြစ် ပါပါတယ်။ ထူးခြားတာက ထိုင်တဲ့ပုံစံပါ။ ကိုယ်ကို ‘တြိဘင်္ဂ’
ခေါ်တဲ့ သုံးဆစ်ချိုးထားပြီး၊ ဘယ်ခြေတဖက်တင် ညာခြေတဖက်ချ၊ လလိတာသန ပုံစံနဲ့
ထိုင်ပါတယ်။ တချို့ဆင်းတုတော်တွေမှာ ခါးစည်းကြိုးကို ညာဘက်ဒူးမှာ
ချိတ်ထားတာမျိုးလည်း ရှိတယ်။ ညာဖက်ခြေဖဝါးကို ကြာပန်းပေါ်မှာ တင်ထားတယ်။
ဘယ်လက်က ကြာရိုးနွယ် ကိုရွရွကိုင်ပြီး၊ ညာလက်က ဆုပေးတဲ့ ‘ဝရဒ’ မုဒြာပါ။
‘တြိဘင်္ဂ’ ကိုယ်ဟန်နဲ့ မတ်တပ်ရပ် ပုံတွေကိုလည်း တွေ့နိုင်ပါတယ်။
သီရိခေတ္တရာ (ဂြီက္ခေတြ) ပျူခေတ်လက်ရာ၊
မကိုဋ်မှာ ဗုဒ္ဓဆင်းတုပုံပါတဲ့ ကြေးသွန်း အဝလောကိတေသွာရ
သီရိခေတ္တရာ (ဂြီက္ခေတြ) ပျူခေတ်လက်ရာ၊
တာရာဒေဝီ၊ မြေပုံအုတ်ခွက်
အနိရုဒ္ဓမင်းကြီး
ကိုယ်တိုင်သွန်းလုပ်ပူဇော်တဲ့ မြေပုံဘုရားတွေမှာ ရှေးမြန်မာအက္ခရာ၊
ပါဠိဘာသာနဲ့ ဆုတောင်း လက်ရေးစာ ပါပါတယ်။ ဗုဒ္ဓ နဲ့ လောကနာထ ပုံတော်
နှစ်မျိုးစလုံးပါတဲ့ မြေပုံဘုရားတွေမှာ၊ လောကနာထပုံတော်ကို ညာခြေချ နဲ့
ဘယ်ခြေချ ပြောင်းပြန်ထုထားပါသေးတယ်။
အနိရုဒ္ဓမင်းကြီး ကိုယ်တိုင် သွန်းလုပ်ပူဇော်တဲ့ လောကနာထ မြေပုံဘုရား၊ ပုဂံ
အနိရုဒ္ဓမင်းကြီး ကိုယ်တိုင် သွန်းလုပ်ပူဇော်တဲ့ လောကနာထ မြေပုံဘုရား နောက်ကျောဘက်က လက်ရေးစာ။“ဧသော လောကနာထော မဟာရာ
ဇသီရိအနိရုဒ္ဓဒေဝေနကတော
ဝိမုတ္ထတ္ထံသဟတ္ထေနေဝါတိ”
“ဤလောကနာထ၏
ဆင်းတုတော်ကို သီရိအနိရုဒ္ဓဒေဝေအမည်ရှိသော မင်းကြီးသည် သံသရာဝဋ်ဆင်းရဲမှ
ထွက်မြောက်ပါရခြင်းအကျိုးငှာ မိမိလက်တော်ဖြင့် သွန်းလုပ်တော်မူသည်။”
အနိရုဒ္ဓမင်းကြီး ကိုယ်တိုင် သွန်းလုပ်ပူဇော်တဲ့ ဗုဒ္ဓနဲ့ လောကနာထ နှစ်မျိုးစလုံးပါ မြေပုံဘုရားများ၊ ပုဂံ
ထိလိုင်မင်းကြီးကောင်းမှု အပယ်ရတနာဘုရား နံရံဆေးရေးပန်းချီတွေမှာလည်း ဗောဓိသတ္တ ဆင်းတုတော်တွေ ကို တွေ့နိုင်ပါတယ်။
နံရံဆေးရေးပန်းချီ၊ ထိလိုင်မင်းကြီးကောင်းမှု အပယ်ရတနာလှိုင်ဂူဘုရား၊ ပုဂံ
ထိလိုင်မင်းကြီးရဲ့
မဟာဒေဝီမိဖုရားကြီး တြိလောကဝဋ္ဋံသကာ ကောင်းမှု မြေပုံဘုရားရဲ့အောက်ခြေမှာ
ရှေးမွန်အက္ခရာ၊ ပါဠိဘာသာနဲ့ ပုံနှိပ်စာတမ်းပါပါတယ်။
“ဧသော ဘဂဝါ လောကာ တြိဝတံသကာမဟာဒေဝီ
ယာ က တော ဝိမုတ္ထတ္ထံ သဟတ္ထေ နေဝါတိ”
ထိလိုင်မင်းကြီးရဲ့ မဟာဒေဝီမိဖုရားကြီး တြိလောကဝဋ္ဋံသကာ ကောင်းမှု၊
ဗုဒ္ဓနဲ့ လောကနာထ နှစ်မျိုးစလုံးပါ မြေပုံဘုရား၊ ပုဂံ
ပုဂံမြို့ဟောင်းမှာ
လက်ရာကောင်းမွန်လှပြီး အပျက်အစီးလုံးဝမရှိတဲ့ ပေါ်တော်မူ ကြေးသွန်း
အဝလောကိတေသွာရ ဆင်းတုတော်တွေကို တွေ့ရပါတယ်။ ကသာနဲ့ထီးချိုင့်နယ်တွေမှာ
ရှေးဟောင်းဘုရားတွေ ပြိုပျက်လို့တွေ့ရတဲ့ ပေါ်တော်မူဌာပနာ ကြေးသွန်း
အဝလောကိတေသွာရ ဆင်းတုတော်တွေဆိုရင်လည်း ပုဂံမှာတွေ့ရတာတွေနဲ့ ဆင်တူနေပါတယ်။
အဝလောကိတေသွာရ၊ ဝရဒမုဒြာ၊ ပုဂံခေတ်၊
ပေါ်တော်မူ၊ ပုဂံ
မုံရွာခရိုင်၊
ယင်းမာပင်ကရတဲ့ ဘုရားလောင်း အဝလောကိတေသွာရ တဆူမှာ လက်နှစ်ဖက်စလုံး ‘ဝရဒ’
မုဒြာနဲ့ ထူးထူးခြားခြား တွေ့ရပါတယ်။ အဝလောကိတေသွာရ လို့ ပြောနိုင်တာက
‘လလိတာသန’ ထိုင်ပုံ၊ ကြာပလ္လင် နဲ့ ပုခုံးနှစ်ဖက်ပေါ်က
ကြာပန်းတွေကြောင့်ပါပဲ။
အဝလောကိတေသွာရ၊ ဝရဒမုဒြာ၊ ယင်းမာပင်၊ မုံရွာခရိုင်
ဘုရားလောင်း အဝလောကိတေသွာရ၊ နံရံဆေးရေးပန်းချီ၊ အပယ်ရတနာလှိုင်ဂူဘုရား၊ ပုဂံ
တာရာဒေဝီ၊ နံရံဆေးရေးပန်းချီ၊ အပယ်ရတနာလှိုင်ဂူဘုရား၊ ပုဂံ
တိဗက်
နဲ့ တရုတ်နိုင်ငံတဝိုက်မှာ အတွေ့ရများတဲ့ မဉ္ဇူသီရိ ဘုရားလောင်းပုံတွေက
ပဒုမာသန တင်ပျဉ်ခွေ ထိုင်ပြီး ညာလက်မှာဓား၊ ဘယ်လက်က စာအုပ်ကိုင်ပါတယ်။

ဘုရားလောင်း မဉ္ဇူသီရိ၊ တိဗက်
မြန်မာပြည်မှာတော့
မဉ္ဇူသီရိဘုရားလောင်းပုံကို ပုဂံက အပယ်ရတနာလှိုင်ဂူဘုရားမှာ နံရံဆေးရေး
ပန်းချီတွေအဖြစ်နဲ့ပဲ တွေ့ရပါသေးတယ်။ ဒူးတဖက်ထောင်၊ ဒူးတဖက်လှဲ ရာဇလိတာသန
နဲ့ထိုင်ပြီး လက်နှစ်ဖက်စလုံးမှာ ပေစာ စာအုပ်၊ လက်တဖက်စီမှာ ဓားနဲ့လှံ၊
ညာလက်မှာ ကြာပန်း၊ ဘယ်လက်မှာဓား စသဖြင့် အမျိုးစုံတွေ့ရပါတယ်။

ဘုရားလောင်း မဉ္ဇူသီရိ၊ နံရံဆေးရေးပန်းချီ၊
အပယ်ရတနာလှိုင်ဂူဘုရား၊ ပုဂံ
မင်းဝတ်တန်ဆာ
အပြည့်အစုံဝတ်မထားပဲ၊ ခေါင်းမှာ မကုဋ်ဆောင်းထားတာနဲ့ သင်္ကန်းရုံ ဖြစ်ဖြစ်၊
ကိုယ်အထက်ပိုင်းမှာ စလွယ်၊ ကိုယ်ကျပ်အဝတ် နဲ့ ချက်ဖုံးပဲ ဖြစ်ဖြစ်
ဝတ်ထားပြီး၊ ဗုဒ္ဓရဲ့ပုံတော်မျိုးကိုပါ ရောနှောပေါင်းစပ် ထုလုပ်ထားရင်
မင်းဝတ်ဘုရား၊ ဗုဒ္ဓဆင်းတုတော်ဖြစ်ပါတယ်။ အများအားဖြင့် ဘယ်လက်ကို
အပ်ါလှန်ထားပြီး၊ ညာလက်နဲ့ မြေကြီးကို ထိထားတဲ့ပုံပါ။ ဘူမိဖဿမုဒြာ
လို့ခေါ်ပါတယ်။ ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံ
ခေတ်အဆက်ဆက်က လက်ရာ မင်းဝတ်ဘုရားတွေကို ရပ်တော်မူပုံတော်တွေအပါအဝင်
မုဒြာမျိုးစုံနဲ့တွေ့နိုင်ပါတယ်။
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ ဘူမိဖဿမုဒြာ၊ ဝေသာလီခေတ်၊ မြောက်ဦး၊ ရခိုင်ပြည်နယ်
မကိုဋ်ဆောင်း သင်္ကန်းရုံ မင်းဝတ်ဘုရား၊ ဘူမိဖဿမုဒြာ၊ ပုဂံခေတ်ဦး၊
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ ဘူမိဖဿမုဒြာ၊ ပုဂံခေတ်
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ ကြာပလ္လင်၊ ဘူမိဖဿမုဒြာ၊ ၁၇-၁၈ ရာစု
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ ပြော့ပလ္လင်၊ ဘူမိဖဿမုဒြာ၊ ၁၇-၁၈ ရာစု
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ ဘူမိဖဿမုဒြာ၊ ကုန်းဘောင်ခေတ်ဦး၊ ပင်းဒယလှိုင်ဂူ
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ အဘယ-ဝရဒ မုဒြာ၊ ကုန်းဘောင်ခေတ်
မကိုဋ်ဆောင်း မင်းဝတ်ဘုရား၊ ဘူမိဖဿမုဒြာ၊ ရတနာပုံခေတ်
မင်းဝတ်ဘုရား၊ ဘူမိဖဿမုဒြာ၊ မဟာမုနိ၊ မန္တလေး၊
မူလသင်္ကန်းရုံ၊ ထပ်ဆင့် မင်းဝတ် ဘုရား၊ ဘူမိဖဿမုဒြာ၊ ရတနာပုံခေတ်၊ ကျောက်တော်ကြီးဘုရား၊ မန္တလေး၊
မြန်မာပြည်အတွင်းမှာတွေ့ရတဲ့
မင်းဝတ်ဆင်းတုတော်တွေက သမိုင်းကြောင်းမှာ အရေးပါပါတယ်။ မင်းဝတ်
ဆင်းတုတော်တွေကို လက်ရှိတွေ့ရတဲ့ ဒေသတွေမှာ ထုလုပ်တာဖြစ်စေ၊ တခြားတနေရာက
ပြောင်းရွှေ့ သယ်ဆောင်လာတာပဲ ဖြစ်စေဦးတော့၊ ယုံကြည်မှု၊ ယဉ်ကျေးမှု၊
အနုပညာသမိုင်း နဲ့ နေရာဒေသတွေရဲ့ ကူးသန်း ဆက်သွယ်ပုံအကြောင်း
သမိုင်းသုတေသနပြု လေ့လာဖို့ရာအတွက် အားထားရမယ့် ကွင်းဆက်ကောင်းတွေ
ဖြစ်ကြပါတယ်။
အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁) အပယ်ရတနာ လှိုင်ဂူဘုရား (သီရိပျံချီ ဦးမြ)၊ စက်တင်ဘာ ၁၉၆၈
(၂) ရှေးဟောင်းအုတ်ခွက်ရုပ်ပွား ဆင်းတုတော်များ၊ ပ၊ ဒု (သီရိပျံချီ ဦးမြ)၊ စက်တင်ဘာ ၁၉၆၁
(၃) မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ၊ အာသနပလ္လင်တော်နှင့် ဝါဟနစီးတော်ယာဉ်များ (စဝ်ထွန်းမှတ်ဝင်း)၊ ၁၉၈ဝ
(၄) မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း (အမျိုးသားပညာဝန် ဦးဖိုးကျား)၊ တ-အကြိမ်၊ သြဂုတ်လ၊ ၁၉၇၇
(၅) ဇမ္ဗုပတိချွတ်ခန်း (ပါဠိဆရာဘေ)၊ မြန်မာ သက္ကရာဇ် ၁၂၈၆
(၆) နယ်လှည့်ရာဇဝင် (ဒေါက်တာသန်းထွန်း)၊ ပထမတွဲ၊ မေလ ၁၉၆၈
(၇) ပင်းဒယရွှေဥမင်စေတီ နှင့် ပင်းဒယဂူသမိုင်း (ဒေါက်တာသန်းထွန်း နှင့် သိန်းသန်းထွန်း)၊ စက်တင်ဘာ ၁၉၈၂
(၈) သမိုင်းဝင် ပုဂံစေတီပုထိုးများ (ဦးသန်းဆွေ)၊ ၁၉၇၅
(၉) ပုဂံငလျင်နှင့်ပုဂံယဉ်ကျေးမှု (မော်ကျွန်းစိုးမြင့်)
(၁ဝ) မြန်မာမှုသုတေသနစာ (ဝင်းမောင်-တမ္ပဝတီ)၊ ဇွန်လ ၂ဝဝ၆
(၁၁) နံရံပန်းချီမှပြောသော ပုဂံခေတ်ပုံရိပ်များ (စန္ဒာခင်)၊ ဧပြီလ၊ ၂ဝဝ၇
(၁၂) Burma Art and Archaeology (Alexandra Green and T. Richard Blurton) 2002