0
အစ္စရေးရုပ်ရှင် သရုပ်ဆောင်ဂဲဂဒေါ့ ပါဝင်နေသည့်အတွက် ၀က်ဝက်ကွဲအောင်မြင်သည့် ဟောလိဝုဒ်ရုပ်ရှင် Wonder Woman ပြသခွင့်ကို လက်ဘနွန်က ပိတ်ပင်ခဲ့ကြောင်း သိရသည်။ Wonder Woman တွင်ခေါင်းဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည့် ဂဲဂဒေါ့သည် အစ္စရေးစစ်တပ်၌ စစ်မှုထမ်းခဲ့ဖူးသူဖြစ်သည်။ ယင်းပိတ်ပင်မှုကြောင့် လူမှုမီဒီယာပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။ အချို့သော လက်ဘနွန်တို့က အာဏာပိုင်တို့အား ပိတ်ပင်မှုနှင့် ပတ်သက်၍ လှောင်ပြောင်ခဲ့ကြပြီး အချို့ကမူ အစ္စရေးကို အထီးကျန်ဖြစ်စေရန် လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယခုလုပ်ရပ်ကို ကြိုဆိုကြသည်။
အာရပ်အဖွဲ့အစည်း၏ အစ္စရေး သပိတ်မှောက်ရေးရုံးမှ အကြံပေးမှုအရ ယခုရုပ်ရှင်ပြသခွင့်ကို ပိတ်ပင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန် အထွေထွေလုံခြုံရေးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ လက်ဘနွန်နှင့် အစ္စရေးတို့သည် သဘောတရားအရ ယခုအချိန်အထိ စစ်ဖြစ်နေဆဲ အနေအထားတွင်သာ ရှိသေးသည်။ အသက် ၃၂ နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင်ဂဲဂဒေါ့၏ လှုပ်ရှားမှုများအားလုံးကို ပိတ်ပင်ပေးရန် အာရပ်အဖွဲ့ရုံးက ယမန်နှစ်က တောင်းဆိုခဲ့ပြီးနောက် လက်ဘနွန်ပြည်တွင်း၌ အစ္စရေးထုတ်ကုန်များကို သပိတ်မှောက်ရေးအား ကြီးကြပ်နေသည့် စီးပွားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုရုပ်ရှင်ကို ပိတ်ပင်ရန် ထောက်ခံခဲ့သည်ဟု သိရသည်။

ငယ်ရွယ်သော အခြားအစ္စရေးတို့ကဲ့သို့ စစ်မှုထမ်းခဲ့ရသည့် ဂဒေါ့သည် ဂါဇာကမ်းမြောင်ကို ထိုးစစ်ဆင်ခဲ့သည့် အစ္စရေးဘက်မှ ကာကွယ်ပေးခဲ့သော ၂၀၁၄ ခုနှစ်က Facebook ပို့စ်တစ်ခုကြောင့် ခေါင်းကြီးသတင်းဖြစ်ခဲ့ဖူးသူဖြစ်သည်။
ယခုပိတ်ပင်မှုကြောင့် လက်ဘနွန်မြို့တော် အနှံ့အပြားမှ Wonder Woman ရုပ်ရှင်ကြော်ငြာများမှာ ညတွင်းချင်းပင် ပျောက်ကွယ်သွားကြသည်။ ယင်းကဲ့သို့ ပိတ်ပင်လိုက်သော်လည်း Wonder Woman ရုပ်ရှင်ကို အွန်လိုင်းတွင် ကြည့်ရှုနိုင်ဆဲဖြစ်ကြောင်း ထောက်ပြကြပြီး အလဟဿအချိန်ဖြုန်းသည်ဟု ဝေဖန်သူများလည်းရှိသည်။
အာရပ်ကမ္ဘာတွင် လက်ဘနွန်သည် သဘောထား အလယ်အလတ်အကျဆုံး နိုင်ငံတစ်နိုင်ငံဟု ရှုမြင်ခံထားရသည်။ သို့သော် ပြည်ထဲရေးဝန်ကြီးဌာန၏ ဆင်ဆာအဖွဲ့က ရံဖန်ရံခါတွင် ယခုကဲ့သို့ ပိတ်ပင်မှုများပြုလုပ်လေ့ရှိသည်။

Post a Comment

 
Top