0
 
 1. ဈေးသက်သာတဲ့ Drone နဲ့ စလေ့ကျင့်ဖို့ အမြဲမလိုအပ်ပါ။
>>>>>>>>
Drone တွေဟာလည်း ဘ၀မှာတွေ့ရလေ့ရှိတဲ့ ပစ္စည်းအများစုလိုပဲဖြစ်ကြပြီး ငွေများများပေးကာ Feature စုံလင်ကာ ပျံသန်းရလွယ်ကူတဲ့ Drone ကိုရမှာဖြစ်ပါတယ်။ ဥပမာ DJI Phatom 3 Standard ဆိုရင် ဒေါ်လာ 500 အောက်သာပေးရပြီး စသုံးချင်သူတွေအတွက် ဈေးသက်သာပေမယ့် Sensors တွေမပါဘဲ GPS Lock မရှိပဲ လေထဲမှာဝဲနေနိုင်တာမျိုး မရနိုင်ပါဘူး။ စသုံးမယ့်သူတွေအတွက် တည်ငြိမ်တဲ့ Drone ဟာ အရေးကြီးပြီး GPS ဟာလည်း အရေးကြီးလာပါတယ်။ အရုပ်လို့သတ်မှတ်နိုင်တဲ့ Drone ပေါပေါလေးတွေမှာ GPS ပါဖို့ မဖြစ်နိုင်တာကြောင့် ဒါတွေနဲ့စပြီး လေ့ကျင့်မိရင် ခက်ခဲနိုင်ပါတယ်။

2. ပျံသန်းချိန်မှာ များများရဖို့ မမျှော်လင့်ပါနဲ့။
>>>>>>>>
Drone တိုင်းမှာ ဘက်ထရီသက်တမ်းဟာ ညံ့ဖျင်းဆဲပါ။ ကင်မရာ Drone တွေရဲ့ ဘက်ထရီသက်တမ်းဟာ မိနစ် 30 ၀န်းကျင်ဖြစ်ပြီး စမ်းသပ်တဲ့ ပတ်ဝန်းကျင်မှာ စမ်းသပ်ထားတဲ့ သက်တမ်းသာ ဖြစ်ပါတယ်။ မြန်မြန်ပျံမယ်၊ အလေးချိန်ပိုများမယ်ဆိုရင် Drone ရဲ့ဘက်ထရီဟာ ပိုပြီး မြန်မြန်ကုန်ပါလိမ့်မယ်။ ဒါ့အပြင် မြေပြင်က ပျံတက်ချိန်နဲ့ ပြန်ဆင်းသက်တဲ့ အချိန်တွေကိုလည်း ထည့်မတွက်ထားပါဘူး။ ဒီတော့ Drone ထုတ်လုပ်သူတွေပြောတဲ့ ပျံသန်းချိန်ထဲက 5 မိနစ်၊ 10 မိနစ်လောက် လျော့ထားပြီးသုံးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Toy Drones တွေဆိုရင် ကောင်းကောင်းပျံနိုင်လှ 5.7 မိနစ်ပါပဲ။

3. လူတွေကို မနှောက်ယှက်မိဖို့ လိုပါတယ်။
>>>>>>>>
လူတွေနားမှာ Drone ကိုပျံသန်းမိရင် ချောင်းကြည့်ဖို့လုပ်နေတယ်လို့ ယူဆခံရနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ကွင်းပြင်တွေထဲမှာ သွားပျံသန်းတာပါပဲ။

4. အန္တရာယ်ရှိတယ်လို့ ယူဆခံရပါတယ်။
>>>>>>>>
ပျံသန်းမှုဘယ်လောက်တော်တော် Drone နဲ့ထိတာက ဘောလုံးနဲ့ထိတာလောက်တောင် မနာပေမယ့် လူအများစုကတော့ Drone ကို အန္တရာယ်ရှိတယ်လို့ ယူဆပြီး ကြောက်လန့်ကြပါတယ်။

5. Drone တစ်ခုထဲ ၀ယ်ရုံနဲ့ မပြီးပါ။
>>>>>>>>
ဒေါ်လာ 1000 သုံးပြီး Drone တစ်ခု ၀ယ်တယ်ပဲထားပါတော့။ ဒါတစ်ခုနဲ့ ငွေကုန်တာ ရပ်မသွားပါဘူး။ အနည်းဆုံးဘက်ထရီအပိုတွေ ထပ်ဝယ်ရပါတယ်။ ပန်ကာအပိုနဲ့ အကာအကွယ်တစ်ချို့ Quick Changer တွေ ၀ယ်ရနိုင်ပါတယ်။ ပြီးတော့ ပျံသန်းရင်းပျက်ကျဖို့ကလည်း ရှိပါသေးတယ်။ ဒီအတွက် ပြင်ဆင်စရိတ်ကလည်း ထည့်တွက်ထားရပါလိမ့်မယ်။ Drone ၀ယ်တော့မယ်ဆိုရင် အပိုပစ္စည်းနဲ့ ဘက်ထရီတွေရဲ့ ဈေးနှုန်းကိုလည်း တစ်ခါတည်း ထည့်သွင်းတွက်ချက်ထားဖို့ လိုပါလိမ့်မယ်။ ကုမ္ပဏီကမဟုတ်ဘဲ Third party ပစ္စည်းတွေကို ၀ယ်ရင်လည်း အရည်အသွေးကို သတိထားဖို့ လိုပါတယ်။

6. ပျံသန်းဖို့နေရာ ရှာရခက်ခဲနိုင်ပါတယ်။
>>>>>>>>
Drone တွေကို နေရာတိုင်းမှာ ဥပဒေနဲ့ညီညီ၊ အန္တရာယ်ကင်းကင်းနဲ့ ပျံသန်းမရတာ သိထားသင့်ပါတယ်။ ဒါကြောင့် Drone ပျံသန်းလို့မရတဲ့ နယ်မြေတွေကို သိထားဖို့လိုပါတယ်။

7. အသုံးအနှုန်းတွေကို သိထားဖို့ လိုပါတယ်။
>>>>>>>>
နည်းပညာတစ်ခုဖြစ်တာကြောင့် Drone တွေမှာ အတိုကောက်အသုံးအနှုန်းတွေရှိနေပြီး ဒါတွေကိုသိထားမှ ၀ယ်ယူသုံးစွဲရာမှာ ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။
* Ready-to-Fly (RTF) *
ဝယ်ယူပြီးတာနဲ့ တပ်ဆင်စရာများများမလိုဘဲ အဆင်သင့်ပျံသန်းနိုင်တဲ့ Drone မျိုးပါ။
* Almost-Ready-fo-Fly (ARTF) *
ဒီ Drone မျိုးဟာ နဲနဲပါးပါးတပ်ဆင်ဖို့ လိုအပ်တဲ့အမျိုးအစားဖြစ်ပြီး ၀ယ်ယူပြီးတာနဲ့ တစ်ခါတည်းစသုံးလို့ မရပါဘူး။
* First-Preson View (FPV) *
Drone ကင်မရာက ဗီဒီယိုကို ပြန်ပြပေးမှာဖြစ်ပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ဖို့အတွက်သာမက Drone ပျံသန်းဖို့အတွက်ပါ သုံးနိုင်ပါတယ်။ Drone Racing အတွက် FPV Goggles တွေကို ၀တ်ဆင်ပြိုင်ပွဲဝင်လေ့ရှိပါတယ်။
* Return-to-Home (RTH) *
ဒါဟာ စတင်ပျံသန်းတဲ့နေရာကို အလိုလိုပျံသန်းရောက်ရှိလာနိုင်တဲ့ အန္တရာယ်ကင်းရှင်းစေတဲ့ စွမ်းဆောင်ရည်တစ်ခုပါ။
* Gimbal and Headless Mode *
ကင်မရာကို တည်ငြိမ်နေဖို့ ထိန်းသိမ်းပေးတဲ့စနစ်ဖြစ်ပြီး ပျံသန်းနေစဉ် ကောင်းမွန်တဲ့ရိုက်ချက်တွေရဖို့ ကူညီပေးနိုင်ပါတယ်။ စတင်ပျံသန်းခါစသူတွေအတွက်ဖြစ်ပြီး Drone ဘယ်ဘက်ကို ဦးလှည့်လှည့် Remote Stick ရွေ့လျားတဲ့အတိုင်း လိုက်ရွေ့လျားမှာဖြစ်ပါတယ်။ Drone ရဲ့ရှေ့ဘက်ကို ဂရုစိုက်စရာ မလိုတော့ပါဘူး။
* Follow me *
အရာဝတ္ထုတစ်ခုရဲ့နောက်က Drone လိုက်ပါနေမှာဖြစ်ပြီး အများအားဖြင့် ဖုန်း (သို့) ရီမုဒ်မှာရှိတဲ့ GPS Signal ကို အသုံးပြုပါတယ်။


* Best Toy Drones *
ကစားစရာ Drone တွေထဲမှာ အကောင်းဆုံးကတော့ Hubsan X4
(သို့မဟုတ်) Syma X5C တို့ပဲဖြစ်ပြီး ဒေါ်လာ 40 ၀န်းကျင်နဲ့ သုံးစွဲနိုင်ပါတယ်။ အပိုပစ္စည်းနဲ့ ဘက်ထရီတွေကိုလည်း အလွယ်တကူရှာဖွေနိုင်ကာ သေးငယ်ပေါ့ပါးပေမယ့် အိမ်အပြင်မှာသုံးရင် ပျောက်သွားရလောက်အောင်လည်း မသေးပါဘူး။ ဘာမှသိပ်မကောင်းပေမယ့် ကင်မရာတောင်ပါဝင်တာမို့ သဘောကျစရာပါ။ အိမ်တွင်းမှာပဲ ပျံသန်းမယ်ဆိုရင်တော့ Parrot Minidrone တွေကို ရွေးချယ်ရမှာဖြစ်ပြီး ဖုန်းနဲ့တင် တည်တည်ငြိမ်ငြိမ် ပျံသန်းနိုင်စေပါတယ်။ ဒေါ်လာ 100 ၀န်းကျင်ရှိကြပြီး ဒီဇိုင်းမျိုးစုံနဲ့ ရနိုင်ပါတယ်။ ပိုကောင်းတာက Sensor နဲ့ လေထဲမှာဝဲပျံနေနိုင်တာဖြစ်ပြီး အိမ်ထဲမှာပျံသန်းရာမှာ အထူးအသုံးတည့်ပါတယ်။ Mini နဲ့ Nano quad drone အချို့မှာလည်း Air Pressure Sensor ပါဝင်လာတဲ့အတွက် ပျံသန်းရလွယ်ကူလာပါတယ်။ Aerix Vidius HD မှာ Altitude assistant ပါဝင်တာမို့ အမြင့်ကို အမြဲဂရုစိုက်နေစရာမလိုတော့ပဲ ပျံသန်းမယ့်ဘက်ကိုပဲ အာရုံစိုက်လာနိုင်ပါတယ်။


 * Best Camera Drones *
Flying Camera တွေထဲမှာ DJI ဟာ ဦးဆောင်နေပြီး Phantom 4 Quadcopter နဲ့ အနည်းငယ်သက်တမ်းရင့်လာပြီဖြစ်တဲ့ Phantom 3 Standard စတာတွေအားလုံးဟာ လေထဲကနေ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးချင်သူများအတွက် အကောင်းဆုံးရွေးချယ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းအလိုက် စွမ်းဆောင်ရည်ကတော့ ကွာခြားသွားမှာ ဖြစ်ပါတယ်။ Feature တွေ ကောင်းမွန်ပြီး ခပ်သေးသေးပုံစံကိုပဲ ကြိုက်တယ်ဆိုရင်တော့ DJI Mavic Pro ကို ရွေးချယ်မှာဖြစ်ပြီး Phantom Models တွေထဲမှာ စွမ်းဆောင်ရည်မြင့်မားကာ အတားအဆီးတွေက ရှောင်လွှဲသွားနိုင်ပါတယ်။ Drone မှာ အသေတပ်ဆင်ထားတဲ့ ကင်မရာအတွက် ဈေးကြီးကြီးပေးရတာကို မနှစ်သက်ဘူးဆိုရင်တော့ Go Pro ရဲ့ Kurma Drone ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Hero 5 Black Camera ကိုသုံးထားပြီး Drone နဲ့ တွဲဖက်မသုံးချင်တဲ့အချိန်တွေမှာလည်း ကင်မရာကို ကုန်းပေါ်မှာသာမက ရေထဲထိယူသွားပြီး ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ပိုပြီးသဘောကျဖို့ကောင်းတာက Motoried Gimbal ကိုဖြုတ်ယူနိုင်တာဖြစ်ပြီး လက်ကိုင်အဖြစ်ပြောင်းနိုင်တာမို့ မြေပြင်မှာပါရိုက်ကူးရေးအတွက် အဆင်ပြေစေပါလိမ့်မယ်။


 * Best Selfie Drones *
Toy Drone တွေလိုသေးငယ်ပေမယ့် အဆင့်မြင့်ကင်မရာ Drone တွေလိုပဲ စွမ်းဆောင်နိုင်တာကတော့ Selfie Drone တွေပဲ ဖြစ်ပါတယ်။ Selfie Drone တွေဟာ သေးငယ်တာမို့ လူတွေအတွက်လည်း သိပ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဖုန်းနဲ့ထိန်းချုပ်မောင်းနှင်ရတာဖြစ်လို့ ရိုးရှင်းပြီး Automatic Shooting ပါဝင်တာကြောင့် Lap နှိပ်ပေးရုံနဲ့တင် ရိုက်ကူးနိုင်ပါတယ်။ Selfie Drone တွေထဲမှာ Yuneec Breeze 4K နဲ့ Hover Camera Passport တို့ကို သုံးစွဲသင့်ပါတယ်။ Breeze မှာ အထူးရိုက်ကူးမှုပုံစံပါဝင်ပြီး သင့်ကို တကယ့် Drone မောင်းနှင်မှု ကျွမ်းကျင်သူပမာ ရိုက်ကူးနိုင်စွမ်းရှိစေမှာ ဖြစ်ပါတယ်။ Mobile App ကနေ 360 ဒီဂရီ လှည့်ပတ်ပျံသန်းကာ ပုံစံမျိုးစုံကို ခိုင်းနိုင်ပါတယ်။ ဖုန်းနဲ့မထိန်းချုပ်ချင်ရင်လည်း Yuneec မှာ ဂိမ်းခလုတ်ပုံစံ Controller လေးပါဝင်ပြီး First Person View Headset ကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ Passport ကတော့ ထူးခြားစွာခေါက်ထားနိုင်တဲ့ ဒီဇိုင်းရှိပြီး သယ်ယူရ အလွန်လွယ်ကူစေရုံမက အန္တရာယ်အထူးကင်းစေပါတယ်။ ပန်ကာတွေကို ဘောင်ထဲမှာထည့်ထားဖို့ ဒီလိုအန္တရာယ်ကင်းတဲ့ပုံစံကို ရလာခဲ့ပါတယ်။ Phone Screen ကို နှစ်ချက်နှိပ်ရုံနဲ့ ပျံသန်းနိုင်ပြီး Drone ဟာ သင့်မျက်နှာနောက်ကို လိုက်နေမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ Drone ဟာ စာအုပ်တစ်အုပ်အရွယ်ဖြစ်အောင် ပြန်ချိုးခေါက်ထားလို့ ရနိုင်ပါတယ်။

* Best Racing Drones *
သင်ဟာ အင်ဂျင်နီယာတစ်ယောက်မဟုတ်ဘူးဆိုရင် အကောင်းဆုံးက Ready-to-Fly (RTF) Drone တွေကို ၀ယ်သုံးတာက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ Drone ပြိုင်ပွဲတွေအတွက် Drone တွေကို အများစုက ကိုယ်တိုင်တည်ဆောက်ယူကြတာမို့ ခုမှ စပြိုင်ပွဲဝင်မယ့် ၀ါသနာရှင်တွေအတွက် RTF Drone နဲ့ ပြိုင်ပွဲဝင်ဖို့ဟာ ခက်ခဲပါလိမ့်မယ်။ RTF Racing Drone တွေ မရှိတာတော့မဟုတ်ပေမယ့် ကျန်အမျိုးအစား Drone တွေလောက်တော့ မပေါတာသေချာပါတယ်။ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ ပြိုင်ပွဲဝင်တွေဝင်ချင်တယ်ဆိုရင် Nano FPV Quad အမျိုးအစားဖြစ်တဲ့ Blade Inductrix FPV လို Drone မျိုးကို စသုံးကြည့်သင့်ပါတယ်။ FPV (First- Person-View) အတွက် ပြိုင်ပွဲဝင်မယ်ဆိုရင် Headset ပါ လိုအပ်မှာဖြစ်ပါတယ်။ အခုမှ စပြိုင်ပွဲဝင်မယ့်သူတွေအတွက် အသင့်လျော်ဆုံးက FatShark FSV 110X Transformer HD System ဖြစ်ပြီး ဖြုတ်ထားနိုင်တဲ့ display ပါဝင်ကာ Headset အတွက် မော်နီတာလည်း ဖြစ်ပါတယ်။ ပိုမိုကြီးမားတဲ့ပြိုင်ပွဲတွေက စတင်ချင်ရင်တော့ Team Blacksheep နဲ့ Get FPV.com လို Site တွေမှာ ကိုယ်လိုချင်သမျှအစိတ်အပိုင်းတွေကို ၀ယ်ယူနိုင်ပါလိမ့်မယ်။ Get FPV.com ဆိုရင် မှာယူတဲ့ Drone ကိုလည်း စိတ်ကြိုက်ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ Racing RTF Drone တွေကို Banggood, Helidirect နဲ့ Horizon Hobby လို Site တွေမှာလည်း တွေ့ရတတ်ပါတယ်။
NetGuide Journal (Every Wednesday)

Post a Comment

 
Top