0

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း ဂျာမနီမှာ လေသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဂျာမန်အာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းဘုရင်ကို ဆယ်ကျော်သက် ယောက်ျားလေးနှစ်ဦးက လေသေနတ်ဖြင့် ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း သိရပါတယ်။

ဂျာမနီနိုင်ငံမှာ အနေများခဲ့တဲ့ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းဟာ ညဥ့်နက်ပိုင်းမှာ ၎င်းရဲ့အပေါင်းအသင်းတွေနဲ့အတူ မြူးနစ်လေဆိပ်အနီး စက်ဘီးစီးနေစဉ် လေသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် ယောက်ျားလေးတွေက Erding မြို့ရှိ နေအိမ်တစ်အိမ်ရဲ့ ပြတင်းပေါက်ကနေ ဇွန်လ ၁၀ ရက် ညပိုင်းက လေသေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းဘုရင်ဟာ လေသေနတ်ထိမှန်ခံခဲ့ရခြင်းရှိ မရှိ ရှင်းလင်းစွာမသိရဘဲ အဆိုပါ ဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရပါတယ်။

"အခုချိန်ထိ သိရသမျှတော့ ဘုရင်မင်းမြတ်ကို လေသေနတ် မထိမှန်ခဲ့ပါဘူး" လို့ ဒေသခံ စုံစမ်းရေးမှူးရုံး ပြောခွင့်ရပုဂ္ဂိုလ် သောမတ်စ်ရူချာက BBC Thai သတင်းဌာနကို ပြောပါတယ်။ "ကျွန်တော်တို့ သိထားရတာကတော့ ဘုရင်မင်းမြတ်ဟာ စက်ဘီးစီးအုပ်စုထဲမှာပါခဲ့ပြီး အဲဒီ အုပ်စုကို ဆယ်ကျော်သက်နှစ်ယောက်က လေသေနတ်ဖြင့် ပစ်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

လေသေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ ဆယ်ကျော်သက်တွေက ၎င်းတို့ ပစ်ခတ်ခဲ့သူတွေဟာ ထိုင်းဘုရင်နဲ့ အပေါင်းအဖော်တွေဖြစ်ကြောင်း သိထားခဲ့ခြင်းရှိ မရှိ မသိနိုင်သေဘူးလို့ ဆိုပါတယ်။ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးကို ထိခိုက်နာကျင်စေရန် လုပ်ဆောင်မှုဖြင့် စစ်ဆေးမေးမြန်းနေပါတယ်။ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးကတော့ ဂျာမနီဥပဒေအရ စွဲချက်တင်ရန် အသက်မပြည့်သေးကြောင်း သိရပါတယ်။

အသက် ၆၄ နှစ်အရွယ် ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းဟာ Erding မြို့မှ ၃၈ မိုင်ခန့်အကွာမှာ နေအိမ်နှစ်လုံး ပိုင်ဆိုင်ထားပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းဘုရင်က တရားဥပဒေအရ အရေးယူဆောင်ရွက်လိုခြင်း မရှိပေမဲ့ ဂျာမနီမှာ တရားစွဲဆိုမှုဟာ ထိခိုက်ခံရသူရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

မဟာဗာဂျီရာလောင်ကွန်းဟာ ယမန်နှစ်နှောင်ပိုင်းက ဖခင်ဖြစ်သူ ဘုရင်ဘူမီဘော ကံတော်ကုန်ခဲ့ပြီးနောက် ထိုင်းဘုရင်အဖြစ် ထီးနန်းဆက်ခံခဲ့ကြောင်း သိရပါတယ်။

Credit:duwun

Post a Comment

 
Top