0


Russia Ambassador
 မြန်မာ့တပ်မတော်က စေလွှတ်တဲ့ ပညာတော်သင်  စုစုပေါင်း ၆ဝဝဝ လောက် ရုရှားနိုင်ငံ စစ်တက္ကသိုလ်တွေကနေ ဘွဲ့ရပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံ အမတ်ကြီး  နီကိုလေး အေ လစ်တိုပါးဒေါ့ဖ်က ပြောပါတယ်။

နိုင်ငံပိုင်သတင်းစာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး ဘွဲ့ရရှိသူတွေထဲမှာ ဘွဲ့လွန်နဲ့ ဒေါက်တာဘွဲ့ရသူတွေလည်း ပါဝင်တဲ့အကြောင်းနဲ့ လက်ရှိ ရုရှားနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာ ကျောင်းသား ကျောင်းသူ ၆ဝဝ ကျော်ရှိနေတယ်လို့ လည်းပြောပါတယ်။

ရုရှားနိုင်ငံအနေနဲ့ လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေ၊ တခြား ကာကွယ်ရေးအတွက် အသုံးပြုနိုင်ဖို့ လက်နက်တွေကိုလည်း မြန်မာနိုင်ငံကို ရောင်းချပေးနေတယ်၊ နှစ်နိုင်ငံ တပ်မတော်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့ ဆန္ဒရှိတယ်လို့ လည်းပြောပါတယ်။

ဒ့ါအပြင် ငြိမ်းချမ်းရေးဟာ အင်မတန်အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်၊ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိ၊ လုံခြုံရေးလည်း မရှိတာကြောင့် ငြိမ်းချမ်းရေးက အဓိက ဖြစ်တယ်၊ မြန်မာပြည်  ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရုရှားနိုင်ငံက  အပြည့်အဝ ထောက်ခံတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံကနေ တင့်ကားတွေ၊ ဟောင်ဝစ်ဇာအမြောက်နဲ့ AK-47 သေနတ်တွေအပြင် စစ်သင်္ဘောနဲ့  MiG တိုက်လေယာဉ်တွေလည်း ဝယ်ယူခဲ့ပြီး မြန်မာ လေတပ်က တိုက်လေယာဉ်မှူးတွေကိုလည်း သင်တန်းတွေပေးခဲ့တာ ရှိပါတယ်။ 

 ရုရှားနဲ့ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး လွတ်လပ်ရေးရပြီးကတည်းက ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက  စတင်ထူထောင်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ နှစ်ပေါင်း ၇၀ ပြည့်တော့မှာဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ဟာ  အာဆီယံ-ရုရှားထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ပြီးခဲ့တဲ့နှစ် မေလမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ – MOI Webportal Myanmar

Post a Comment

 
Top