0

ခေတ်ကာလကြီးက မလုံခြုံတော့ဘူး.. အထူးသဖြင့် အမျိုးသမီးတွေအတွက်…။

ကြားနေမြင်နေရတဲ့ ကြီးကြီးကျယ်ကျယ် အနိုင်ကျင့်မှုတွေကမှ စော်ကားရာရောက်တယ်လို့ ထင်နေကြသလားမသိ.. တချို့တချို့တွေက ယောက်ျားရင့်မာကြီးတွေဖြစ်လျက်နဲ့ နားနဲ့တောင် မထောင်ဝံ့တဲ့ အောက်တန်းကျစကားတွေကို ပေါပေါပဲပဲပြောပြီး မျက်နှာပြောင်တိုက်တိုက်နဲ့ပဲ အမျိုးကောင်းသား၊ နိုင်ငံကြီးသားပီသတယ်လို့ ကိုယ့်ကိုယ်ကို မျက်စိမှိတ်ခံယူထားကြတယ်..။

ကာယကံနဲ့ပစ်မှားမှ မိန်းကလေးတစ်ယောက်ရဲ့ ကာအိနြေ္ဒပျက်စေတာလို့ ခံယူထားကြသလားမသိ.. နှမသားချင်း မစာမနာပြောဆိုကြလိုက်တာများ.. ဝစီကံထိုက်ပြီး ဝဋ်လည်တတ်တယ်ဆိုတာ မတွေးကြမိဘူးထင်ပါရဲ့လေ..

နောက်ပြီး ပိုက်ဆံ ၁၅၀၀ လောက်ပေးရင်ရတဲ့ အင်တာနက်ဖွင့်ပြီးသား ဖုန်းကတ်တစ်ကတ်ကို ဟန်းဆက်ထဲထည့်ပြီး ရုပ်မမြင် အသံမကြားရတဲ့ အွန်လိုင်းပေါ်ကနေ သူများသမီးပျိုကို ရစရာမရှိအောင် အောက်ပိုင်းကမတက်တဲ့ စကားတွေနဲ့ ထိပါးပြောဆိုနေကြတာ ဂုဏ်ယူစရာကိစ္စမဟုတ်ဘူးရှင့်..

တစ်နေ့နဲ့တစ်နေ့ နားနဲ့မဆံ့အောင်ကြားနေရတဲ့ ဗလက္ကာရမှုတွေ၊ မျက်စိရှေ့မှာတင် မြင်နေရတဲ့ နိုင်ထက်စီးနင်းပြုမှုတွေ..။

အလိုလိုနေရင်းမှ ယောက်ျားလေးအဖြစ်မွေးလာတာနဲ့ ဘုန်းကြီးပါတယ် မြင့်မြတ်ပါတယ်ဆိုပြီး စိတ်အခံရှိကြတာ.. ဟုတ်ပါတယ်.. ဆေးပညာအရကြည့်ရင်တော့ မိန်းကလေးမွေးနိုင်ချေကပိုများလို့.. ဘာသာရေးအရကြည့်ရင်တော့ ရှေ့ဘဝကုသိုလ်ကံကြောင့်.. ယောက်ျားလေးဖြစ်လာတာ ကံမြင့်လို့..။

ဒါပေမဲ့ စိတ်ကြီးအရမ်းဝင်ပြီး ဘယ်နေရာမဆို “ငါက ယောက်ျားလေးမို့ ပါးစပ်သရမ်းလည်း ရတယ်”၊ ” ငါက ယောက်ျားလေးမို့ ဆဲရေးတိုင်းထွာလည်းဖြစ်တယ်”၊ “ငါက ယောက်ျားလေးမို့” ဆိုပြီး စိတ်ကမြှောက်ပေးတိုင်း ကိုယ်ကပါနေရင်တော့ အဲ့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပါလိမ့်မယ်..။

မိသားစုအတွက် သမာအာဇီဝကျတဲ့နည်းနဲ့ အလုပ်လုပ်နေရတဲ့ မိန်းကလေးတစ်ယောက် ရုံးဆင်းလို့အိမ်ပြန်ရင် အနည်းနဲ့အများတော့ ဝစီကံနဲ့ စော်ကားတာကြုံဖူးကြတာပဲ..။ ဟိုတစ်လောကလည်း သတင်းတစ်ခု တွေ့လိုက်ပါသေးတယ်.. ဘတ်စ်ကားပေါ်မှာ လူတိုးတာကိုအခွင့်ကောင်းယူပြီး မဖွယ်မရာလုပ်တယ်ဆိုတဲ့ သတင်း..။ ဒါတောင် နေ့လယ်ဘက်ကြီးနော်..

အများစုက ဒီလိုမျိုးကြုံရရင် ရှက်ပြီး မြိုသိပ်ထားတတ်ပါတယ်.. ဒါတောင် စိတ်ဓာတ်မာတဲ့တချို့ အမျိုးသမီးတွေက ပြန်ပြောလို့ ကြားရ မြင်ရတဲ့ သတင်းတွေပါ..။

မလုံခြုံပါဘူး.. နေ့ခင်းကြောင်တောင်ကြီးလည်း ကြောက်နေရသလို ညနေမှောင်ရင် ပိုတောင် စိုးရိမ်နေရတဲ့အခြေအနေပါ…။ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကံသုံးပါးနဲ့ ကျူးလွန်ချင်တိုင်းကျူးလွန်နေပြီး ကိုယ့်ကိုယ်ကို သိပ်မြင့်မြတ်တဲ့သူလို့တော့ အထင်မှားမနေကြပါနဲ့နော်..

“ဗုဒ္ဓဘာသာမြန်မာနိုင်ငံ” “နိုင်ငံကြီးသား” “မိကောင်းဖခင်သားသမီး” လို့ ကိုယ့်ကိုယ်ကို အတင်းကို ခံယူထားပြီး အားနွဲ့တဲ့ အမျိုးသမီးတွေအပေါ်စော်ကားနေရင် ကိုယ့်ကိုမွေးခဲ့တဲ့ အမေကိုတော့ ပြန်သတိရပေးပါ..။ အနည်းဆုံးတော့ စာနာစိတ်လေး ထားတတ်အောင်ပေါ့လေ…

Stay strong, ladies!

Post a Comment

 
Top