0


 ဇွန်လ ၆ရက်နေ့ မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ နော်တာဒိမ်းဘုရားကျောင်းကြီးရဲ့ ရှေ့မှာ လူတစ်ယောက်က ရဲတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြမ်းဖက်မှု တစ်ခု ထပ်ဖြစ်ပြန်ပါပြီ။
ဖြစ်ပုံကတော့ အယ်လ်ဂျီးရီးယန်း လူမျိုးကျောင်းသားတစ်ယောက်ဟာ နော်တာဒိမ်းဘုရားကျောင်းကြီးရဲ့ အပြင်ဘက်နားမှာ “This is for Syria (ဆီးရီးယားအတွက်)” လို့ အော်ဟစ်ကြွေးကြော်ခဲ့ပြီး ရဲအရာရှိ ၃ ယောက်ကို တူတစ်လက်နဲ့ တစ်ကိုယ်တော်ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒီလိုဖြစ်နေတဲ့ အချိန်မှာ နော်တာဒိမ်းဘုရားကျောင်းကြီးထဲမှာတော့ လူ ၉၀၀ လောက် ရောက်ရှိပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
ဒီလို ရဲအရာရှိတွေကို ဝင်ရောက်တိုက်ခိုက်ခံရအပြီးမှာ ပြင်သစ်ရဲတပ်ဖွဲ့ဟာ ချက်ချင်းပဲ ဘုရားကျောင်းအပြင်ဘက်မှာ လက်နက်အပြည့်အစုံနဲ့ ဖြန့်ကျက် လုံခြုံရေးယူခဲ့ကြပါတယ်။ ဘုရားကျောင်းကြီးထဲမှာ ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအပါအဝင် လူ ၉၀၀ ကိုလည်း သူတို့မှာ လက်နက်ပါမပါ စစ်ဆေးဖို့အတွက် လက်နှစ်ဘက်စလုံးကို လေထဲ မြှောက်ခိုင်းပြီး စစ်ဆေးခဲ့ကြပါတယ်။


တိုက်ခိုက်မှုပြုလုပ်တယ်လို့ သံသယရှိတဲ့ ကျောင်းသားဟာ တူတစ်လက်အပြင် နောက်ထပ် ဓားနှစ်လက်ကိုပါ သယ်ဆောင်ယူလာခဲ့တယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ ရင်းမြစ်တစ်ခုကို ကိုးကားပြီး AFP သတင်းဌာနက ပြောကြားခဲ့တာကတော့ အကြမ်းဖက်သမားဟာ ISIS အဖွဲ့တစ်ယောက်ဖြစ်တယ်လို့ ပြောပေမယ့် ဒီသတင်းမှန်မမှန်ကိုတော့ ခုထိ အတည်မပြုနိုင်သေးပါဘူး။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerard Collomb က ဖြစ်စဉ်အသေးစိတ်ကို မီဒီယာတွေကို ပြောကြားခဲ့ရာမှာတော့ “လူတစ်ယောက်က ရဲတွေနောက်ကနေ ပေါ်လာပြီး တူတစ်လက်နဲ့ ရဲတစ်ယောက်ကို စတင်ထုရိုက်ခဲ့ရာမှာ ဘေးက အဖော်ပါတဲ့ ရဲတွေက အဲဒီလူကို ပစ်ချခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ သူဟာ အသက် ၄၀လောက်ရှိပုံရပြီး အယ်လ်ဂျီးရီးယန်းကျောင်းသားကဒ်ကို ကိုင်ဆောင်ထားပါတယ်။
ရဲတွေရဲ့ ပစ်ခတ်မှုဟာ အကြမ်းဖက်သမားရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ပုံရပြီး အခုတော့ ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။ တိုက်ခိုက်ခံရတဲ့ ရဲကတော့ အသေးစား ထိခိုက်မှုလောက်ပဲ ရရှိခဲ့ပါတယ်။ ဓာတ်ပုံတွေအရတော့ တိုက်ခိုက်သူလို့ သံသယရှိသူဟာ ဘုရားကျောင်းရဲ့ အပြင်ဘက်မှာ လဲကျနေပြီး ရဲတွေ ဝိုင်းထားတာကို တွေ့ရပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ဒီဖြစ်ရပ်နောက်ကွယ်က အကြောင်းရင်းကို အမှုဖွင့် စုံစမ်းနေကြပြီ ဖြစ်ပါတယ်။ နော်တာဒိမ်းဘုရားကျောင်းကြီးဟာ နှစ်စဉ်လာရောက်လည်ပတ်သူ ၁၃.၆ သန်းရှိပြီး ပြင်သစ်နိုင်ငံရဲ့ အထင်ကရလည်ပတ်စရာနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

၂၀၁၅ခုနှစ်က ဖြစ်ခဲ့တဲ့ လူပေါင်း ၂၃၀ လောက်သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီးမှာ ပြင်သစ်နိုင်ငံဟာ အရေးပေါ်အခြေအနေကြေငြာထားတဲ့ အခြေအနေမှာပဲ ရှိသေးပြီး လုံခြုံရေးကို အမြင့်ဆုံးတပ်လှန့်ထားတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဒီလိုဆိုတော့ ကမ္ဘာကြီးဟာ တစ်နေ့တခြား နေရတာ မလုံခြုံတော့ဘဲ အကြမ်းဖက်မှုတွေဟာ နေရာအနှံ့ဖြစ်ပွားနေတဲ့ အတွက် ကမ္ဘာကြီးကို အကြမ်းဖက်ဝါဒက အမှန်အကန်ခြိမ်းခြောက်နေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီခင်ဗျာ။

Post a Comment

 
Top