0

ကမ္ဘာ့ခေါင်မိုးဒေသဖြစ်တဲ့ တိဗက်မှာ ဒေသခံ တိဘက်လူမျိုးတွေအောက်စီဂျင် နည်းပါးစွာနဲ့ ဘယ်လို
အသက်ရှင်နေထိုင်ကြလဲဆိုတာ အနောက်နိုင်ငံက လူတွေအတွက် ပဟေဠိတစ်ခု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာခေါင်မိုးခေါင်မိုးလို့ခေါ်တဲ့တိဗက်ကုန်းပြင်မြင့်ဟာ ပေ ၁၄၀၀၀ ကျော်(၄၂၀၀ မီတာ) အထက်မှာရှိပြီး ကမ္ဘာ့ခေါင်မိုး ဒေသ ဖြစ်တဲ့ တိဗက်ဒေသဟာ လူတွေအတွက် အသက်ရှင်နေထိုင်ဖို့ရန် ခက်ခဲတဲ့ပါတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။

တိဗက်ဒေသမှာ လေထုဟာ အလွန်ပါးလွှာပါတယ်။တောင်တက်သမားတွေ၊တောင်တက်တဲ့ အကြောင်းရေးထားတဲ့ စာအုပ်တွေ ရုပ်ရှင်တွေ ကြည့်ဖူးသူများကတော့ အမြင့်ကို ရောက်လေ အသက်ရူရတာခက်ခဲလေပဲဆိုတာသိကြမှာပါ။ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃၀၀၀၀ မှာဆိုရင် ပမာဏတူတဲ့ လေထုထဲမှ အောက်စီဂျင်ပါဝင်မှု ဟာ မြေပြန့်ဒေသမှ အောက်စီဂျင်ပါဝင်မှု နှုန်းထက် ၃ ဆ မျှလျှော့နည်းပါတယ်။

လေထုဖိအားဟာ အမြင့်ရောက်လေလေ နည်းလာလေပဲ ဖြစ်ပါတယ်။ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ဓာတ်ငွေ့ နိယာမ တစ်ခု ဖြစ်တဲ့ Boyle–Mariotte law နိယာမအရ ဖိအားနည်းလေ ဓာတ်ငွေ့များရဲ့ ထုထည်ဟာ
များလေဖြစ်ပါတယ်။အမှန်တော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ ရောက်ရောက် လေထုထဲမှာ အောက်စီဂျင်ပါဝင်နှုန်းက အမြဲတမ်း ၂၁ % နူန်းပဲ ဖြစ်ပါတယ်။ဒါပေမဲ့ အမြင့်ကိုရောက်လေ လေထုဖိအား နည်းလေ ဖြစ်လာပြီး လေထုရဲ့ ထုထည်က များလာပါတယ်။လေထုက ပွလာတဲ့ အတွက် ဓာတ်ငွေ့ မော်လီကျူး
များဟာ သိပ်သိပ်သည်းသည်း မရှိတော့တဲ့အတွက် ကျွန်တော် တို့ အဆုတ်ဟာ လုံလောက်တဲ့ အောက်စီဂျင်ကို
မရူနိုင်တော့ပါဘူး။ထိုအခါမှာ တောင်တက်သမားတွေဟာ အသက်ရူကျပ်ခြင်း ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။


ဒီလို လေထုပါးလွှာတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ တောင်ပေါ်သားတွေမှာ မြေပြန့်သားတွေနဲ့ မတူတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိပါတယ်။ဥပမာ တောင်အမေရိကတိုက် အနောက်ဘက်ခြမ်းမှာရှိတဲ့ အင်ဒီးစ် တောင်တန်းကြီးမှ တောင်ပေါ်သားများမှာဆိုရင် စည်ပိုင်းပုံစံ ရင်ဘတ်တွေရှိကြပါတယ်။ဒီလို စည်ပိုင်းပုံရင်ဘတ်ရှိတဲ့အတွက် အင်ဒီးစ်တောင်ပေါ်သားများဟာ အသက်ရူရင် လေကို ပိုပြီး ရူနိုင်ကြပါတယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းယိုး တက္ကသိုလ်မှ မနုဿဗေဒပညာရှင် စင်သီယာ ဘဲလ်ကတော့ ” အင်ဒီးစ်တောင်ပေါ်သားတွေနဲ့ တိဗက်သား တွေကို နှိုင်းယှဉ်ကြည့်ရာမှာ ပထမဆုံးမတူညီတာကတော့ တိဗက်သားတွေမှာ စည်ပိုင်းပုံစံ ရင်ဘတ် မရှိ ပါဘူး။ဒါပေမဲ့ သူတို့ဟာ အသက်ကိုတော့ မြန်မြန်ရှုကြတာကိုတွေ့ရပါတယ်။ဒုတိယအချက်ကတော့ တိဗက်ဒေသခံများတွင် သွေးနီဥတွင်အောက်ဆီဂျင်ကိုသယ်ယူပို့ဆောင်ပေးသော ( haemoglobin ) ပမာဏ
နည်းပါးနေတာ ကိုတွေ့ရှိရပါတယ်။ဒုတိယ အချက်ကို စသိရတော့ ကျွန်မ စိတ်တော်တော်ရှုပ်ခဲ့
တယ်။ငါတို့စစ်ဆေးတာများမှားခဲ့လား၊ဒါမှမဟုတ် ဒေသခံ မဟုတ်တဲ့ လူတစ်ယောက်ကို တိုင်းတာမိခဲ့
တာလား ပေါ့။ဒါပေမဲ့ ကျွန်မတို့ တိဗက်နဲ့ နီပေါကို နောက်တစ်ကြိမ်ပြန်လာပြီး ထပ်စစ်ဆေးတော့မှ တိ
ဗက်သားတွေရဲ့ သွေးထဲမှာ အောက်စီဂျင်နည်းပါးနေတာကိုတွေ့ရှိခဲ့ရတယ် ” လို့ပြောခဲ့ပါတယ်။

တိဗက်ဒေသခံများဟာ ဘာကြောင့် တခြား လူတွေကဲ့သို့ အောက်စီဂျင် များများမလိုအပ်ဘဲ အသက်ရှင်နေထိုင်နိုင်ကြရတာစတဲ့ မေးခွန်းတွေ ပေါ်လာတဲ့ အတွက် ၂၀၁၀ ပြည့်နှစ်မှာ စင်သီယာ ဘဲလ် ဟာ တိဗက်ဒေသကို ပြန်လည်လာရောက်ခဲ့ပြီး အခြားသော မျိုးရိုး ဗီဇပညာရှင်များနဲ့ အတူ တိဗက်ဒေသခံ အယောက်၃၀
ရဲ့ မျိုးရိုးဗီဇများကို လေ့လာခဲ့ရာမှာ အိမ်နီးချင်း တရုတ် ဟန်လူမျိုးများရဲ့ မျိုးရိုး ဗီဇများနဲ့ မတူညီတာကို တွေ့ရှိခဲ့ရပါတယ်။ဟန်လူမျိုးနဲ့ တိဗက်လူမျိုးဟာ အင်မတန် နီးစပ်နေတဲ့ လူမျိုးနှစ်မျိုးဖြစ်ပေမဲ့ မျိုးရိုး ဗီဇ
များကတော့ ကွဲပြားခြားနားနေတာ ကိုတွေ့ရှိခဲ့ပါတယ်။

စင်သီယာ ဘဲလ်ကတော့ ” လူသားတိုင်းရဲ့ မျိုးရိုးဗီဇထဲက DNA များကတော့ ယေဘုယျအားဖြင့် ခြား
နားမှု သိပ်မရှိပါဘူး။ကွဲပြားခြားနားတဲ့ လူမျိုးတွေမှာဆိုရင် ဆံပင်အရောင်၊မျက်လုံးအရောင်၊အရေပြား အရောင်တို့ ကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇတွေ လောက်သာ မတူညီတာ ဖြစ်ပါတယ်။ဒီလို ခန္ဓာကိုယ် အတွင်းပိုင်း
လုပ်ငန်းစဉ်တွေကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇ တွေကတော့ အားလုံးနီးပါး တူညီကြပါတယ်။အခု တိဗက်ဒေသခံတွေမှာ တွေ့ရတဲ့ EPAS1 မျိုးရိုးဗီဇကတော့ လုံးဝထူးခြားတဲ့ ပထမဆုံး တွေ့ရှိမှု တစ်ခုပါပဲ ” လို့ဆိုခဲ့ပါတယ်။မျိုးရိုးဗီဇပညာရှင်တွေဟာ နောက်ထပ်မျိးရိုး ဗီဇလေ့လာမှု ပေါင်း ၁၀၀၀ ကျော် ပြုလုပ်ပြီး ထပ်မံရှာဖွေခဲ့ပေမဲ့ တိဗက်လူမျိုးတွေမှာတွေ့ရတဲ့ EPAS1 မျိုးရိုးဗီဇမျိုးရှိတဲ့ လူမျိုးကိုတော့ ရှာမတွေ့ခဲ့ပါဘူး။

တိဗက်ဒေသခံ ၇၈ % နူန်းမှာ EPAS1 မျိုးရိုးဗီဇ ပါဝင်နေတာကိုတွေ့ရှိရပြီး တိဗက်လူမျိုးတွေရဲ့ သွေးနီဥတွင်အောက်ဆီဂျင်ကိုသယ်ယူပို့ဆောင်ပေးသော ( haemoglobin ) ပမာဏ နည်းပါးစွာနဲ့ အသက်ရှင်နေထိုင်ရတဲ့ အကြောင်းရင်းဟာ EPAS1 မျိုးရိုးဗီဇ ကြောင့် ဖြစ်တယ် ဆိုတာကို ယေဘုယျလက်ခံထားကြပါတယ်။


Ref : BBC

Post a Comment

 
Top