0
နာဇီ ဂျာမဏီတွေရဲ့ ချွေးတပ်စခန်းနဲ့ လူသတ်စခန်းတွေ ပိတ်သိမ်းခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ပေမယ့် အဲ့ဒါတွေနဲ့ ပက်သက်တဲ့ သမိုင်းတွေ၊ ခြေရာလက်ရာတွေ၊ စိတ်ဒဏ်ရာတွေကတော့ ကျန်ရှိနေတုန်းပါပဲ။ ဒီအကျဉ်းစခန်းတွေကို ပို့ဆောင်ခံခဲ့ရသူတွေ၊ ထွက်ပြေးလွတ်မြောက်သူ ဂျူးတွေသာမက ဒီဖြစ်ရပ်ကို မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူးကြသူတွေပါ ဒီအနိဌာရုံတွေဟာ ဘယ်လောက်တောင်ဆိုးဝါးပြီး လူမဆန်လိုက်လဲဆိုတာ သိပြီးသားဖြစ်မှာပါ။
တကယ်တော့ ဒီအကျဉ်းစခန်းတွေမှာ ဂျာမန်တွေ ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ထင်ထားထက်ကို ပိုမိုရက်စက်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင်တော့ လူတစ်ယောက် ဘယ်လောက်ရက်စက်နိုင်တယ်ဆိုတာကို မြင်ယောင်ကြည့်လို့ ရတာထက် ပိုတယ်လို့ ပြောချင်ပါတယ်။

ဒီထဲက တစ်ခုဖြစ်တဲ့ ပိုလန်နိုင်ငံမှာ တည်ရှိတဲ့ အော့စ်ဝစ်ဇ်အကျဉ်းစခန်းတွေက စပြောရရင်တော့ အကျဉ်းသားတွေကို ပထမဆုံး မျိုးဖြုတ်သတ်ဖြတ်မှုတွေကို ၁၉၄၁ ခုနှစ် စက်တင်ဘာမှာ စလုပ်ခဲ့တာ ဖြစ်ပြီး အော့စ်ဝစ်ဇ် ၂ အကျဉ်းစခန်း (ဘာ့ခန်နဲ- Birkenau လို့လည်းခေါ်တဲ့) ဟာ နာဇီတွေရဲ့ “ဂျူးတွေအတွက် နောက်ဆုံးအဖြေ” လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေရဲ့ အဓိကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒီနာဇီအကျဉ်းစခန်းတွေ ၊ လူသတ်စခန်းတွေအကြောင်း ကျွန်တော်တို့ ဖတ်ထားတာတွေ၊ သိထားတာတွေ အများကြီးဆိုပေမယ့် ကျွန်တော်တို့ သိသင့်တဲ့ ဒီလိုအချက်တွေလည်း ရှိပါသေးတယ်။
၁။ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ တရားဝင်အစီအစဉ်ဟာ ၁၉၄၂ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ Wannsee Conference မှာ အကောင်အထည်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

နာဇီပါတီရဲ့ ခေါင်းဆောင်ကြီးတွေ ၊ အရာရှိကြီးတွေ တက်ရောက်ခဲ့တဲ့ ဒီကွန်ဖရင့်မှာ နာဇီတွေဟာ သူတို့လုပ်မယ့် လုပ်ရပ်တွေအတွက် “Final Solution to the Jewish Question” ဆိုပြီး ခိုင်းနှိုင်းသုံးစွဲခဲ့ကြပြီး  အဲဒီ Final Solution ဆိုတာကတော့ ဂျူးတွေကို လူမျိုးတုံးသတ်ဖြတ်မှာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ နာဇီအဆင်မြင့်အရာရှိကြီးတစ်ယောက်ဖြစ်တဲ့ ရိုင်းဟက်ဒ်ဟိုင်းဒရစ်ခ်ျ (Reinhard Heydrich) ဟာ ဥရောပမှာ ရှိတဲ့ ဂျူးတွေကို စုစည်းပြီး လူသတ်စခန်းတွေဆီ ပို့ပစ်ဖို့ကို အကြမ်းဖျဉ်းပုံဖော်ပြခဲ့ပါတယ်။
Reinhard Heydrich
၂။ လူသတ်စခန်းတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ဆောင်တဲ့နေရာမှာ ပထမတော့ အစုလိုက်အပြုံလိုက်ပစ်သတ်တာက စပါတယ်။ ဒါပေမယ့် ဒီလိုပစ်သတ်ရခြင်းဟာ သေနတ်မောင်းဆွဲရတဲ့ သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးမားတဲ့အတွက် နောက်တစ်မျိုးကြံပါတော့တယ်။ နောက်တစ်နည်းကတော့ အသတ်ခံရမယ့်သူတွေကို တစ်ခုခုနဲ့ ဖောက်ခွဲပြီး သတ်တာမျိုးပါ၊ ဒါပေမယ့် ဒါဟာလည်း သိပ်မသင့်လျော်သေးဘူးလို့ တွေ့ရှိရတဲ့အတွက် နောက်တစ်နည်းစဉ်းစားတဲ့အခါမှာ ခင်ဗျားတို့ ၊ ကျွန်တော်တို့ ကြားဖူးတဲ့ အလုံပိတ်ဓာတ်ငွေ့ခန်းတွေထဲမှာ ထည့်သတ်တာ လာတာပါ။
နာဇီတွေဟာ အကျဉ်းသားတွေကို အလုံပိတ်အခန်းတွေထဲ အဆိပ်ဓာတ်ငွေ့လွှတ်ပြီး သတ်ခဲ့ကြပါတယ်၊ အဆိပ်ဓာတ်ငွေ့ဆိုရာမှာ  ကာဗွန်မိုနောက်ဆိုက်ဒ် ဒါမှမဟုတ် ဆိုင်ယာနိုက်ဒ်အခြေခံဓာတ်ငွေ့တစ်မျိုးမျိုးကို သုံးပါတယ်။ ဓာတ်ငွေ့ခန်းတစ်ခုဟာ တစ်ကြိမ်မှာ ပုံသေအားဖြင့် လူအယောက် ၂၀၀၀ကို ထည့်သတ်နိုင်ပါတယ်။ ဓာတ်ငွေ့ခန်းထဲ ရောက်သွားပြီဆိုတာနဲ့ လူဦးရေရဲ့ သုံးပုံတစ်ပုံမှာ ချက်ချင်းသေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။
Gas Chambers at Auschwitz
Gas Chamber
၃။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျကျနနပြုလုပ်ဖို့ ရည်ရွယ်ပြီး ဆောက်ခဲ့တဲ့ အလုံပိတ်ဓာတ်ငွေ့ခန်းတွေနဲ့ ချွေးတပ်စခန်းတွေဟာ Holocaust (အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခြင်း) ရဲ့ အထင်ရှားဆုံး အမှတ်လက္ခဏာဖြစ်သလို သမိုင်းမှာလည်း မကြုံစဖူး အဖြစ်အပျက်တစ်ခုပါပဲ။ အရင်က အဲ့ဒီလို လူအစုံလိုက်အပြုံလိုက်ကို တစ်ခါတည်းသတ်ပစ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားတဲ့ နေရာတွေ မရှိခဲ့ပါဘူး။ ဒီချွေးတပ်စခန်း၊ လူသတ်စခန်းတွေကို Auschwitz ၊ Belzec ၊ Chelmno ၊ Jasenovac ၊ Majdanek ၊ Maly Trostenets ၊ Sobibor နဲ့ Treblinka အရပ်တွေမှာ တည်ဆောက်ထားခဲ့ကြပါတယ်။
နိုင်ငံရေးအရရော၊ ယုတ္တိရှိရှိ အကြောင်းပြချက်တွေအရရော သတင်းဆိုးနဲ့ ကျော်ကြားတဲ့ ချွေးတပ်စခန်းတွေ အများစုဟာ ပိုလန်နိုင်ငံထဲမှာ ရှိတာဖြစ်ပြီး ဘာလို့လဲဆိုတော့ ပိုလန်ဟာ ဥရောပမှာ ဂျူးလူမျိုးအများဆုံးနေထိုင်ရာ ဒေသဖြစ်လို့ပါပဲ။

၎။ ချွေးတပ်စခန်းနဲ့ လူသတ်စခန်းအမျိုးမျိုးမှာ နာဇီတွေဟာ သူတို့ရဲ့ အကျဉ်းသားတွေကို ဆေးဘက်ဆိုင်ရာ စမ်းသပ်သားကောင်တွေအဖြစ်လည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေနဲ့ ဆေးဝါးစမ်းသပ်ခြင်း၊ သူတို့ကို အေးခဲအောင် ထားကြည့်ခြင်း၊ အကျဉ်းသားကလေးတွေရဲ့ မျက်လုံးထဲကို ဓာတုပစ္စည်းတွေ ဆေးထိုးပြီး မျက်လုံးအရောင်ပြောင်းကြည့်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ကုသခြင်းနဲ့ အခြားခွဲစိတ်ကုသမှုတွေကိုလည်း မေ့ဆေး၊ ထုံဆေးမပေးဘဲ လုပ်ဆောင်ခြင်းတွေထိ ပါဝင်ပါတယ်။

နာဇီသမားတော်တွေထဲက နာမည်ဆိုးနဲ့ အကျော်ကြားဆုံးဆရာဝန်ကြီးကတော့ Dr. Josef Mengele ဖြစ်ပြီးတော့ သူက အော့စ်ဝစ်ဇ်မှာ အလုပ်လုပ်ခဲ့တာပါ။ မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောစကားအရဆိုရင် Mengele ဟာ အသက်၎နှစ်ရှိပြီဖြစ်တဲ့ Guido နဲ့ Ina ဆိုတဲ့ အမွှာနှစ်ယောက်ကို တွဲဆက်ချုပ်တွယ်ခဲ့ပြီး ကိုယ်ချင်းဆက်အမွှာဖြစ်အောင် ဖန်တီးဖို့ ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါကို မကြည့်ရက်တဲ့ သူတို့ မိဘတွေခင်ဗျာ မော်ဖိန်း (Morphine) ရအောင် ကြံခဲ့ပြီး သူတို့ ကလေးတွေ ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကို မမြင်ရက်လို့ မော်ဖိန်းနဲ့ သတ်ခဲ့ရပါတယ်။
Dr. Josef Mengele
၅။ နာဇီတွေလက်တွင်းကျရောက်တဲ့ အကျဉ်းသားတွေမှန်သမျှဟာ အော့စ်ဝစ်ဇ်မှာ အထူးသတ်မှတ်ထားတဲ့ တံဆိပ်တွေ တပ်ဆင်ရပြီးတော့ ဒီတံဆိပ်တွေဟာ သူတို့ကို ခွဲခြားဖို့သာ ဖြစ်ပါတယ်။ အဝါရောင်ကြယ်ဟာ ဂျူးလူမျိုးတွေအတွက် ၊ အညိုရောင်တြိဂံဟာ ရောမ (ဂျစ်ပစီ)တွေအတွက်၊ ပန်းရောင်တြိဂံတွေဟာ မိန်းမလျာ (Gay) အကျဉ်းသားတွေအတွက်၊ ခရမ်းရောင်တြိဂံဟာ ယေဟောဝါသက်သေခံတွေအတွက် ၊ အနက်ရောင်တြိဂံကတော့ လူမှုစံတွေကနေ သွေဖည်နေတယ်လို့ သူတို့ ယူဆထားတဲ့ စိတ်မနှံ့သူတွေ၊ စစ်ဆန့်ကျင်ရေးသမားတွေ၊ ပြည့်တန်ဆာတွေအတွက်ဖြစ်ပြီး အခြားအခြားသော အမှတ်တံဆိပ်တွေကတော့ လူနည်းစုမျိုးနွယ်အသီးသီးအတွက် ဖြစ်ပါတယ်။

၆။ နာဇီဂျာမန်တွေ စစ်ပွဲမှာ ရှုံးနိမ့်ပြီး ချေမှုန်းခံရပြီးတာနဲ့ Auschwitz မှာ တာဝန်ကျခဲ့တဲ့ အစောင့် ၇၀၀၀မှာ အမျိုးသမီးဝန်ထမ်း ၁၇ဝအပါအဝင် နာဇီ ၇၅၀ လောက်ဟာ တရားစွဲခံရပြီး ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။

၇။ အဲဒီအချိန်တုန်းက ဥရောပမှာ ရှိတဲ့ ဂျူး ၇.၃ သန်းရဲ့ ၇၈ရာခိုင်နှုန်းဖြစ်တဲ့ ဂျူး၆သန်းကျော်လောက်ဟာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဂျူးတွေတင်မကဘဲ နာဇီဟာ ၂ သန်းကနေ ၃ သန်းထိရှိတဲ့ ဆိုဗီယက်စစ်သုံ့ပန်းတွေ၊ ၂ သန်းလောက်ရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ၁ သိန်းခွဲလောက်ရှိတဲ့ Romani တွေ၊ လူဦးရေ ၂ သိန်းလောက်ရှိတဲ့ မသန်စွမ်းတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးမှာ အမြင်မတူသူတွေ၊ လိင်တူချစ်သူ ၁၅၀၀၀ လောက်နဲ့ ယေဟောဝါသက်သေခံ ၅၀၀၀ လောက်ပါဝင်တဲ့ စုစုပေါင်း လူပေါင်း ၁၁ သန်းလောက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုမှာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
Holocaust
၈။ အောက်မှာ ပြထားတဲ့ အသံတိတ် Video Clip ကတော့ ဆိုဗီယက်စစ်တပ်က ရုပ်ရှင်အဖွဲသားတစ်ယောက်က Auschwitz က လူတွေကို လွတ်မြောက်ခွင့်ပေးလိုက်တဲ့ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က စတဲ့ အစပိုင်းကာလတွေကို ရိုက်ပြထားခဲ့တာ ဖြစ်ပါတယ်။


Post a Comment

 
Top