0

 
အာရုံကြောဆိုင်ရာ ပြဿနာကြောင့် ရတဲ့ နာကျင်မှု (Neuropathic pain) တွေဟာ နာတာရှည် ပြဿနာတစ်ခု ဖြစ်နေတတ်ပါတယ်။
အာရုံကြောကြောင့် နာကျင်မှုတစ်ချို့ဟာ အချိန်ကြာလာတာနဲ့ အမျှ သူ့အလိုလို သက်သာပျောက်ကင်းတာ၊
ဆေးသောက်ရင်း ပျောက်ကင်းတာမျိုး ရှိသလို မပျောက်ကင်းဘဲ နှစ်ရှည်လများ နာကျင်နေရတာတွေလည်း ရှိနိုင်ပါတယ်။
Neuropathic pain တွေသက်သာဖို့ ရောဂါအရင်းအမြစ်ရှာဖွေပြီး ဆေးဝါးတွေနဲ့ ကုသနိုင်တာရှိသလို မိမိဘာသာ သက်သာအောင် ပြုလုပ်နိုင်တဲ့ အိမ်တွင်း ကုထုံးလေးတွေလည်း ရှိပါတယ်။
ဘာကြောင့် အာရုံကြောတွေကနေ နာကျင်မှုပြဿနာ ခံစားရသလဲ ?
Neuropathic pain တွေဟာ အာရုံကြော (Nerve) တွေ ထိခိုက်ခံရမှုကြောင့် ခံစားရခြင်း ဖြစ်ပါတယ်… ဥပမာအားဖြင့် ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာဆေးဝါးနှင့် ဆေးဝါး အချို့ရဲ့ ဘေးထွက် ဆိုးကျိုးများ၊ ထိခိုက်ဒဏ်ရာ ပြဿနာများစသည်တို့ ဖြစ်ပါတယ်။
ဒီလို ထိခိုက်ခံရတဲ့ အာရုံကြောတွေဟာ ကောင်းစွာ အလုပ်မလုပ်တော့ဘဲ မနာရမယ့် အရာကို နာတယ်လို့ မှားယွင်းစွာ ဦးနှောက်ကို သတင်းပေးပို့တဲ့အခါမှာ Neuropathic pain ဖြစ်ပေါ်လာတယ်။
တခါတရံ အမျိုးမျိုးအဖုံဖုံသော ကုသမှုတွေနဲ့တောင် နာကျင်မှု မသက်သာတဲ့ လူနာတွေရှိပါတယ်… ဒီလိုအခါမျိုးမှာ အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက မိမိရဲ့ ဝေဒနာ သက်သာစေဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။
အာရုံကြောနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ
– သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းခြင်း ။ ။ ဆီးချိုသွေးချိုဝေဒနာရှင်တွေ အနေ နဲ့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ဆီးချိုကြောင့် ဖြစ် ရတဲ့ အာရုံကြောထိခိုက်မှုအတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
– လေ့ကျင့်ခန်း ပြုလုပ်ခြင်း ။ ။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာကနေ Endorphins လို့ခေါ်တဲ့ သဘာဝ Pain Killer များထွက်ရှိလာပြီး နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်… ဒါ့အပြင် ခြေလက်တွေရဲ့ သွေးစီးဆင်းလှည့်ပတ်မှုကိုလည်း ကောင်းစေတာကြောင့် အာရုံကြောတွေကို သွေးထောက်ပံ့မှု ပိုရစေပါတယ်။
လေ့လာ သူတွေကတော့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးရင် ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ဟာ ရေရှည်ကျန်းမာသန်စွမ်းလာပြီး ထိခိုက်ပျက်စီးနေတဲ့ အာရုံကြောတွေ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်… ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်ဖို့ စတင်လိုက်ပါ။
အစပိုင်းမှာ ပုံမှန်လမ်းလျှောက်ပေးတာမျိုး ပေါ့ပေါ့ပါးပါး စတင်ပြီး နောက်မှ တဖြည်းဖြည်း လေ့ကျင့်ခန်းရဲ့ အရှိန်အဟုန်ကို မြှင့်တင်ပြုလုပ်ပေးပါ။
– သင့်ခြေထောက်ကို ဂရုစိုက်ပေးခြင်း ။ ။ တကယ်လို့ ခြေထောက်မှာ အာရုံကြောကြောင့် နာကျင်မှု ခံစားနေခဲ့ရရင် ခြေထောက်ကို သေချာ ဂရုစိုက်ပေးခြင်းဟာ အရေးကြီးပါတယ်။
အာရုံကြောတွေ ထိခိုက်မှုကြောင့် ခံစားမှုမကောင်းခြင်းဖြစ်ကာ ခြေထောက် ဒဏ်ရာရခြင်း၊ ဒဏ်ရာရသည်ကို မသိခြင်းကြောင့် ပိုးဝင်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်… ဒီလိုအခြေ အနေတွေကို ကာကွယ်ဖို့ ခြေထောက်ကို နေ့စဉ်ပုံမှန် စစ်ဆေးပေးပါ။
အိမ်တွင်းမှာနေ ရင်တောင် အိမ်ထဲမှာ စီးလို့ရတဲ့ အဆင်ပြေမယ့် ဖိနပ်မျိုး စီးပေးခြင်း၊ ခြေထောက်မှာ ဒဏ်ရာ ရတာနဲ့ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဆရာဝန်နဲ့ စောစီးစွာ ပြသခြင်း တို့ကို ပြုလုပ်ပေးပါ။
– ရေနွေးစိမ်ခြင်း (သို့) ရေနွေးဖြင့် ရေချိုးခြင်း ။ ။ ရေနွေးနဲ့ ရေချိုး၊ ရေစိမ်တာဟာ အလွယ်ကူဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်… အာရုံကြောကြောင့် နာကျင်ရတဲ့ နာကျင်မှုတွေဟာ ရေနွေးရဲ့ ပူနွေးတဲ့ အစွမ်းကြောင့် သွေးကြောတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။
[သတိပြုရမှာက အပူလောင်တာ မဖြစ်အောင် ရေကို အရမ်းပူလွန်းခြင်း ရှိမရှိ သေချာစွာ စစ်ဆေးပြီးမှ ရေစိမ်၊ ရေချိုးခြင်း ပြုလုပ်ပါ…]
– အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း ။ ။ အရက်ကို လွန်ကျွံစွာ သောက်သုံးခြင်းက အာရုံကြောတွေကို ထိခိုက်ပျက်စီးစေပြီး အာရုံကြောကြောင့် နာကျင်တဲ့ ဝေဒနာကို ပိုဆိုးဝါးစေပါတယ်… ဒါကြောင့် တတ်နိုင်သမျှ အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။
– အိပ်ပျော်အောင် အိပ်ခြင်း ။ ။ နာကျင်မှုကြောင့် အိပ်မပျော်တာရှိသလို ၊ အိပ်မပျော်တဲ့ ညဖက်အချိန်အခါတွေ ရှိတာကြောင့်လည်း နာကျင်မှု ဝေဒနာတွေဟာ ပိုဆိုးတတ်ပါ တယ်… ဒါကြောင့် အိပ်ပျော်အောင် အိပ်ခြင်းက နာကျင်မှုကို သက်သာစေတဲ့ နည်းလမ်းတစ်ခုပါ။
နေ့ခင်းကျော်ရင် ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် အစရှိတာတွေကို ရှောင်ရှားသင့်ပြီး၊ အိပ်ယာဝင်ချိန်ကိုလည်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ကောင်း မွန်စွာ အိပ်စက်ခြင်း အလေ့အထကို ရရှိအောင် ပြုလုပ်ပေးသင့်ပါတယ်။ကောင်းမွန်တဲ့ အိပ်စက်ခြင်းအတွက် တစ်နေ့ကို ၈ နာရီခန့် အိပ်စက်ပေးသင့်ပါတယ်။
– အပူဓါတ်ခံ လိမ်းဆေးလိမ်းခြင်း ။ ။ Capsaicin Cream ခေါ် ငရုပ်အခြေခံ ထုတ်လုပ်ထားတဲ့ လိမ်းဆေးလိမ်းပေးခြင်းဟာ အစပိုင်းမှာ ပူစပ်ပူလောင်ပုံစံ ခံစားရနိုင်ပေမယ့် တစ်ပတ်ကျော်ကြာအောင် စွဲမြဲလိမ်းပေးရင် အာရုံကြောရဲ့ နာကျင်မှု ဝေဒနာကို သက်သာစေနိုင်ပါတယ်။
– ထုံအောင် ပြုလုပ်ခြင်း ။ ။ Lidocaine ကဲ့သို့သော ထုံစေသည့် လိမ်းဆေး၊ ကပ်ခွာ အစရှိသည်တို့ဖြင့်လည်း နာကျင်မှုကို သက်သာအောင် ပြုလုပ်နိုင်ပါသေးတယ်… ဒါဟာ ခေတ္တခဏသာ သက်သာတာ ဖြစ်ပေမယ့် အရမ်းနာကျင်နေတဲ့အခါမျိုးမှာ ခဏသက်သာမှုဟာလည်း ဝေဒနာရှင်တွေအတွက် စိတ်သက်သာရာ တစ်ခုပါပဲ။
– နာကျင်သောနေရာကို ပွတ်ပေးခြင်း ။ ။ လေ့လာတွေ့ရှိမှုများအရ နာကျင်သောနေရာကို Geranium oil ခေါ် ရေမွှေးပန်းအဆီ တစ်မျိုးနဲ့ နှိပ်နယ်လိမ်းကျံပေးတာ ဟာ ရေယုံပေါက် ပြီး နာကျင်တတ်တဲ့ အာရုံကြောနာကျင်မှု ဝေဒနာကို သက်သာစေနိုင်ပါတယ်.. Lavender Oil လို အဆီတွေကလည်း ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင် တယ်လို့ ဆိုပါတယ်။
– တရားထိုင်ခြင်း ။ ။ တရားထိုင်ခြင်းဟာ နာကျင်မှုဝေဒနာကို သက်သာစေတဲ့ အကောင်းဆုံးနည်းတစ်နည်း ဖြစ်ပါတယ်… တရားထိုင်ခြင်းအပြင် အိပ်မွှေ့ချခြင်းနည်းလမ်း မျိုးလည်း အသုံးပြုနိုင်ပါသေးတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေဟာအာရုံကြောကြောင့်နာကျင်ရတဲ့ ဝေဒနာကို သက်သာစေရုံသာမကဘဲ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါသေး တယ်… ဒါကြောင့် အကုန်အကျလည်းမများ၊ အိမ်မှာလည်း အလွယ်တကူ ပြုလုပ်နိုင် ကြတာမို့ စာဖတ်သူ ပရိသတ်များအတွက် စုစည်း တင်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။


Credit: Kanaung


Post a Comment

 
Top