0

 ဒေါ်လာတစ်ဘီလီယံတန်ကြေးရှိ ကမ္ဘာ့ကြေးအမြင့်ဆုံး ထိုးသတ်ပွဲဖြစ်လာမည့် မေဝယ်သာနှင့် မက်ဂရီဂေါတို့၏ မစ်ဒယ်ဝိတ်တန်းလက်ဝှေ့ပြိုင်ပွဲကို လာမည့် သြဂုတ်၂၆ ရက်တွင် အမေရိကန်ပြည်ထောင်စု လက်ဗီးဂက်စ်မြို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဟောင်း မေဝယ်လ်သာနှင့် UFC ချန်ပီယံ မက်ဂရီဂေါတို့ ယှဉ်ပြိုင်တော့မည်ဟု သတင်းဦးများကို စောစောစီးစီးဖော်ပြလေ့ရှိသည့် The Sun သတင်းဌာနက ပြီးခဲ့သည့် မေလအတွင်းကပင် ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ဇွန် ၁၅ ရက်ရောက်မှသာ ယခုကဲ့သို့ အတည်ပြုချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ အသက်(၄ဝ)နှစ်ရှိ မေဝယ်သာက သူ၏ တွစ်တာစာမျက်နှာပေါ်တွင် ဗီဒီယိုဖိုင်ကိုတင်ပြီး အဆိုပါထိုးသတ်ပွဲကို အတည်ပြုခဲ့ခြင်းဖြစ်သလို အိုင်ယာလန်သား လိုက်ဝိတ်တန်းချန်ပီယံ မက်ဂရီဂေါကလည်း ''ထိုးသတ်ပွဲဆီကို ဆက်လက်ချီပြီ'' ဟု ရေးသားကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ယင်းပြိုင်ပွဲအတွက် ကစားသမားတစ်ဦးစီက ဝင်ငွေ ဒေါ်လာသန်း ၁ဝဝ ( ပေါင် ၇၈ ဒသမ ၄ သန်း)စီ ရရှိမည်ဖြစ်ရာ ကမ္ဘာ့ကြေးအကြီးဆုံး လက်ဝှေ့ပြိုင်ပွဲတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်သွား မည်ဖြစ်သည်။ သူသည် ဒဗလျူဘီစီနှင့် ဒဗလျူဘီအေလိုက်တာဝိတ်တန်း ချန်ပီယံဆုများကို အောင်မြင်စွာ ကာကွယ် နိုင်ခဲ့ပြီး ရော်ကီမာစီယာနိုကဲ့သို့ ၄၉ ပွဲ ရှုံးပွဲမရှိစံချိန်တစ်ရပ်ကို စိုက်ထူထားသူဖြစ်သည်။ ကမ္ဘာ့ချန်ပီယံအဖြစ် ငါးကြိမ်တိုင် အောင်ပွဲခံနိုင်သည့် မေဝယ်သာမှာ သူတို့မျိုးဆက်တွင် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံ ခဲ့ရပြီး ၂ဝ၁၅ ခုနှစ်တွင် လက်ဝှေ့လောကမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် မေဝယ်သာမှာ ၃၉ ပွဲ ယှဉ်ပြိုင် ထိုးသတ်အပြီး ကစားသမားဘဝမှ အနားယူပြီဟု ၂ဝဝ၈ ခုနှစ်တွင် ပထမအကြိမ် ကြေညာခဲ့သေးသည်။
ဘက်စုံကိုယ်ခံပညာဟု လူသိများသည့် MMAပညာရှင် မက်ဂရီဂေါမှာ လက်ဝှေ့ပညာကို တစ်ကြိမ်တစ်ခါမှ ပရော်ဖက်ရှင်နယ်အဖြစ် မယှဉ်ပြိုင်ဖူးဘဲ ၂ဝ၁၆ နိုဝင်ဘာလအတွင်းUFC ချန်ပီယံအဖြစ် အောင်ပွဲခံပြီးနောက် မေဝယ်သာကို MMA စည်းမျဉ်းဖြင့်ဆုံးဖြတ်သည့် ထိုးသတ်ပွဲယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင်က ဂရီဂေါ၏ ဘောက်ဆင်လိုင်စင်ကို ခွင့်ပြု ခဲ့ပြီးနောက် မေဝယ်သာနှင့် မက်ဂရီဂေါတို့ ယှဉ်ပြိုင်ထိုးသတ်ပွဲ ဖြစ်လာနိုင်ကြောင်း အစောပိုင်းကပင် ခန့်မှန်းချက်များ ထွက်လာခဲ့သေးသည်။
အဆိုပါ သဘောတူညီချက်ကို မက်ဂရီဂေါ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ UFC ဥက္ကဋ္ဌ ဒန်နာဝှိုက်က ''ကျွန်တော်တို့ ပြောဆိုဆွေးနွေးမှုအပြီးမှာ အကုန်လုံး ချောချောမွေ့မွေ့ဖြစ်သွားခဲ့ပါပြီ။ မေဝယ်သာဘေးမှာလည်း အကုန်အဆင်ပြေအောင် ညှိနှိုင်းပေးနိုင်သူတွေရှိတာကြောင့် မဖြစ်နိုင်တဲ့အရာတွေ အကုန်လုံးပြီးပြတ်အောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂရီဂေါနိုင်မယ်၊ မေဝယ်သာနိုင်မယ် ဘယ်သူနိုင်မလဲဆိုတာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဂရီဂေါဟာလည်း ဘယ်နေရာ ဘယ်အချိန်မဆို ပြိုင်ဘက်ကို အကောင်းဆုံးရင်ဆိုင်နိုင်တဲ့သူဖြစ်တာကတော့ သေချာ ပါတယ်''ဟု မှတ်ချက်ပြုခဲ့သည်။ မေဝယ်သာမှာ အသက်(၄ဝ)နှစ်ရှိပြီဖြစ်ပြီး ဂရီဂေါမှာ အသက်(၂၈)နှစ်သာရှိသေးရာ သူတို့နှစ်ဦးကြား ၁ဝ နှစ်ကျော်ပင် အသက်ကွာဟချက်ရှိနေသည်။
သမိုင်းတစ်လျောက် ကမ္ဘာ့ကြေးအကြီးဆုံးပွဲစဉ်များ
မေဝယ်သာနှင့် ပက်ကွီယောင်း(၂ဝ၁၅ ခုနှစ်) တန်ဖိုးပေါင် ၃၂၅ သန်း
မေဝယ်သာနှင့် အလာဗက်ဇ်(၂ဝ၁၃ ခုနှစ်) တန်ဖိုးပေါင် ၁၂ဝ သန်း
မေဝယ်သာနှင့် ဒီလာဟိုရာ (၂ဝဝ၇ ခုနှစ်) တန်ဖိုးပေါင် ၁ဝ၇ သန်း
တိုင်ဆန်နှင့် လူးဝစ်(၂ဝဝ၂ ခုနှစ်) တန်ဖိုးပေါင် ၈၈ သန်း
တိုင်ဆန်နှင့် ဟိုလီဖီးလ်(၁၉၉၇ ခုနှစ်) တန်ဖိုးပေါင် ၇၈ သန်း

Post a Comment

 
Top