0



အင်္ဂလန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းက အသင်း၏အမြဲတမ်းအသင်းခေါင်းဆောင် ဖြစ်လိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဟာရီကိန်းသည် စကော့တလန်အသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သောပွဲတွင် ယာယီအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့သည်။
အင်္ဂလန်နည်းပြဆောက်ဂိတ်သည် အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားသည့် ၀ါရင့်တိုက်စစ်မှူး ရွန်နီကို ရွေးချယ်ခြင်းမပြုခဲ့သည့်အတွက် ဟာရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် ယာယီတာဝန်ပေးခဲ့ခြင်းလည်းဖြစ်သည်။
စပါးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို (၂)ရာသီဆက်တိုက် ရယူနိုင်ခဲ့သည့် ဟာရီကိန်းက ယာယီအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရသည်ကိုပင် ဂုဏ်ယူကျေနပ်မိသော်လည်း အမြဲတမ်းအသင်းခေါင်းဆောင် ဖြစ်လိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းက "အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကွင်းတွင်းကွင်းပြင် ဦးဆောင်နိုင်သူဖြစ်ရမှာပါ။ မီဒီယာတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုသလို၊ ကလေးငယ်တွေအတွက် စံပြလည်း ဖြစ်ဖို့လိုပါတယ်။ ကျွန်တော့်မှာ ဒီလိုစရိုက်လက္ခဏာတွေ ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင်ရာထူးကို မျှော်လင့်နေသူတွေထဲမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ ဆောက်ဂိတ်က ကျွန်တော် ယာယီအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရမယ်လို့ သောကြာနေ့မှာမှ ပြောခဲ့တာပါ။ ဒီစကားကို ကြားလိုက်ရတော့ ကျွန်တော် အလွန်ဂုဏ်ယူကျေနပ်မိသလို၊ ကျွန်တော့်မိသားစုကို ပြန်ပြောပြတဲ့အခါ သူတို့လည်း ကျေနပ်ဝမ်းမြောက်ကြပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Photos: Gettyimages

Post a Comment

 
Top