0

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ နေအိမ်တစ်အိမ် အတွင်းမှ ယာဉ်တစ်စီးနှင့် မီးခံသေတ္တာ အလုံးလိုက် ခိုးယူဖောက်ထွင်းခံရမှု ဇွန် ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် ၇၂ လမ်း၊ မနော်ဟရီလမ်းနှင့် ခိုင်ရွှေဝါလမ်းကြားရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်မိသားစုများ မရှိစဉ် ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်မှာ တံခါးသုံးထပ်ခတ်ထားခြင်း ဖြစ်ပြီး ခိုးယူခံရသည့်ယာဉ်မှာ တိုယိုတာ အမျိုးအစားဖြစ်ကြောင်း သိရပြီး ခိုးယူခံရသည့်အိမ် နံဘေးအိမ်မှ သိရှိ၍ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့မှ စုံစမ်းမှုများပြုလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရမည်းသင်းတွင် ရောက်ရှိနေသဖြင့် ဆက်သွယ်စုံစမ်းခဲ့ပြီး ပျောက်ဆုံးသွားသည့် ပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ဆဲဖြစ်ကြောင်း၊ ကနဦး မီးခံသေတ္တာအတွင်း ထည့်ထားသည့် ရွှေများနှင့် ယာဉ်တစ်စီး ခိုးယူခံခဲ့ရကြောင်း သိရသည်။
“အိမ်ရှင်လင်မယားက အလုပ်ရှိရာ ရမည်းသင်းမှာ ရောက်နေတဲ့အချိန် ဖြစ်သွားတာပါ။ မနက်စောစော အိမ်တံခါးပွင့်နေလို့ ကြည့်ရင်းကမှ ခိုးယူခံရတယ်ဆိုတာ သိရလို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်” ဟု ရဲစခန်းသို့ အကြောင်းကြားခဲ့သူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဖောက်ထွင်းခံရသည့် နေအိမ်တွင် စီစီတီဗွီကင်မရာများ တပ်ဆင်ထားသော်လည်း စီစီတီဗွီ မှတ်တမ်းများကို ဖျက်ဆီးထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၁၁) ရဲစခန်းတွင် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို စုံစမ်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၏ ရုံးခန်းဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး အခန်းတံခါးသော့ ပျက်စီးမှု မရှိဘဲ မီးခံသေတ္တာ အလုံးလိုက် ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
Writer:
ယဉ်မျိုးသွယ်၊ ရန်ပိုင်
===========
Eleven Media Group

Post a Comment

 
Top