အပြင်မှာ ထင်ရှားကျော်ကြားသူလည်းဖြစ် အွန်လိုင်းမှာလည်း ပရိသတ် ၃ သိန်းနီးပါး ရှိနေသူ ပုရိသကြိုက် ပလေးဘွိုင် ဝစ်လစ်စလစ် မဂ္ဂဇင်း ကိုယ်ဟန်ပြမယ် ဆိုရင်တော့ သူမ ပရိသတ်ကို ပို ဖျော်ဖြေမှု ပေးနိုင်တဲ့ ဓာတ်ပုံတွေ တင်လေ့ရှိတတ်ကြပါတယ်။


 နယူးဇီလန်ကျွန်းနိုင်ငံက မောင့်တာရာနာကီ မီးတောင် ထိပ်ပေါ်မှာ ကိုယ်လုံးတီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူမရဲ့ လူကြည့်များတဲ့ အင်စတာဂရမ်မှာ တင်ခဲ့လို့ ဝေဖန်ခံနေရသလို ဒေသခံ Maori လူမျိုးတွေကိုလည်း စိတ်ဆိုးစေခဲ့ပါတယ်။
ဒီမီးတောင်ဟာ ဌာနတိုင်းရင်းသား Maori လူမျိုးတွေရဲ့ ဘိုးဘေးဘီဘင်တွေ မြေမြှပ်ခေါင်းချ ခဲ့ရာ နေရာဖြစ်ပြီး ဒေသခံတွေဟာ ဒီတောင်ကို သက်ရှိ ဘိုးဘွားအဖြစ် အလေးဂရုပြု တန်ဖိုးထားကြတဲ့ အတွက် အခုလို မဖွယ်မရာ ဓာတ်ပုံရိုက်ကူးတာကို ဒေါသတကြီး ကန့်ကွက်နေကြတာပါ။
ခရီးသွား ဧည့်သည်တွေဟာ ဒေသခံတွေရဲ့ ရိုးရာ ယုံကြည်မှု ဓလေ့ ထုံးတမ်းတွေကို လေးစားသမှု ရှိသင့်ကြောင်းလည်း ဝေဖန် ထောက်ပြနေကြပါတယ်။
မစ္စကွတ်ခ်ကတော့ သူမရဲ့ ဓာတ်ပုံရိုက်ကူးမှုကို ကာကွယ် ပြောဆိုပါတယ်။ သူမ ဒီလို မရိုက်ခင် သေချာ ပြင်ဆင် လေ့လာ ခဲ့ကြောင်း၊ အဝတ်ဗလာ ရိုက်ကူးလို့ ဘယ်သူကိုမှ ကျူးလွန် စော်ကားသလို မဖြစ်ဘူးလို့ ယူဆလို့ ဒီလို ရိုက်ပြီး တင်ခဲ့တာ ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းပါတယ်။





ဒီလို တောင်ထိပ် (တခုခု) ပေါ်မှာ ကိုယ်လုံးတီးပုံ ရိုက်ကူးလို့ ပြဿနာပေါ်ခဲ့တာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။
၂၀၁၅ ခုနှစ် ဇွန်လတုန်းကလည်း မလေးရှားက မောင့်ကီနာဘာလူးမှာလည်း အနောက်တိုင်း ကမ္ဘာလှည့် ခရီးသည် အုပ်စု တခုဟာ အဝတ်မပါဘဲ အုပ်စုဓာတ်ပုံ ရိုက်ကူးခဲ့လို့ ဒေသခံတွေ ဒေါသထွက်ခဲ့ကြရတဲ့ အပြင် အဲဒီဒေသမှာ ဖြစ်စဉ်အပြီး တိုက်တိုက်ဆိုင်ဆိုင် ငလျင်ကြီး လှူပ်ခဲ့လို့ ဒေသခံတွေက ဒါဟာ အနောက်တိုင်း ခရီးသွားတွေ တောင်ကို မလေးမစား လုပ်ခဲ့တာကြောင့်လို့ ပြစ်တင်ခဲ့ကြပါတယ်။
မလေးရှား အစိုးရကလည်း သူတို့ကို တရားရုံးတင်ကာ ထောင်ဒဏ် ရက်ပိုင်းနဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။




 
Top