ရန်ကုန်၊ မေလ ၂၇ ။ ။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့မ၊ ဟာရီးကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ငွေဒင်္ဂါးပြားအား လာရောက်ရောင်းချနေသည်ကို စစ်ဆေးရာ ငွေရည်စိမ်ပြီး လိမ်လည်ရောင်းချခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
အဆိုပါ ဒင်္ဂါးပြား ၈ဝဝ အား ငွေရည်စိမ်ပြီး လာရောက် လိမ်လည်ရောင်းချနေသော အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်သည်။
ကျောက်တံခါးမြို့မရဲစခန်းအပိုင် ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာနေ ဦးပါရာကပ်၏နေအိမ်တွင် မေလ ၂၅ ရက်၊ ည ၇ နာရီခန့်က ငွေဒင်္ဂါးပြားများ လာရောက်ရောင်းချနေသည်ဟူသော သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ကြေးပြားများအား ငွေရည်စိမ်ပြီး လိမ်လည်ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အဆိုပါ ငွေဒင်္ဂါးပြားများလိမ်လည်ရောင်းချနေသောအဖွဲ့မှာ လွိုင်ကော်မြို့တွင် နေထိုင်သူများဖြစ်သည့် အသက် ၄ဝ အရွယ် ဗင်ဇင်ရိုး၊ အသက် ၂ဝ အရွယ် အာကိုစတီနိ၊ အသက် ၃၂ နှစ်အရွယ် ဇိုဝါနီ၊ အသက် ၃၇ နှစ်အရွယ် တိုဘီယတို့ဖြစ်ပြီး ၄င်းတို့ လေးဦး၏ ကျောပိုးအိတ်များအတွင်းမှ ငွေဒင်္ဂါးပြား ပြား ၈ဝဝ ကို သက်သေများရှေ့ တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့လေးဦးကို ငွေဒင်္ဂါးပြားများနှင့် ပတ်သက်ပြီး စစ်ဆေးခဲ့ရာ ကြေးပြားပေါ်တွင် တံဆိပ်အမှတ်အသား အတု များ ရိုက်နှိပ်ကာ ငွေရည်စိမ်ပြီး လိမ်လည်ရောင်းချနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ကျောက်တံခါးမြို့မ ရဲစခန်းမှ (ပ)၃၆၄/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၄၆၈/၄၂ဝ/၁၁၄ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Post a Comment