The Football league ရဲ့ ထုတ်ဖော်ချက်တွေအရ ငွေကြေး နောက်လိုက်နေကြတဲ့ကစားသမားတွေ၊ ကစားသမား တွေကို ငွေကြေးပြစေခိုင်းနေတဲ့ စီးပွားရေးသမားတွေ အကြောင်း ပိုပြီးသိလာရတာကြောင့် ဘောလုံးလောကဟာ ငွေကြေးအတွက် လည်ပတ်နေတဲ့ အဓိကရပ်ဝန်းကြီးလိုဖြစ် နေတယ်ဆိုတာ ပိုမိုထင်ရှားသထက် ထင်ရှားလာခဲ့ပါပြီ။ ကစားသမားတစ်ဦးရဲ့ ကြွယ်ဝမှုတွေ၊ နည်းပြတွေရဲ့ပိုင်ဆိုင် မှုတွေ လုပ်ခလစာတွေဟာ ကမ္ဘာပေါ်မှ ဝင်ငွေကောင်းပါ တယ်ဆိုတဲ့ ဆရာဝန်တွေ၊ ဥပဒေအကျိုးဆောင်တွေထက် အဆပေါင်းမြောက်မြားစွာများနေတာကလည်း အားကစား က ကမ္ဘာ့ပြည်သူတွေအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနိုင် သလဲဆိုတာကို ထင်ရှားစေပါတယ်။ ဒါပေမယ့် ဒီလို ငွေကြေးနောက်ကွယ်မှာ အကျင့်ပျက်ခြစားမှုတွေ၊ လောင်းကစားဒိုင်တွေပါ ပါဝင်ပတ်သက်လာမှုကလည်း ချန်ထားလို့မရတဲ့အကြောင်းတွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်လိုလာရဲ့ အပြောင်းအရွှေ့နောက်ကွယ်ကနေ ကြိုးကိုင် အမြတ်ထုတ် ပေါင်သန်း ၄ဝ ကျော်ရယူသွားမှုကို ဘွတ်ဘောလိစ်ဒ်က ဖွင့်ချအပြီး နောက်မှာ ဖီဖာ( ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်)က ဒီကိစ္စရဲ့ ရှင်းလင်းချက်ကို လိုချင်ကြောင်း မန်ယူကို အကြောင်းကြားခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးစူပါစတား စီရိုနယ်လ်ဒိုရဲ့ နေ့ဝက် လောက်လုပ်အားခက ပေါင် ၉၂ဝဝဝဝ ရှိတာ၊ ပြီးခဲ့တဲ့ ရာသီက နည်းပြ ဘင်နီတက်ဇ်ဟာ ရီးယဲလ်က ထုတ်ပယ် ခံရပေမယ့် ပေါင်တစ်သန်းလျော်ကြေးရရှိသွားတာ ဒါတွေ ကိုလည်း နောက်ရက်မှာ ဆက်လက်သိခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် တရုတ်စူပါလိဂ်က လာဗက်ဇီအတွက် တစ်ပတ်လုပ်ခပေါင် ၇၉ဝဝဝဝ (တစ်နှစ်လုပ်ခပေါင် ၄၁ ဒသမ ၄၉ သန်း)အထိ သုံးစွဲနေတာတွေကြောင့် ခြေစွမ်းထက် ငွေကြေးနောက်ကို လိုက်နေတဲ့ ကစားသမား တွေဟာ ငွေကြေးတတ်နိုင်တဲ့ အသင်းကြီးတွေမှာသာ စုပြုံတိုးဝှေ့ရောက်ရှိနေကြတာတွေကို နေ့စဉ်နဲ့အမျှ ကြားသိနေရပါတယ်။ ကစားသမားအများစုကတော့ ''ဒါကိုပဲ ပရော်ဖက်ရှင်နယ်'' လို့ အဓိပ္ပာယ်ဖွင့်ဆိုနေကြတော့ အားကစားကို ချစ်မြတ်နိုးစိတ်အပြည့်နဲ့ ကစားကြသူ တွေဟာ ဒီဘက်မော်ဒန်ဘောလုံးခေတ်မှာ အတော်ရှားပါး လာပြီလို့ ဆိုရပါမယ်။
ယခုနောက်ပိုင်းနှစ်တွေမှာ ကစားသမားတွေဟာ အသက်(၃ဝ)ကျော်လာရင် နိုင်ငံလက်ရွေးစင်အဖြစ်ကနေ အနားယူတယ်လို့ ကြေညာပြီး ကလပ်အသင်းတွေအတွက်ပဲ ရေရှည်ကစားနိုင်အောင် စီစဉ်လာတာ၊ ကစားအား အကောင်းဆုံးရှိနေချိန်မှာတောင် ထိပ်တန်းလိဂ်တွေကို စွန့်ခွာပြီး စူပါလိဂ်၊ ကာတာလိဂ်တွေကို သွားရောက်အခြေချ နေကြတာကလည်း ဘောလုံးလောကရဲ့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေဖြစ်နေပါတယ်။ မက်ဆီ၊ စီရိုနယ်လ်ဒို တို့လို ကစားတွေက နာမည်ထိန်းဖို့ ကမ္ဘာ့ထိပ်တန်းလိဂ် တွေမှာ ဆက်လက်ကစားကြပေမယ့် အချို့ ကစားသမား တွေက ငွေကြေးအတွက်သာ အဓိကထား စဉ်းစားလာ ကြတာပါ။ အော်စကာ၊ လာဗက်ဇီ၊ ဟော့တို့လို ကစား သမားတွေဟာ ဒီကိစ္စရပ်အတွက် ဥပမာပြလို့ ကောင်းတဲ့ ကစားသမားတွေပါ။
စူပါလိဂ်က ရွန်းနီ၊ ကော်စတာတို့အတွက် ကမ္ဘာ့ စံချိန်တင်လစာနဲ့ ကမ်းလှမ်းခဲ့လို့ တောင့်မခံနိုင်တဲ့ ကော်စတာက ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးကနေ တီယန်ကျင်းကွမ်ကျင်းလို စူပါလိဂ်မှာတောင် အလယ် အလတ်အသင်းဆီကိုပြောင်းဖို့ ခြေလှမ်းပြင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း စူပါလိဂ်ရဲ့ ပြုပြင်ပြောင်းလဲ ရေးစီမံချက်ဟာ ဥရောပထိပ်တန်းလိဂ်တွေအတွက် စိုးရိမ် စရာပဲဆိုတာကို နာမည်ကြီး နည်းပြအတော်များများ ကလည်း လက်ခံထားကြပါတယ်။ အရင်က စူပါလိဂ် ဆိုတာကို ဘယ်သူကမှ စိတ်မဝင်စားခဲ့ပေမယ့် ခုတော့ သူတို့ရဲ့ ဈေးကွက် ကိုင်လှုပ်မှုတွေ၊ နှစ် ၃ဝ အတွင်း ကမ္ဘာ့ ဖလားရအောင်ကြိုးပမ်းမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အဆက် မပြတ်ကြွေးကြော်တဲ့ အသံတွေဟာ ကမ္ဘာ့မီဒီယာစာမျက်နှာ တွေထက် လျှံတက်လာပါတယ်။ ဒါကြောင့် စူပါလိဂ်ဟာ အနာဂတ်မှာ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မဖြစ်မသေချာ ပေမယ့် လတ်တလောအချိန်မှာပဲ ကမ္ဘာ့ပရိသတ်အာရုံကို အတော်လေးရယူနိုင်ခဲ့တယ်ဆိုတာတော့ သေချာပါတယ်။
ကစားသမားတစ်ဦးဟာ အခြေခံ လုပ်ခလစာထက် စပွန်ဆာကြေးတွေ၊ ကလပ်အသင်းအောင်မြင်မှုအလိုက် ဆက်စပ်အကျိုးခံစားခွင့်တွေ၊ တစ်ဦးချင်းရရှိတဲ့ အောင်မြင်မှုအပေါ် ထပ်ဆောင်းပေးရတဲ့ ချီးမြှင့်ကြေး တွေဟာ အများစု ခန့်မှန်းထားတာထက် ပိုများနေတာ၊ ကလပ်အသင်းတွေရဲ့ ရုပ်သံထုတ်လွှင့်ကြေး၊ စပွန်ဆာ ကုမ္ပဏီတွေနဲ့စာချုပ်တွေ အပြိုင်အဆိုင်ချုပ်ဆို ငွေရှာ နေတာကြောင့် ဘောလုံးကလပ်တွေဟာ ငွေကြေးနောက်ကို တရှိုက်မက်မက် လိုက်နေကြတဲ့ စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုသဖွယ် လည်ပတ်နေပါတယ်။
စီးပွားရေးဘက်မှာ အမြော်အမြင်ကြီးမားတဲ့ လုပ်ငန်းရှင်ကြီးတွေက အသင်းအောင်မြင်ရေးအတွက် ငွေကြေးအလုံးအရင်းအသုံးပြုပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဥရောပအသင်းကြီးတွေရဲ့ ရှယ်ယာအများစုကို ထိန်းချုပ် လာကြတာကိုလည်း ယခုနှစ်ပိုင်းမှာ ခပ်စိပ်စိပ်မြင်တွေ့ လာရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က အမေရိကန်၊ ရုရှားလုပ်ငန်းရှင်တွေက ပရီမီယာလိဂ်ကလပ် အသင်းတွေကို ဝယ်ယူပြီး ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ ခေတ်လွန်ချိန်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ကြွယ်ဝချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေက လက်ကျန် ပရီမီယာလိဂ်ကလပ်အသင်းတွေနဲ့ ပြင်သစ်ပထမတန်း ကလပ်တွေကို ဝယ်ယူခဲ့ပြန်ပါတယ်။ ဒီနှစ်ပိုင်းမှာတော့ အမေရိကန်၊ ကာတာ၊ ယူအေအီး သူဌေးကြီးတွေ ငြိမ်သွား ခဲ့ပြီး စီးပွားရေးတောင့်တင်းတဲ့ တရုတ်သူဌေးတွေ ဘောလုံး ဈေးကွက်ထဲ ဝင်လာပြန်ပါပြီ။
သူတို့ကတော့ အီတလီဘောလုံးလောကကို အဓိက ပစ်မှတ်ထားနေပြီး စီးရီးအေဘောလုံးလောက တိုးတက် ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ဝင်ရောက်ခြယ်လှယ်နေကြ တာဖြစ်ပါတယ်။ အသင်းပိုင်ရှင်အများစုကတော့ ပြုပြင် ပြောင်းလဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ နာမည် ဂုဏ်သတင်းကျော်ကြားပြီးသား ကစားသမားတွေကို အရ ခေါ်ယူ၊ ထိပ်တန်းနည်းပြတွေကို ပူးပေါင်းဆောင်ရွက်ရေး အဓိကထားဆောင်ရွက်တာကြောင့် စိတ်ရှည်မှု နည်းပါးတဲ့ အသင်းပိုင်ရှင်တွေရဲ့အောက်မှာ နည်းပြတွေ၊ လူငယ် အကယ်ဒမီထွက် ကစားသမားတွေ စတေးခံနေကြတာကို တွေ့ရပါတယ်။ အသင်းကြီးတွေက ဂျာစီရောင်းကောင်းရေး၊ အသင်းပုံရိပ်မြင့်မားရေးအတွက် နာမည်ရှိပြီးသား ကစား သမားတွေကိုပဲ ခေါ်ယူအသုံးပြုနေတာဖြစ်ပါတယ်။ စပိန်ကလပ်အသင်းတွေရဲ့ ဖွဲ့စည်းပုံကတော့ နိုင်ငံရပ်ခြား စီးပွားရေးသမားတွေ ဝယ်ယူလို့မရတာကြောင့် လာလီဂါကို ဘယ်နိုင်ငံရပ်ခြား သူဌေးကမှ ပိုင်ဆိုင်ခွင့် မရှိတာဖြစ်ပါတယ်။
ဒီလို နိုင်ငံရပ်ခြားအသင်းတွေ ထိန်းချုပ်ထားတဲ့ အသင်းတွေထဲမှာ စံပြထားရမယ့် အသင်းတစ်ခုကတော့ မိုနာကိုပါ။ မိုနာကိုအသင်းဟာ ပြင်သစ်လူငယ် အများစုကို ကျောထောက်နောက်ခံပြုပြီး အတွေ့အကြုံရင့် နိုင်ငံရပ်ခြားကစားသမားတွေနဲ့ တွဲဖက်ကစားစေတာ ကြောင့် မက်ပီ၊ ဘာကာယိုကို၊ လီမာနဲ့ မန်ဒီတို့လို ကစား သမားတွေကို ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ရောက်ရှိသွားစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားလေး တွေလည်း လာမယ့်နှစ်ပိုင်းအတွင်း မိုနာကိုကနေ ထွက်ပြီး အခြားဥရောပအင်အားကြီး အသင်းတွေဆီကို အနှေးနဲ့ အမြန်ဆိုသလို ရောက်ရှိသွားဦးမှာဖြစ်ပါတယ်။
ဒီလို ထိန်းချုပ်ခံအသင်းကြီးတွေဟာ ပြည်တွင်းမှာ အောင်မြင်မှု အလျှိုလျှိုရနေပေမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်လိုပြိုင်ပွဲတွေမှာတော့ ရလဒ်ပိုင်းတွေ ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါဟာကစားသမား ကောင်းတွေခေါ်ယူဖို့ ချန်ပီယံလိဂ်ဝင်ခွင့်ရတယ်ဆိုတဲ့ အချက်နဲ့ စည်းရုံးရတာ၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသင်းခုနစ်သင်းလောက် ယှဉ်ပြိုင်နေရတာ၊ အသင်း တိုင်းက နည်းပြအပြောင်းအလဲ ကစားသမားအပြောင်း အလဲကို အချိန်မပေးဘဲ အလျင်စလို စီမံလာတာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အောင်မြင်မှုအပေါ် ပီအက်စ်ဂျီ၊ မန်စီးတီးတို့လို ဥရောပ အောင်မြင်မှုရရှိရေး ကြိုးပမ်းနေတဲ့အသင်းတွေ ဘာလို့ ကျော်မတက်နိုင်သလဲဆိုတာ ဒီအချက်တွေနဲ့ နှိုင်းယှဉ်နိုင် ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ ကလပ်အသင်းတွေကို ဝယ်ယူထိန်းချုပ်လာတဲ့အပေါ် အများစုက လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်အတွင်း အာရုံစိုက် ဝေဖန်ခဲ့ပေမယ့် ခုနောက်ပိုင်းတော့ ဘယ်သူကမှ ထူးထူးခြားခြားလုပ်ဝေဖန် ခြင်းမရှိတော့ဘဲ ဒီပြောင်းလဲမှုအပေါ် လက်သင့်ခံလာနိုင် ကြပါတယ်။ ဘယ်သူမှ ရပ်တန့်နိုင်ခြင်းမရှိတဲ့ ဒီအပြောင်း အလဲကိုလည်း ခေတ်သစ်ဘောလုံးလောကရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုအဖြစ်လို့သာ မှတ်ယူလာကြတာပါ။ ငွေကြေးဟာ ဒုတိယဘုရားသခင်ဆိုတာ ဘောလုံးလောကအတွက် ပိုပြီး မှန်နေသလားထင်ရအောင် ကစားသမားတွေက အသင်းစွဲ မထားတော့ဘဲ ငွေကြေးပိုပေးတဲ့အသင်းတွေဆီ ရောက်ရှိ သွားတာကြောင့် ကလပ်အသင်းငယ်တွေနဲ့ အသင်းကြီး တွေကြား ဘောလုံးအဆင့်အတန်းတစ်ရပ်ကို ပိုပြီး ကွာဟချက်များသွားစေပါတယ်။
ကလပ်အသင်းတစ်ခုကို တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုက ထိန်းချုပ်မှုကိုကန့်သတ်ဖို့ဆိုရင် သက်ဆိုင်ရာ နိုင်ငံအလိုက် စည်းမျဉ်းတွေ၊ မူဝါဒတွေ၊ ဥပဒေတွေပြင်ဆင် ဖို့လိုပြီး ဒီလိုမှမဟုတ်ရင်တော့ ဘောလုံးလောကဟာ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလုပ်ကွက် အသစ်တစ်ခုဆိုတဲ့ အဓိပ္ပာယ်သာထွက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် စနစ် တစ်ခုရဲ့ရှင်သန်မှုဟာ နှစ် ၂ဝ လောက်ဆို ပြောင်းလဲသွားဦး မှာဖြစ်တာကြောင့် အဲဒီအချိန်ရောက်ရင် ဘောလုံး လောကကြီးက အကောင်းဘက်ကို ဦးတည်နေမလား၊ ပိုပြီးတော့ ဆိုးသွားမလားဆိုတာ စောင့်ကြည့်ရင်းနဲ့...။

မေလဲ့သင်း
 
Top