0
 
တပ်မတော်အရာရှိကြီးများ၊ တပ်မတော် မိသားစုဝင်များနဲ့ လေယာဉ်အမှုထမ်း၊ စုစုပေါင်း ၁၀၄ ဦး လိုက်ပါသွားတဲ့ Y-8 တပ်မတော်သုံး လေယာဉ်ဟာ ထားဝယ်မြို့ရဲ့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာမှာ ပျောက်ဆုံးနေတာကြောင့် တပ်မတော်ကယ်ဆယ်ရေး လေယာဉ်နှစ်စီး၊ စစ်သင်္ဘောတွေနဲ့ ရှာဖွေရေး လုပ်နေရတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

“တပ်မတော်(ရေ)မှ စစ်သင်္ဘော ၄ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်ဆဲဖြစ်သည်။

အဆိုပါ Y-8-200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့” တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါဆိုရင် Y-8 အကြောင်း လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

Shaanxi Y-8 လေယာဉ်ဟာ တရုတ်နိုင်ငံ Shaanxi Aircraft Corporation က ထုတ်လုပ်တဲ့ အလယ်အလတ် အရွယ်အစား ပို့ဆောင်ရေး လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။ ဆိုဗီယက်နိုင်ငံထုတ် Antonov An-12 ကို အခြေခံပြီး ထုတ်ထားတာဖြစ်ပါတယ်။ တရုတ်မှာတော့ လူကြိုက်အများဆုံး စစ်ဘက်နဲ့ အရပ်ဘက်သုံး ကုန်တင်လေယာဉ် အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

An-12 ကိုတော့ ခုချိန်မှာ ယူကရိန်းမှာ ထုတ်လုပ်နေခြင်း မရှိတော့ပေမယ့် တရုတ် Y-8 ကိုတော့ အဆင့်မြင့်တင်တာတွေ၊ ထုတ်လုပ်နေတာတွေ ရှိနေဆဲဖြစ်ပါတယ်။ ယင်းလေယာဉ် မျိုးကွဲအများအပြား ထုတ်လုပ်ထားပြီး တင်ပို့ထားပြီးဖြစ်ပါတယ်။

၂၀၁၀ အထိတော့ ခန့်မှန်းခြေအားဖြင့် Y-8 လေယာဉ်အစီး ၁၆၉ စီး ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။
ယင်း Y-8 လေယာဉ်မှာတော့ Turboprop အင်ဂျင် လေးလုံး တပ်ဆင်ထားပါတယ်။
စစ်ဘက်တပ်ဖွဲ့ဝင်တွေ တင်ဆောင်နိုင်သလို၊ ကုန်ပစ္စည်းတွေ သယ်ပို့ပေးနိုင်တာ၊ လေထီး ခုန်ဆင်းတာနဲ့အတူ လေကြောင်း လူနာတင်ယာဉ်တစ်စီး အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ယင်းဟာ ကုန်တန်ချိန် ၂၀ ထိ တင်ဆောင်နိုင်သလို ခန့်မှန်းခြေအားဖြင့် တပ်သား ၉၆ ဦး ဒါမှမဟုတ် အရှည် ၁၃ မီတာခွဲ၊ အကျယ် ၃ မီတာနဲ့ အမြင့် ၂ ဒသမ ၄ မီတာရှိတဲ့ ကုန်တင်ခန်းအတွင်း လေထီးတပ်သား ၈၂ ဦး လောက် တင်ဆောင်နိုင်စွမ်းရှိပါတယ်။

ယင်း Y-8 လေယာဉ်ကိုတော့ တရုတ်အပြင် မြန်မာ၊ ပါကစ္စတန်၊ ဆူဒန်၊ တန်ဇနီးယား၊ ဗင်နီဇွဲလားတို့ လက်ရှိ အသုံးပြုနေလျက်ရှိပြီး သီရိလင်္ကာလည်း ယခင်က အသုံးပြုခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်အလွန်မှာ ဆိုဗီယက်ယူနီယံထုတ် An-12 ပြန်လည် ဒီဇိုင်းဆွဲထားတဲ့ လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ဒီဇိုင်းကို ၁၉၇၂ ခုနှစ်မှာ ဒီဇိုင်းရေးဆွဲပြီးစီးပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံး ပျံသန်းခဲ့ပါတယ်။

Post a Comment

 
Top