0


 မြန်မာ့တပ်မတော် (လေ) တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က Y-8 လေယာဉ်သင်တန်းအား တရုတ်နိုင်ငံသို့ သွားရောက်တက်ရောက်ခဲ့ပြီး တပ်မတော် (လေ) မှ ၀ယ်ယူခဲ့သည့် Y-8 လေယာဉ်များဖြစ်သော လေယာဉ်အမှတ် (၅၈၁၇၊ ၅၈၁၈) တို့အား မြန်မာနိုင်ငံသို့ ကိုယ်တိုင်မောင်းနှင် ယူဆောင်ခဲ့သည့် လေယာဉ်မှူးများအနက် တစ်ဦးဖြစ်ပြီး ယခုအခါ မြန်မာအမျိုးသားလေကြောင်းလိုင်း၌ EMBRAER လေယာဉ်တွင် လေယာဉ်မှူးကြီး (နည်းပြဆရာ) အဖြစ် တာဝန်ထမ်းဆောင်နေသူ Capt စိုးဟန်အား Y-8 လေယာဉ်ပျက်ကျမှုဖြစ်စဉ်အပေါ် ၎င်း၏ ထင်မြင်ယူဆချက်များအား သွားရောက် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
■ မေး - ပျက်ကျခဲ့တဲ့ Y-8 လေယာဉ်နဲ့ပတ်သက်ပြီး ရေဒါကနေ နောက်ဆုံးဖမ်းယူရရှိခဲ့တဲ့ အခြေအနေကို Catp သိသလောက် ပြောပြပေးပါရှင့်။
ဖြေ - သိရသလောက်ကတော့ ရေဒါမှာနောက်ဆုံး Position Report လုပ်သွားတာ ပေ ၁၈၀၀၀ ထားဝယ်တောင်ဘက် မိုင် ၂၀ ရှင်မော်ကွေ့နားလောက်ဖြစ်မယ်။ အဲဒီနေရာကနေ ပေ ၂၀၀၀ ဆင်းသွားတဲ့အထိ ရေဒါမှာ ပေါ်နေတယ်။ ပြီးမှ ပျောက်သွားတယ်။ နိမ့်ဆင်းသွားချိန်မှာ လေယာဉ်အရှိန်နှုန်းက မြန်လာခဲ့ပြီး ပေ ၅၀၀၀ လောက်အရောက်မှာ ပြန်နှေးသွားတယ်လို့ သိရတယ်။
■ မေး - ဟုတ်ကဲ့။ ဒါဆို Y-8 လေယာဉ် ဘာကြောင့်ပျက်ကျသွားတာဖြစ်နိုင်သလဲဆိုတဲ့ အပေါ် Capt အနေနဲ့ Professional Thinking လေး ပြောပြပေးပါ။
ဖြေ - Y-8 လေယာဉ်ပေါ်မှာ 5 cockpit crew၊ 4 Porpengine၊ Separate Fule Bags (Military version)၊ Wx radar၊ Transpondew၊ ELT၊ nav aid အပြည့်အစုံပါတယ်။ အင်ဂျင်နှစ်လုံး ရပ်သွားတောင် ဆက်သွားလို့ရတယ်။ အနီးဆုံး ထားဝယ်ကို မိုင် ၂၀ ပဲရှိလို့ ခုနစ်မိနစ်နဲ့ ဆင်းလို့ရတယ်။ ရန်ကုန်သွားတဲ့ လမ်းကြောင်းကလည်း Coastal အတိုင်းပဲ။ အခုဖြစ်သွားတာက ရုတ်တရက် တစ်ခုခုဖြစ်သွားလို့ ဘာမှဆက်ပြောမသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ Pilot အတွက် May Day ခေါ်ဖို့ တောင် အချိန်လုံးဝမရနိုင်တဲ့ အခြေအနေ ဖြစ်သွားတယ်လို့ သိရတယ်။ အဲဒီတော့ စဉ်းစားဖို့ ပထမဆုံးအချက်က ရာသီဥတု ဆိုးရွားတာနဲ့ ကြုံသွားလို့လား။ ဥပမာ မုန်တိုင်းထဲ ရုတ်တရက် ၀င်သွားလို့ လေယာဉ်ကို ထိန်းမရတဲ့ အနေအထားမျိုး ဖြစ်သွားတာလား။ နောက်တစ်ခုက Flight Control (လေယာဉ်ပျံသန်းရေးနည်းစနစ်) ကို တစ်ခုခု ထိခိုက်သွားလို့လား။ ကားဆိုရင် တိုက်ရော့ပြုတ်သွားမျိုးပေါ့။ ဒုတိယအချက်က လေယာဉ်ပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း DG (dangerous goods) ပါသွားသလား။ အဲဒီ DG က ပေါက်ကွဲမှု တစ်ခုခုဖြစ်ပြီး Flight Control ကို ထိခိုက်မိစေသလား စဉ်းစားစရာပေါ့လေ။ လေယာဉ်ရဲ့ Black Box ပြန်ရှာတွေ့နိုင်ရင်တော့ တိကျတဲ့အဖြေကို သိရမှာပါ။
■ မေး - တချို့ကလည်း လေယာဉ်ရဲ့ အရည်အသွေး (Quality) ကြောင့် ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြတော့ ဒါလေးကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ - ဒီလေယာဉ်က တပ်မတော် (လေ) က ၀ယ်ယူစဉ်တည်းက အသစ်ကို ၀ယ်ထားတာပါ။ ပျံသန်းချိန်နာရီ လုံးဝမရှိသေးတဲ့ (Flying hours-0) လေယာဉ်သစ်ပါ။ ဒီလေယာဉ်က Military Version ပါ။ လေယာဉ်ရဲ့ ထူးခြားချက်တစ်ခုက လေယာဉ်ဆီကို ရော်ဘာအိတ်တွေနဲ့ တစ်အိတ်ချင်း ထည့်ထားတာပါ။ ကျည်ဆန်တွေ ဘာတွေမှန်ခဲ့ရင် အလိုလို ပြန်ပိတ်သွားတဲ့ နည်းစနစ်မျိုးနဲ့ ပြုလုပ်ထားတာ။ တခြားလေယာဉ်တွေက ဆီသိုလှောင်တဲ့ပုံစံဆိုရင် တစ်ခုခုဖြစ်ရင် ဆီတွေအကုန်ထွက်ကျနိုင်တယ်။ အခုက Military Version ဖြစ်တဲ့အတွက် လေယာဉ်ဆီ ဆုံးရှုံးတာတွေ၊ မီးလောင်တာမျိုးတွေ မဖြစ်စေဖို့အတွက် ထုတ်ထားတာပေါ့။
■ မေး - ဟုတ်ကဲ့ ဒီလေယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ စက်ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ပါသလား ဆရာ။ နောက်ပြီးတော့ သတ်မှတ်ထားတဲ့ အလေးချိန်ထက် ပိုမိုတင်ဆောင်မှုကြောင့်ရော ဖြစ်နိုင်မလားဆိုတာ ပြောပြပေးပါ။
ဖြေ - စက်ချွတ်ယွင်းတာ လုံးဝမဖြစ်နိုင်ဘူး။ ဒီအနေအထားဆိုတာ စက်ချွတ်ယွင်းမှုကြောင့် လုံးဝမဖြစ်နိုင်ဘူး။ အင်ဂျင်လေးလုံးစလုံး တစ်ပြိုင်နက် ရပ်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ရာသီဥတုတော်တော်ကို ဆိုးရွားပြီး ထိန်းမရနိုင်အောင် ဖြစ်သွားလို့သော်လည်းကောင်း၊ တစ်ခုခု ရုတ်တရက် ပေါက်ကွဲမှုကြောင့် Flight Control ထဲက အစိတ်အပိုင်း တစ်ခုခုကို ထိခိုက်မိလို့သော်လည်းကောင်းသာ ဖြစ်နိုင်တယ်။ နောက်သတ်မှတ် အလေးချိန်ထက် ပိုပြီးတင်ဆောင်ထားသလားဆိုတာ ဒါလည်းလုံးဝမဖြစ်နိုင်ဘူး။ ၀န်ပိုတင်ရင် လေယာဉ်က လုံးဝမတက်နိုင်ဘူး။ လေယာဉ်ကွင်းမှာ ကတည်းကိုက မတက်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအချက်လည်း လုံးဝမဖြစ်နိုင်ပါဘူး။
Credit Myanmar 24 .com
via Phoe Nyan Phoe Nyan

Post a Comment

 
Top