0

၂ဝ၁၇ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုအောင်မြင်သူများထဲမှ သိပ္ပံဘာသာ၊ ဝိပ္ပံဘာသာ၊ ဝိဇ္ဇာဘာသာတွဲများအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးချွန်စွာအောင်မြင်သူTop Ten စာရင်းဝင်များ၏အမည်စာရင်းများကိုလည်း ထုတ်ပြန်ခဲ့ရာ ထူးချွန်သူကလေးများ၏ ကြိုးစားအားထုတ်မှုများ၊ ရည်မှန်းချက်များကို အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ အားကျအတုယူ ကြိုးစားလာစေရန်နှင့် နိုင်ငံနှင့်အဝှမ်း ထူးချွန်သော ကျောင်းသား ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကြေးမုံသတင်းအဖွဲ့မှ ပညာထူးချွန်သူကျောင်းသား ကျောင်းသူတို့၏ ရင်တွင်းစကားသံများကို မေးမြန်းရေးသားလိုက်ရပါသည်။



 



 မောင်သုတရဲမိုး (ဆရက-၂၃၆)
သိပ္ပံဘာသာတွဲ၊ အထက(၂)၊ ရန်ကင်း

''မျှော်လင့်မထားဘဲ ကျွန်တော်ပထမနေရာရခဲ့လို့ အတိုင်းမသိပျော်မိပါ တယ်။ အလွန်ဝမ်းသာတယ်။ ဒါကလည်း အဖေနဲ့အမေ၊ ဆရာကြီး ဦးလှကျော် ဦး၊ မူလတန်းကနေ အထက်တန်းထိ ဆရာ ဆရာမတွေအပြင် ရတနာဝိုင်းက ဆရာ ဆရာမတွေအားလုံးရဲ့ ဝိုင်းဝန်းပံ့ပိုးအားပေးမှုတွေကြောင့်ပါ။ ကျွန်တော် တစ်ယောက်ထဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်အမေဆိုရင် အစားအသောက်၊ အိပ်ချိန်၊ ကျန်းမာရေးကအစ အစစအရာရာ ဂရုစိုက်တဲ့အပြင် မြန်မာစာနဲ့ သင်္ချာကို အမေကပဲ ဂိုက်လုပ်ပြီး သင်ပေးတယ်။ ၁ဝ တန်းမှာ အရေးကြီးတာက စာကျက်ချိန်ကို တစ်နေ့ ခြောက်နာရီထားမယ်၊ တစ်နေ့စာတစ်နေ့လုပ်မယ်၊ ဖတ်စာအုပ်ကို တစ်ခန်းမှမလွတ်အောင် ဖတ်မှတ်မယ်၊ မေးခွန်းဟောင်းတွေကို များများလေ့လာမယ်၊ နောက်ပြီးတော့ မိဘ၊ ဆရာသမားတွေကို ရိုသေကိုင်းရှိုင်း မယ်၊ ဘုရားတရားလုပ်မယ်ဆိုရင် အောင်မြင်မှာပါပဲ။ ကျွန်တော့်ရည်မှန်းချက်က အင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့ပါ။''

မဖြူးခေတ် (မနတ-၂၉၇)၊ သိပ္ပံဘာသာတွဲ
(ဆု -ကိုယ်ပိုင်စာသင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်)
''ကြိုးစားကတည်းက ကိုယ့်မိဘတွေအတွက် အကောင်းဆုံးကိုပေးချင်တယ် ဆိုပြီးကြိုးစားခဲ့တာပါ။ အခု(၁)မဟုတ်ဘဲ (၂)ဖြစ်သွားတဲ့အတွက်လည်း ကျေနပ် ပါတယ်။ ၈ တန်းတုန်းက လူရည်ချွန်ဖြေခဲ့တာ မြို့နယ်အဆင့်အထိပါခဲ့ဖူးပေ မယ့် နောက်ပိုင်း ၉ တန်း၊ ၁ဝ တန်းတွေမှာ ဝင်မဖြေဖြစ်ခဲ့ပါဘူး။ ၁ဝ တန်း စာမေးပွဲအတွက်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။
သမီးက ငယ်ငယ်တည်းက ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဆရာဝန်ကြီး ဖြစ်ချင်ခဲ့တာပါ။ အဓိကကတော့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ်ကျန်းမာမှလုပ်သလောက်အရာထင်နိုင်မှာလေ၊ များများကြိုးစားရမယ်ဆိုတာထက် ဥာဏ်နဲ့ယှဉ်ပြီး ကြိုးစားစေချင်ပါ တယ်။ နောက်ပြီးကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ ရည်မှန်းချက်ကို သေသေ ချာချာကိုချမှတ်ရမယ်၊ ကိုယ်လုပ်နေတဲ့အပေါ်မှာ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့လုပ်ဆောင်မယ်ဆို သေချာပေါက် အောင်မြင်မှုတွေရမယ်လို့ ပြောချင်ပါတယ်။''

မောင်အောင်ခန့်ညားကျော် (ဆကရ-၁၈)
သိပ္ပံဘာသာတွဲ၊ အထက၊ လေ့ကျင့်ရေး၊ ကမာရွတ်
''နှစ်စကတည်းကTop Ten စာရင်းထဲဝင်ရမယ်ဆိုပြီး ရည်မှန်းထားတော့ ကိုယ်ကြိုးစားခဲ့တဲ့ရလဒ်ကို ပြန်ခံစားရလို့ ပျော်တယ်။ ဒါကြောင့်လည်း ကျွန်တော့် ဖေဖေနဲ့မေမေရယ်၊ ကျောင်းကဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆို ဒုတိယနဲ့နှစ်မှတ်ကွာတယ်။ ဒါကလည်း ကိုယ်ကြိုးစားတဲ့ ပမာဏ ရယ်၊ ကံရယ်ပေါ့။ ၁ဝ တန်းစာမေးပွဲက အရမ်းခက်လှတယ်မဟုတ်ပါဘူး။ ကျောင်းမတက်ခင်ကတည်းက သင်ခန်းစာတွေကို ကြိုတင်လေ့လာတယ်။ ဆရာ ဆရာမတွေ ပြောတဲ့အတိုင်း သေချာလုပ်မယ်၊ တစ်နေ့စာတစ်နေ့ မှန်မှန် ကျက်မယ်။ အဓိကအရေးကြီးတာက ကျန်းမာရေးပေါ့။ ကျွန်တော်ဆို စိတ်လှုပ် ရှားတတ်တာကြောင့် စာမေးပွဲဖြေခါနီးတိုင်း နေမကောင်း ခဏခဏဖြစ်တယ်။ အနှောင့်အယှက်တွေ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ နောက် စိတ်ဖိစီးတာတွေလည်း မဖြစ်စေဘဲနားလိုက်၊ စာလုပ်လိုက်နဲ့ ပေါ့ပေါ့ပါးပါး လုပ်တာကောင်းပါတယ်။ ကျွန်တော်YTU တက်ပြီးတော့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်အောင် လုပ်မှာပါ။''

မကြယ်စင်စု (ဆကရ-၉၄)
သိပ္ပံဘာသာတွဲ၊ အထက၊ လေ့ကျင့်ရေး၊ ကမာရွတ်
''အခု ဒီလိုTop 3 ရတယ်ဆိုတော့ တော်တော်ကို ပျော်ပါတယ်။ တစ်မိသားစုလုံး ဝမ်းသာကြပါတယ်။ အဘွားဆိုလည်း တော်တော်ပျော်နေတယ်။ အမှန်အတိုင်းပြောရရင် မှန်းလည်းမှန်းမထားဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တယ်လို့ မခံစားဖူးတော့ ဒီလိုပဲ ဆရာ ဆရာမတွေပေးတဲ့စာကို တစ်နေ့ စာတစ်နေ့မှန်မှန်လုပ်ပြီး စာသင်တဲ့အချိန်မှာ စိတ်ပါဝင်စားပြီး နားထောင်ခဲ့တာ ပါပဲ။ အမေကတော့ ဆရာဝန်လည်းဖြစ်စေချင်တယ်။ အောဒီလည်းရစေချင် တယ်။ သမီးကလည်းရအောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိတော့ ကြိုးစား တယ်။ တစ်မိသားစုလုံးကလည်း ပံ့ပိုးပေးကြတယ်။ အကုန်လုံး လိုလေးသေးမရှိ ပေါ့။ သည်းလည်းသည်းခံကြပါတယ်(ရယ်လျက်)။ မေမေနဲ့အဘွားကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့တွေ ကျေးဇူးကြောင့်ပါ။ သမီးအနေနဲ့ ၁ဝ တန်းမှာ အသားကုန်ချည်း တစ်နေ့ကို ရှစ်နာရီစာလုပ်ရမယ်ဆိုတာကို အားမပေးဘူး။ စာသင်တဲ့အချိန်မှာ စာကိုအာရုံ မစိုက်ဘဲ အိမ်ရောက်မှလုပ်မယ်ဆိုတာလည်း မဖြစ်ဘူး။ စိတ်ခံစားချက်တွေကို လျှော့ပြီး သက်သက်သာသာနဲ့ကျော်ဖြတ်ဖို့ပါ။ သမီးရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ပါ။

မသိမ့်အိချို (ဆလသ-၁၆ဝ)
သိပ္ပံဘာသာတွဲ၊ အထက-၂၊ လသာ
''သမီးက နှစ်စကနေစပြီး ဆရာ ဆရာမတွေစာသင်တဲ့အချိန်မှာ သေချာလိုက် နားထောင်ပြီးတော့ စာကျက်တဲ့အခါမှာလည်း မှတ်မိအောင်ကျက်တယ်။ မျှော် မှန်းထားသလိုဖြစ်လာတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ သမီးငယ်ငယ်က သူငယ်တန်းကနေ ဒုတိယတန်းထိ ဆုမရခဲ့ပါဘူး။ နောက်ပိုင်းမှ ဆုတွေရလာ တာပါ။ ၂ဝ၁၅ ခုနှစ်နဲ့ ၂ဝ၁၆ ခုနှစ်မှာ ဘက်စုံပညာထူးချွန် လူရည်ချွန်ဆုတွေ ကိုလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့် သမီးရဲ့မိဘတွေနဲ့ ဆရာ ဆရာမတွေကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။ နောင်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေကို ပြောချင်တာကတော့ စာကိုလည်းကျက်ပါ၊ အပြင်းအထန်တော့ မလုပ်ကြပါနဲ့၊ အပြင်းအထန်မလုပ်နဲ့ဆိုတာ စာကျက်ချိန်မှာ သေချာကျက်ပြီးတော့ နားချိန် မှာလည်း သေချာနားပါလို့၊ အဲဒါမှ စာမေးပွဲဖြေဆိုတဲ့နေရာမှာ သေချာဖြေဆိုနိုင် မှာပါ။ အမြဲတမ်းအခန်းထဲမှာ စာကျက်နေရင်လည်း ခေါင်းကမရွှင်တဲ့အတွက် ကြောင့် အဆင်ပြေမယ်မဟုတ်ဘူးထင်ပါတယ်။ သမီးရည်မှန်းချက်ကတော့ အနာဂတ်မှာ ထူးချွန်တဲ့ဆရာဝန်ကောင်းဖြစ်အောင် ဆက်လက်ကြိုးစားသွား မှာပါ။''

 မဆွေဇင် (ဆလသ-၂၁၆)
သိပ္ပံဘာသာတွဲ၊ အထက-၂၊ လသာ
''၁ဝ တန်းကို တစ်နှစ်လုံးတော့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဂုဏ်ထူး ခြောက်ဘာသာရဖို့ မျှော်မှန်းထားပေမယ့်Top 10 စာရင်းထဲဝင်မယ်လို့တော့ မမျှော်မှန်းထားပါဘူး။ အခုလိုမျိုးအောင်မြင်မှုရရှိတဲ့အတွက် ဝမ်းသာတယ်။သင်ကြားပေးတဲ့ ဆရာ ဆရာမတွေနဲ့ အဘက်ဘက်က ထောက်ပံ့ပေးတဲ့ သမီးရဲ့မိဘတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ငယ်ငယ်တုန်းကဆို ဆုတွေသိပ်မရဘူး။ ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်း လောက်ကျမှ ဆုတွေရလာတာပါ၊ ၁ဝ တန်း နှစ်စပိုင်းလောက်ကဆို ခြောက်နာရီလောက်ပဲအိပ်တယ်။ နောက်ပိုင်း စာမေးပွဲနီးလာတော့ ခုနစ်နာရီလောက်အိပ်ပြီး စာတွေကိုကြိုးစားခဲ့တယ်။ ဒါကြောင့် နောက်နှစ်တွေမှာ ဖြေဆိုမယ့်မောင်ငယ်ညီမငယ်အားလုံး ရှိတဲ့အချိန်၊ ရတဲ့အချိန်မှာ အကောင်းဆုံးကြိုးစားပြီးလုပ်ပါလို့ ပြောချင်ပါတယ်။ သမီးရဲ့ ရည်မှန်းချက်ကတော့ အထူးကုဆရာဝန်ကြီးတစ်ယောက်ဖြစ်အောင် ကြိုစား သွားမှာပါ။''

 မောင်ဝေယံဖြိုးဦး(အဂ-၂၃)၊ သိပ္ပံဘာသာတွဲ
အထက-ကြံခင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့
''အခုလိုTop 10 စာရင်းထဲမှာပါခဲ့တာဟာ ကျောင်းကဆရာ ဆရာမတွေရဲ့ သင်ကြားပြသမှုတွေကို သေချာလိုက်နာပြီး တစ်နေ့စာတစ်နေ့ မှန်မှန်ကြိုးစား ကျက်မှတ်ခဲ့လို့ပါ။ ကျွန်တော်က ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်း သုံးနှစ်စလုံး လူရည်ချွန်အဖြစ်အရွေးခံခဲ့ရပါတယ်။ ကျွန်တော့်ရည်မှန်းချက်က ရန်ကုန် နည်းပညာတက္ကသိုလ်ကိုတက်ရောက်ပြီး ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်အောင်ကြိုးစားသွားဖို့ ရည်ရွယ်ထားပါတယ်။
ကျွန်တော် ညီငယ်၊ ညီမငယ်လေးတွေကို ပြောချင်တာက မိဘ၊ ဆရာ သမားတွေရဲ့ ကျေးဇူးတရားကို အမြဲအောက်မေ့ပြီး အကောင်းဆုံး ကြိုးစား ကြပါ။ နှစ်စကနေစပြီး အချိန်ဇယားလေးနဲ့ တစ်နေ့စာတစ်နေ့ မှန်မှန်ကျက်ပါ။စာမေးပွဲနီးလာပြီဆိုတာနဲ့ ကိုယ်အားနည်းတဲ့ ဘာသာရပ်ကို ဖိဖိစီးစီးပိုအချိန် ပေးပြီးကြိုးစားပါ။ ကျန်တဲ့ဘာသာရပ်တွေကိုလည်း မျှမျှတတလုပ်သွားပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အကောင်းဆုံးကြိုးစားသွားမယ် ဆိုရင် အောင်မြင်မှုတွေရရှိလာမှာပါလို့ ပြောချင်ပါတယ်။''

 မောင်အောင်သန့်ကျော် (ဆကရ-၁၉ဝ၅)
ဝိပ္ပံဘာသာတွဲ၊ အထက(၅)၊ ကမာရွတ်
''အစတုန်းက အမှတ်ကို ငါးရာကျော်မယ်လို့ မှန်းထားပေမယ့် အခုလို တစ်နိုင်ငံလုံးမှာ ပထမရမယ်လို့တော့ ထင်မထားပါဘူး။ ထင်မထားတော့ ပိုပျော်တယ်(ရယ်လျက်)။ ပြီးတော့ဒီစာမေးပွဲက ကျွန်တော့်အတွက် ဖိအား တော်တော်များပါတယ်။ အရှေ့မှာ အစ်ကိုကလည်း အမှတ်ပေါင်း ၅၄၇ နဲ့ တစ်နိုင်ငံလုံး ပထမရထားတော့ ကျွန်တော့်ကိုတွေ့တဲ့ဆရာမ၊ တွေ့တဲ့လူတိုင်း ကလည်း ပြောကြတယ်။ နင့်အစ်ကိုလို ဖြစ်ပါ့မလားဆိုပြီး၊ သူဖြစ်သွားသလို ကျွန်တော့်ကိုလည်း ဖြစ်စေချင်ကြတယ်။ ကျွန်တော် စိုးရိမ်စိတ်တော်တော်ဖြစ် ခဲ့ရတယ်။ အခုတော့ ကျွန်တော့မိဘ၊ ဆရာ ဆရာမတွေ ကျေနပ်ဂုဏ်ယူနေရ ပါပြီ။ စာမေးပွဲက ကြိုးစားရင်ရပါတယ်။ စာကိုပုံမှန်ကြိုးစားမယ်၊ စိတ်ကိုတင်း မထားဘဲ ကျက်ချင်တဲ့အချိန် စာကျက်၊ နားချင်တဲ့အချိန်နားမယ်၊ အားနည်းတဲ့ ဘာသာကို ပိုကြိုးစားမယ်။ တစ်မှတ်တန်ကအစ သေချာကျက်မှတ်မယ်ဆိုရင် အောင်မြင်မှာပါ။ ကျွန်တော်ငယ်ငယ်လေးကတည်းက နည်းပညာပိုင်းကို စိတ်ဝင် စားတော့ အဆင့်မြင့်ကွန်ပျူတာတက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။''

တွေ့ဆုံမေးမြန်း-သီသီမင်း၊ ခင်ဇာလီ၊ ဇာနည်မောင်၊ ဓာတ်ပုံ- အေးမင်းသူ၊ ခင်မောင်ဝင်း(ကြေးမုံ)

Post a Comment

 
Top