0

ဇွန် ၁၇ – ဖိလစ်ပိုင်စစ်တပ်နဲ့ မာရာဝီမြို့ထဲက လက်နက်ကိုင်စစ်သွေးကြွတွေ တိုက်ခိုက်နေတဲ့ စစ်ပွဲကို သတင်း ရယူရင်း သြစတြေးလျားဂျာနယ်လစ်တစ်ဦးဟာ ကြာသပတေးနေ့မှာ မှားယွင်းပစ်ခတ်မိတဲ့ ကျည်ဆန်ထိမှန် ခဲ့ပါတယ်။ အေဘီစီသတင်းထောက် အဒမ်ဟာဗေးဟာ သိမ်းပိုက်ခံထားရတဲ့မြို့အတွင်း လုံခြုံရေးစစ်တပ်ဝန်းအတွင်း ရှိနေချိန်မှာ ကျည်ဆန်ထိမှန်ခဲ့ပြီး အနီးအနားက ဆေးရုံတစ်ရုံမှာ ကုသခဲ့ရပါတယ်။ သူ့ဒဏ်ရာဟာ ခွဲစိတ်ကုသဖို့လိုအပ်တယ်လို့ ယုံကြည်ရပေမယ့် မပြင်းထန်ပါဘူး။
“ကျွန်တော့်လည်ပင်းဘေးမှာ အရမ်းပြင်းထန်တဲ့ နာကျင်မှုတစ်ခုခံစားလိုက်ရပြီး မြေကြီးပေါ်ကို လဲကျသွားတယ်။ ကျွန်တော့်ကို ဗုံးဆန်မှန်တယ် လို့ ထင်လိုက်တာ” လို့ သူက အေဘီစီသတင်းဌာနကို ပြောပါတယ်။ “ကံကောင်းတယ်” လို့ သူက ဓာတ်မှန်ရိုက်ခံပြီးနောက် ပြောပါတယ်။ သူ့မေးရိုးရဲ့နောက်ကျောမှာ ကျည်ဆန်ဝင် နေတာကို ဓာတ်မှန်မှာ မြင်ရပါတယ်။ “ကံကောင်းတာက ကျည်ဆန်က အရေးကြီးတဲ့နေရာမှန်သမျှနဲ့ လွတ်နေတယ်” လို့ သူက ပြောပါတယ်။

ခြံဝန်းကို စစ်တပ်က စောင့်ကြပ်နေပေမယ့် သေနတ်သမားတွေ ထိန်းချုပ်ထားတဲ့ မြို့ရဲ့အပိုင်းနဲ့ ၂ ကီလိုမီတာ လောက်သာ ကွာဝေးပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖိလစ်ပိုင်တပ်မတော်ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတဲ့ မြို့အနီးဝန်းကျင်ကို မီဒီယာ ၀င်ခွင့်ကန့်သတ်လိုက်ပါတယ်။ ဖိလစ်ပိုင်မှာ အိုင်အက်စ်ကိုအားကျတဲ့ စစ်သွေးကြွတွေက အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်မယ်လို့ ကြွေးကြော်ပြီး နောက် မေ ၂၃ မှာ မြို့ရဲ့ခရိုင်အများအပြားကို သိမ်းပိုက်လိုက်တဲ့အတွက် မင်ဒါနာအိုပြည်နယ်မှာရှိတဲ့ သည်မြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။


ref: CNA, June 17th

Post a Comment

 
Top