(ကန့်ဘလူ၊ ဇွန် ၆)
ကန့်ဘလူခရိုင်က မှုခင်းနဲ့ သတင်း ၊ အထူး
သတင်းထောက် အဖွဲ့လို့ နာမည်ခံထားတဲ့ အဖွဲ့တစ်ဖွဲ့လုံးကို အဲ့ဒီဒေသ က NLD
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က အကြောင်းအရာ သုံးခုနဲ့ ရဲစခန်းမှာ အမှုဖွင့်
တိုင်ကြားထားတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် နာမည်အလွဲ
သုံးစားလုပ်မှု၊ ရဲ အယောင်ဆောင်မှု ၊ အများပြည်သူ လူထုအား မတရား တားဆီး
ပိတ်ပင်မှု စတဲ့ အကြောင်းအရာတွေနဲ့ ကန့်ဘလူခရိုင် မှုခင်းနှင့် သတင်း၊ အထူး
သတင်းထောက်လို့ နာမည် ခံထားတဲ့ အဖွဲ့က ခရိုင်တာဝန်ခံ ဦးမောင်မောင်လွင်
အပါအ၀င် အဖွဲ့ဝင်သုံးဦးကို ဦးတည်ထားပြီး တစ်ဖွဲ့လုံးကို ဇီးကုန်းနယ်မြေ
ရဲစခန်းမှာ တိုင်ကြား ထားတာလို့ တိုင်ကြား ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်က
ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ကန့်ဘလူမြို့နယ် မှာကျင်းပတဲ့
လွှတ်တော် ကိုယ်စားလှယ် တွေ့ဆုံပွဲ အပြီးဖြစ်ပွားခဲ့တဲ့ အခြေအနေ
တစ်ရပ်ပေါ်မူတည်ပြီး အခုလို အမှုဖွင့် တိုင်ကြားတဲ့ အဆင့်ထိကို ဖြစ်ခဲ့တာပါ။
ဒီလွှတ်တော် ကိုယ်စားလှယ် တွေ့ဆုံပွဲ အပြီး ပြန်လာတဲ့ တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်သူ ဟန်ထွန်း မောင်း လာတဲ့ ကားရှေ့ကနေ
အဲ့ဒီ အထူး သတင်းထောက် အမည်ခံ အဖွဲ့က လူက ပိတ်ရပ်ပြီး ကားမှန်ချ ခိုင်းတာ
တွေ လုပ်ခဲ့ တယ်လို့ ကာယကံရှင်ဖြစ်သူ ဒေါက်တာကျော်သူဟန်ထွန်း က ဆိုပါတယ်။
“တွေ့ဆုံပွဲ အပြီးပြန်တော့ သူတို့ကိုတွေ့ တာပဲ။ နောက် ကျွန်တော်
မောင်းလာတဲ့ကားရှေ့ကို အဲ့အဖွဲ့က ဆိုင်ကယ် တစ်စီးက အတင်းကျော်တပ်တယ်၊
ပြီးတော့ ပိတ်ရပ်ပြီး ကားမှန် တံခါးချခိုင်းတယ်။ ကျွန်တော် ကားဘက်မှန်
ထဲမှာ ကြည့်တော့သူတို့ အဖွဲ့ထဲက နောက်ထပ် လူတွေ နောက်က လိုက်လာ တာ
ကိုတွေ့ရတယ်။ အဲ့ဒါနဲ့ သူတို့ ပုံစံက အကူအညီတောင်းမယ့် ပုံစံလည်း
မပေါက်တာနဲ့ ကျွန်တော် ကားကိုမရပ်ဘဲ ဆက်မောင်း ထွက်ခဲ့တယ်။ နောက် ကျွန်တော်
ရဲစခန်းကို သွားတိုင်တာပါ” လို့ သူကဆိုပါတယ်။ စစ်ဆေးတဲ့ အခါမှာတော့
ခရိုင်တာဝန်ခံ ဦးမောင်မောင်လွင် ဆိုသူက တမန်းလန်းသစ်တွေ သယ်ဆောင်လာတယ်လို့
သတင်းရတဲ့ အတွက် အခုလို လုပ်ရတာဖြစ်တယ် လို့ပြန်ပြောကြောင်း ၊ ဒါ့အပြင်
လွှတ်တော် ကိုယ်စားလှယ် ကခိုင်းလို့ လုပ်တာလို့ လည်းပြောကြောင်း ၊
ဒါ့ကြောင့် အခုလို ရဲစခန်းမှာ တိုင်ကြား ရတာဖြစ်ကြောင်းလည်း
ဒေါက်တာကျော်သူဟန်ထွန်းက ဆိုပါတယ်။ လက်ရှိမှာ ကားရှေ့ကနေ ပိတ်ရပ်တဲ့
နှစ်ဦးကို ရဲက ဇီးကုန်း နယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထားကြောင်း သိရပြီး ၊
ခရိုင် တာဝန်ခံဖြစ်သူ ကိုတော့ သတင်း မကြားရသေးဘူးလို့ သူက ဆက်ပြော ပါတယ်။
ကန့်ဘလူခရိုင် မှုခင်းနှင့် သတင်း ၊ အထူး သတင်းထောက်လို့ နာမည်ခံထားတဲ့
အဖွဲ့ ဟာ ဆိုရင် လွန်ခဲ့တဲ့ သုံးလလောက် ကတည်းက စတင် ဖွဲ့စည်းခဲ့တဲ့
အဖွဲ့ဖြစ်ပြီး အင်အား ၇၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး
ဆက်လက်ဆောင် ရွက် စရာတွေ ရှိသေးကြောင်းနဲ့ လောလောဆယ် ဒီလောက်
ပဲပြောလို့ရသေးတယ်လို့ တိုင်ကြားထားသူ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာကျော်သူဟန်ထွန်းက ဆိုပါတယ်။
Post a Comment