0
စနေနေ့ည ၁ဝနာရီလောက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ London Bridge နဲ့ အနီးအနား Borough Market မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ London Bridge ရဲ့ ဖြစ်ပွားပုံအသေးစိတ်ကတော့ လန်ဒန်မြို့စံတော်ချိန် ည ၁၀:၀၈ မိနစ်လောက်မှာ အကြမ်းဖက်သမား ၅ ယောက်မောင်းနှင်လာတဲ့ ဗန်ကားတစ်စီးဟာ မြောက်ဘက်အရပ်ကနေ လန်ဒန်တံတားပေါ်ကို အရှိန်နဲ့ မောင်းဝင်လာပြီး သွားလာနေတဲ့ လူအုပ်ကြီးထဲကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဝင်တိုက်အပြီးမှာလည်း အကြမ်းဖက်သမားတွေဟာ ဗန်ကားထဲက ထွက်လာခဲ့ပြီး လမ်းသွားလမ်းလာတွေကို ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုပဲ Borough Market အနီးမှာလည်း ဓားကိုင်ထားတဲ့ အကြမ်းဖက်သမား ၃ယောက်ခန့်ဟာ Wheatsheaf နဲ့ Southwark Tavern Pub တွေရဲ့ အပြင်ဘက်နားက လူအုပ်ထဲကို ဓားနဲ့ လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ဗီဒီယိုတွေနဲ့ မျက်မြင်သက်သေတွေအဆိုအရ သေနတ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပြီးတော့ အကြမ်းဖက်သမား ၃ ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဟာ လမ်းတစ်လျှောက် စားပွဲထိုးအမျိုးသမီးတစ်ဦးအပါအဝင် လူ ၃ ဦးလောက်ကို ဓားနဲ့ ထိုးပစ်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မကဘဲ London Bridge ဧရိယာအတွင်း ပေါက်ကွဲမှု ၄ ခုလောက်ရဲ့ အသံကိုလည်း မနက် ၁း၂၀ မိနစ်နဲ့ ၁း၅၀ မိနစ်ကြား ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ ဒီဖြစ်ရပ်တွေကြောင့် အနည်းဆုံး လူ ၂ဝ ဦးခန့်ကို နီးစပ်ရာဆေးရုံ ၆ ခုလောက်ကို ပို့ဆောင်ကုသထားရတယ်လို့ သိရပြီး အနည်းဆုံး လူ ၆ဦးခန့် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ အကြမ်းဖက်သမားတွေကို စိစစ်ဖော်ထုတ်ဖို့အတွက် ဒီဖြစ်ရပ်နဲ့ ပက်သက်ပြီး ရနိုင်သမျှ သက်သေ ဓာတ်ပုံနဲ့ Video တွေကို သူတို့ဆီ ပို့ပေးဖို့ ပြောထားပြီးတော့ လန်ဒန်မြို့တော်ဝန်  Sadiq Khan ဟာလည်း ဒီဖြစ်ရပ်နဲ့ ပက်သက်ပြီးတော့ “အပြစ်မဲ့ လန်ဒန်မြို့နေလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ သရဲဘောကြောင်စွာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်တယ်”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Theresa May ကတော့ ဒီဖြစ်ရပ်အတွက် အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ဆိုခဲ့ပြီး အမေရိကန်သမ္မတ Donald Trump ကတော့ “US အနေနဲ့ ဒီဖြစ်ရပ်အတွက် ကူညီနိုင်သမျှ ကူညီမှာဖြစ်ပြီး We are with you” လို့ သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ မေလ ၂၂ ရက်နေ့ Manchester Arena မှာ ပြုလုပ်ခဲ့တဲ့ Ariana Grande ရှိုးပွဲ ဗုံးဖောက်ခွဲမှုအပြီး နှစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံအတွက် ဒုတိယမြောက် အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။

Post a Comment

 
Top