0

အလိုမတူဘဲ သားမယား ပြုကျင့်မှုဟာ နိုင်ငံတိုင်းလိုလိုမှာ ကြီးလေးတဲ့ပြစ်မှု မြောက်ပေမဲ့ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အမျိုးသမီးတစ်ဦးကတော့ အလိုမတူဘဲ သူ့ကို သားမယား ပြုကျင့်ခဲ့သူကိုမှ လက်ထပ်ယူဖို့ အတင်းအဓမ္မ ဖိအားပေးခံခဲ့ရပြီး နောက်ဆုံးမှာ ကလေး ကိုးဦးအထိ မွေးပေးခဲ့ရတယ်လို့ မေ ၃၀ ရက်က Telegraph သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ Sherry Johnson ဆိုတဲ့ အမျိုးသမီးဟာ အလိုမတူဘဲ သားမယား ပြုကျင့်ခံခဲ့ရလို့ အသက် ၁၀ နှစ် အရွယ်မှာကတည်းက ပဋိသန္ဓေတည်၊ သမီးလေးတစ်ယောက် မွေးဖွားခဲ့ရပြီး အသက် ၁၁ နှစ်မှာတော့ သူ့ကို သားမယား ပြုကျင့်ခဲ့သူကိုပဲ လက်ထပ်ယူခဲ့ရတယ်လို့ New York Times နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မေးမြန်းသူ Nicholas Kristof နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ (ပုံ - အသက် ၁၂ နှစ်အရွယ် မိန်းမငယ်လေးကို လက်ထပ်ယူတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသား ပုံစံမျိုး လူအများကြားမှာ ဟန်ဆောင်ပြီး လူတွေရဲ့ တုံ့ပြန်မှုကို စမ်းသပ်တဲ့ဖြစ်စဉ်မှ)
Ttlsrouah3moy0wuojhi
“ကျွန်မကို ဖိအားပေးခဲ့ကြတယ်၊ တကယ်လို့ ကျွန်မသာ လက်ထပ်ချင်တယ်ဆိုရင် လက်ထပ်ဖို့ ကျွန်မ အမေကလည်း ပြောခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ မသိဘူး၊ လက်ထပ်တယ်ဆိုတာ ဘာလဲ၊ ဇနီးတစ်ယောက် ပုံစံမျိုး ကျွန်မ ဘယ်လိုပြုမူရမှာလဲပေါ့၊ ဒါနဲ့ အမေပဲယူလိုက် ဆိုပြီး ပြန်ပြောခဲ့တယ်” လို့ ရှင်းပြပါတယ်။ ဒါပေမဲ့ မငြင်းဆန်နိုင်ခဲ့ဘဲ ယူလိုက်ရပြီး နောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ “အလိုမတူဘဲ ကိုယ့်ကို သားမယား ပြုကျင့်ဖူးသူကို ပေါင်းသင်းရတာ သိပ်ကြောက်စရာကောင်းတယ်၊ ကျွန်မ ပညာရေးကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရတယ်၊ ခဏခဏလည်း ကိုယ်ဝန်ဆောင်ရပြီး ကလေး ကိုးယောက်အထိ မွေးခဲ့ရတယ်” လို့ ဆိုပါတယ်။
O4od4axdizef7kmhucsj
ဒါ့ပြင် သူမက “ရှင့်မှာ အလုပ်မရဘူး၊ ကားလည်း မရဘူး၊ လိုင်စင်လည်း မရဘူး၊ အိမ်စာချုပ်မှာလည်း လက်မှတ်ထိုးခွင့် မရှိဘူး၊ ဒါဆို အရမ်းငယ်သေးတဲ့ ကလေးတစ်ယောက်ကို ဘာဖြစ်လို့ လက်ထပ်ဖို့ ခွင့်ပြုခဲ့တာလဲ” ဆိုပြီး စောဒကတက် မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။ အခုအခါမှာတော့ သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမလိုဘ၀မျိုး မကြုံစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကလေးသူငယ်တွေ လက်ထပ်တာ အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်တော်တော်များများမှာ ပါဝင်အားထုတ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရည်မှန်းချက်ဟာလည်း ထင်သလောက် အောင်မြင်မှု မရသေးဘဲ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လက်ထပ်ခဲ့တဲ့ ကလေးသူငယ်ပေါင်း ၂၄၈,၀၀၀ ရှိခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။

Post a Comment

 
Top