0

အောင်ဝင်းခိုင်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဝရမ်းထုတ်နိုင်ရန်အတွက် နေပြည်တော် ပရဆေးဥယျာဉ်အတွင်း CID အပါအ၀င် ပူးပေါင်းအဖွဲ့က ၀င်ရောက်ရှာဖွေ
----- ----- ----- ----- -----
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှ ကွင်းဆက် တရားခံတဦးဖြစ်သူ အောင်ဝင်းခိုင်အား တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဝရမ်းထုတ်နိုင်ရန်အတွက် CID မှ ရဲမှူးတဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ ရက်ကွက်/ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖတို့က နေပြည်တော် ပရဆေးဥယျာဉ်အတွင်း ၀င်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရသည်။
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ပရဆေးဥယျာဉ်အတွင်းသို့ မေ ၃၀ ရက်က ၀င်ရောက်ရှာဖွေရခြင်းမှာ ဥပဒေလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရဲလုပ်ငန်းစဉ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဝရမ်းထုတ်ရန်အတွက်ဖြစ်ကြောင်း သွားရောက်ရှာဖွေရာတွင် ရပ်မိရပ်ဖအဖြစ် ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးရန်နိုင်လင်းက ပြောသည်။
“၀ရမ်းထုတ်ဖို့အတွက် သူ့ကို ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အရ ရှိတတ်တဲ့နေရာတွေကို ရှာမယ်၊ မရှိကြောင်း တရားရုံးကို တင်ပြမယ်။ တရားရုံးက ပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမယ်။ ဒီလို အောင်ဝင်းခိုင်ကို တရာခံပြေးအဖြစ် ကြေညာပြီးရင်၊ ၀ရမ်းထုတ်ပြီးရင် မည်သူမဆို သူ့ကိုတွေ့တဲ့နေရာမှာ ရဲမပါလည်း ဖမ်းဆီးခွင့်ရှိမယ်။ အဲဒီ Process ကိုသွားဖို့အတွက် ရဲလုပ်ငန်းစဉ်အရ တဆင့်ပြီးတဆင့် သွားရတာပေါ့” ဦးရန်နိုင်လင်းက ပြောသည်။
အောင်ဝင်းခိုင်သည် ရောင်ဝါဖြိုးကုမ္ပဏီမှ ဒါရိုက်တာတဦးနှင့်အတူ နေပြည်တော်သို့သွားစဉ် ပရဆေးဥယျာဉ်အနီး ဆင်းသွားပြီးချိန်မှစ၍ ပျောက်ဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
နိုင်ငံတော်သမ္မတရုံးက ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဇန်န၀ါရီ ၃၀၊ ဖေဖော်ဝါရီ ၃ နှင့် ဖေဖော်ဝါရီ ၁၅ ရက်တို့တွင် သုံးကြိမ်သတင်းထုတ်ပြန်ခဲ့ရာ နောက်ဆုံးသတင်းထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုသူ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြပါရှိသည်။
အောင်ဝင်းခိုင်သည် ပရဆေးဥယျာဉ်အနီးတွင် နောက်ဆုံးတွေ့မြင်ခဲ့ရသည်မှာ ၃ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ယခုမှ ၀င်ရောက်ရှာဖွေရခြင်းမှာ ‘အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိနိုင်ခြင်းမရှိတော့’ဆိုသည့် နဂိုမူလတရားရုံး၏ဆုံးဖြတ်ချက်ကို တိုင်းတရားလွှတ်တော်က ပယ်ချ၍ ဆက်လက်ရှာဖွေဆောင်ရွက်ရန် ညွှန်ကြားထားခြင်းကြောင့်ဖြစ်သည်ဟု ဦးကိုနီ၏အမှုတွင် လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးနေလက ယူဆသည်။
“အမှန်တကယ် ပြစ်မှုကျူးလွန်သူတွေအားလုံးကို ပြည့်စုံစွာဖော်ထုတ်နိုင်မှသာလျှင် အဖြေကပေါ်ပေါက်မယ်လို့ ယုံကြည်တယ်။ ဒါ့ကြောင့်မို့ အန်ကယ်တို့ဘက်ကနေပြီးတော့ အောင်ဝင်းခိုင်ဖမ်းဆီးရမိရေးကို ဆောင်ရွက်ဖို့ဆိုပြီးတော့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ရာဇ၀တ်ပြင်ဆင်မှုတင်တဲ့အခါကျတော့ ရှာဖွေဖမ်းဆီးခြင်းကိစ္စ ပြည့်စုံစွာဆောင်ရွက်ပါ။ နဂိုမူလတရားရုံးကနေပြီးတော့ ရှာဖွေဖမ်းဆီးနိုင်ရန် အလားအလာမရှိဘူးဆိုတဲ့ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ပယ်ခဲ့တာဖြစ်ပါတယ်”ဟု ဦးကိုနီအမှုတွင် လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးနေလကပြောသည်။
နေပြည်တော် ပရဆေးဥယျာဉ်ကြီးသည် ၁၉၆.၄ ဧက ကျယ်ဝန်းပြီး သစ်တော၊ ကျန်းမာရေးနှင့် လယ်ဆည် ၀န်ကြီးဌာနသုံးခုတို့က ပိုင်ဆိုင်ကာ သဘာဝဆေးပင် သစ်ဥများ စိုက်ပျိုးထားရှိသည့် ဥယျာဉ်ကြီးဖြစ်သည်။
ကိုရဲ၊ ထွန်း(နေပြည်တော်)
New Watch Weekly

Post a Comment

 
Top