0


ရွှေည၀ါဆရာတော်ဆိုသောအသံကိုကြားလိုက်ပါက တော်တော်များများက ၀၀ ဖိုင့်ဖိုင့်ကိုယ်တော်ကြီးကို ပြေးမြင်ယောင်မိကြပေလိမ့်မည်။ တကယ်တော့ ရွှေည၀ါဆိုသော အမည်သည် မိမိမိတ်ဆွေ ရွှေသုန် (ဦးသုန္ဒရ)၏ အမည်ရင်းဖြစ်ခဲ့သည်၊ သူသည် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်တွင် မာတိကာ ဓာတုကထာ ယမိုက်စသော ည၀ါများပို့ချ၍ မူလတန်း ပထမငယ်တန်း ပထမလတ်တန်းနှင့် ပထမကြီးတန်းစာသင်သားသုံး ရွှေည၀ါစာအုပ်များ ရေးသားခဲ့သောကြောင့် သူ့ကို ရွှေည၀ါဆရာတော်ဟု လူသိများလာခဲ့ခြင်းဖြစ်သည်။ ထိုရွှေည၀ါစာအုပ်များသည် စာသင်သားတို့အတွက် အလွန်အသုံးဝင်သောကြောင့် နှစ်အနည်းငယ်အတွင်းမှာပင် ၁၅ကြိမ် ၁၆ကြိမ်စသည် အကြိမ်ကြိမ်ထုတ်ဝေခဲ့ရသည်။ အခုလူသိများနေသော ထို ၀၀ ဖိုင့်ဖိုင့်ကိုယ်တော်ကြီးသည် မိမိမိတ်ဆွေရွှေသုန်၏ ရွှေည၀ါဟူသော နာမည်ကို အမွေဆက်ခံထားခြင်းသာ ဖြစ်သည်၊ တကယ့် ရွှေည၀ါအစစ်မူရင်းကား မိမိမိတ်ဆွေ ရွှေသုန်ပင်ဖြစ်သည်။

လွန်ခဲ့တဲ့နှစ် ၂၀-ခန့်လောက်ကဟုထင်၏၊ သံဃာတော်များအတွက် နွေရာသီ ဓမ္မာစရိယသင်တန်း အဘိဓမ္မာည၀ါသင်တန်းတွေကို ၀ါသနာတူ သူငယ်ချင်း နှစ်ပါး သုံးပါးခန့်ဖြင့်စတင်ခဲ့ရာက တဖြည်းဖြည်းအောင်မြင်ကျော်ကြားသွားခဲ့လေသည်။ သူ့ရဲ့ကျိုးစားအောင်မြင်မှုနှင့်အတူ သာဓုကျောင်းတိုက်တွင် စာဝါပို့ချနိုင်ဖို့ ဟိန်းနေသောကျောင်းကြီးများကိုလည်း ဖန်ဆင်းပေးနိုင်ခဲ့သူ ဖြစ်လေသည်။
မိမိသည် ရွှေသုန်နှင့် ငယ်စဉ်ကပင်ရင်းနှီးခဲ့သူဖြစ်သော်လည်း သူနာမည်ကြီးနေချိန်၌ တစ်ပါးနှင့်တစ်ပါး အဆက်အသွယ်မရတော့ပေ၊ ကွဲကွာနေတဲ့နှစ်သုံးဆယ်ခန့်အတွင်း တစ်ကြိမ်တော့ တွေ့လိုက်မိသေး၏ ထိုအချိန်တွင် သူသည် တိပိဋကစာမေးပွဲဖြေဆိုဖို့ ပဉ္စနိကာယ်ကျောင်းမှာစာကျက်နေသည်ဟုဆို၏၊ နောက် လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သည်၊ ဟိုတလောကမှ ရွှေတိဂုံဘုရားပေါ်၌ မမျှော်လင့်ဘဲ အမှတ်မထင်တွေ့ဖြစ်ခဲ့ကြသည်။

ပြန်လည်တွေ့ချိန်၌ သူသည် လူရိုသေ ရှင်ရိုသေ နာမည်ကြီးတစ်ယောက်ဖြစ်နေသော်လည်း မိမိကတော့ သူ့ထက်အနည်းငယ်ကြီးသောငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ ဆဲချင်ဆဲ ငေါက်ချင်ငေါက်ပုံစံမျိုးနဲ့ပဲ ဆက်ဆံခဲ့သည်။ သို့သော် သူအပြုံးမပျက်ခဲ့ပေ၊ ထိုအခါ သူ့ရဲ့ပင်ကိုယ်သဘောထားလေးကို ပြန်လည်သတိပြုလိုက်မိပေသည်။

သူ့ပင်ကိုယ်သဘောထားမပြောမီ သူ့အကြောင်းအနည်းငယ်ပြောချင်သေး၏၊ သူသည် ပန်းတနော်ဇာတိဖြစ်၏ သူ၏ဆရာများထံကကြားဘူးသည်ကား ဒီကောင် အတော်ဉာဏ်ကောင်းတဲ့ကောင် ဟူ၍ဖြစ်၏၊ သူနှင့်စတွေ့ချိန်၌ စာပေအရာ သူ ဉာဏ်ကောင်း မကောင်း မသိရသေးပေ၊ ကျားထိုးအလွန်တော်သည်ကိုသာ စတင်တွေ့ရှိရ၏၊ သူ့ကို ဘယ်သူမှ ကျားနိုင်အောင်မထိုးနိုင်ကြပေ၊ ကျားထိုးကျွမ်းသလောက် ကျားထိုးကလည်း အလွန်ဝါသနာသန်သူဖြစ်သည်၊ ဘယ်မြို့နယ် ဘယ်ဆရာကြီးကဖြင့် ကျားအလွန်းကျွမ်းသည်ဟု သတင်းကြားမိပါက ထိုကျားဆရာထံ အရောက်သွား၍ ကျားနိုင်အောင် ထိုးနိုင်ခဲ့သူဖြစ်သည်၊
သူ့ အသွင်သည် ဟိတ် ဟန်မရှိ၊ ထို့ကြောင့် ယှဉ်ပြိုင်ဘက်တို့က စတွေ့တွေ့ခြင်း သူ့ကို အထင်မကြီးကြချေ၊ နောက်မှ ဆရာကြီးဟု သမုတ်သွားတတ်ကြလေသည်။
မိလိန္ဒမင်းကြီးသည် တစ်နေ့သ၌ သူနှင့် စကားစစ်ထိုးနိုင်သူမရှိသဖြင့် ဤလောကကြီးသည် အချည်းအနှီးသောလောကကြီးပေပဲဟု ငြီးတွားခဲ့ဘူးသလို သူသည် သူ့ကို ကျားနိုင်အောင်ထိုးနိုင်တဲ့သူမရှိသဖြင့် ပျင်းနေသလိုရှိ၏၊ ရန်ကုန်မှာ နာမည်ကြီးသော ကျားဆရာများလည်းကုန်လေပြီ၊
တစ်နေ့ ဆူးလေမဟာဗန္ဓုလပန်ခြံတွင် ကြေးကြီးကြီးနှင့်ထိုးသော အသက် ၆၀-၇၀-ခန့် ကျားဘုရင်အဖိုးကြီးများရှိသည်ဟု သူသတင်းကြားသွားလေ၏၊ ထိုအခါ သူ မဟာဗန္ဓုလပန်းခြံသွားပြီး ထိုဆရာကြီးတွေနှင့်ထိုးလေ၏၊ တစ်ပွဲနှစ်ပွဲတော့ သူရှုံးသေး၏ နောက်ပိုင်း ကြေးကြီးထိုးဆရာကြီးများ လက်လံသွားခဲ့ကြလေသည်၊
သူသည် ရန်ကုန်မှာ သူ့ကို နိုင်အောင်ထိုးနိုင်သော ကျားဆရာမတွေ့တော့သဖြင့် ပျင်းလာ၏ မန္တလေးမှာ ကျားကျွမ်းသော ဆရာကြီးများရှိသည်ဟုကြားသဖြင့် မန္တလေး မစိုးရိမ်တိုက်နေရင်း ကျားဆရာကြီးများရှိရာသို့ စုံစမ်း၍ လိုက်ထိုးတတ်လေသည်၊ ကျားထိုးသောအမှု၌ အလွန် ခရေစီဖြစ်သူဖြစ်၏ တွေ့တဲ့သူနဲ့ တွေ့တဲ့နေရာ ကျားထိုးတတ်သူဖြစ်၏၊ လမ်းဘေးဆိုက္ကားဆရာများကျားထိုးနေသည်ကိုတွေ့ပါက သင်္ကန်းကိုငဲ့နေဖို့သတိမရဘဲ အချိန်ကြာကြာငေးစိုက်ကြည့်နေတတ်သူဖြစ်၏၊
သူ သွားသည့်နေရာ၌ ကျားထိုးဖို့ ကျားကွက်မရှိသောအဖြစ်နှင့် ကြုံပါက မြေကြီးမှာ ကျားကွက်ဆွဲ၍ ကျားထိုးတတ်သူဖြစ်၏၊ နောက်ဆို ကျားကွက်အခက်အခဲမရှိစေရန် ကျားကွက်ပုံဖေါ်ထားသော လက်ကိုင်ပုဝါကို သွားလေရာ ခါးကြားညှပ်လျက် တွေ့တဲ့နေရာမှာ တွေ့တဲ့သူနဲ့ကျားထိုးတတ်လေသည်။ ကျားထိုးရမည်ဆိုလျှင် ထမင်းမေ့ ဟင်းမေ့သူဟုဆိုနိုင်၏ သူနေစဉ်၌မန္တလေး၌ ဆွမ်း ကွမ်းရှားပါးသေးသောခေတ်ဖြစ်၏၊ စာဝါတက်ရင်း ကျားပွဲငေးခြင့်းဖြင့် တခါ တခါ ငှက်ပျောသီးတစ်လုံးဖြင့် ဆွမ်းကိစ္စပြီးခဲ့ရသောနေ့လည်းရှိခဲ့ဘူးသည်ဟုဆို၏။

မန္တလေး၌ ကျားကျွမ်းသောဆရာကြီးများနှင့်တွေ့သည်ဆို၏၊ သူတစ်လှည့် ကိုယ်တစ်လှည့်နိုင်အောင်ထိုးဖြစ်ခဲ့၏၊ ထိုဆရာကြီးများကို သူ့လက်ရည်ဘယ်လောက်ရှိလဲ အကဲဖြတ်ပေးပါဟုပြောသောအခါ ဆရာကြီးများက ခပ်နှိမ်နှိမ် စတုတ္ထတန်းလောက် အဆင့်ရှိသည်ဟု အကဲဖြတ်ပေးခဲ့ကြသည်ဟုဆို၏ နောက်တော့ အဆက်အသွယ်ပြတ်သွားသဖြင့်ထိုဆရာကြီးများကို အပြတ်နိုင်အောင်ထိုးခဲ့ခြင်း ရှိ မရှိ သတင်းမရတော့ပေ။

ထို့အပြင် စစ်တုရင်ခေတ်စားလာပြန်တော့လည်း စစ်တုရင် ကျွမ်းကျင်သောသူဖြစ်လာပြန်လေ၏။ ပရိယတ္တိစာပေမှာလည်း သိလွယ် တတ်လွယ် နားလည်လွယ်သူဖြစ်၏ ငယ် လတ် ကြီး သင်ရိုးတန်းကျက်စာများကိုလည်း ကောင်းကောင်းကျက်ခဲ့သူမဟုတ်၊ သဒ္ဒါသုတ်စဉ်တောင်ကုန်အောင်ကျက်ဖူးခဲ့သူမဟုတ်ပေ၊ မိမိတို့ ပါရာဇိကဏ် သီလက္ခန် အဋ္ဌကထာများ မည်းနက်နေအောင် အနက်တေးနေရသော်လည်း သူ့စာအုပ်မှာ ဘာအနက်မှ တေးထားခြင်းမရှိ အဖြူထည်သက်သက်သာဖြစ်နေ၏ ဒီလိုနဲ့ ဓမ္မာစရိယအောင်သောအခါ တစ်နိုင်ငံလုံး တတိယ ရရှိသွားသေး၏။

ထူးခြားသည်ကား သူသည် ဘာသာခြားအသိုက်အ၀န်းတစ်ခုမှ ထူးချွန်ထွက်ပေါ်လာသော ကျောက်ကောင်း တစ်စိလည်းဖြစ်သည်၊ နီးစပ်ရာ ဘုန်းကြီးကျောင်း၌ ကိုရင်ခဏ၀တ်ရာမှ မြဲလာပြီး နောက်ဆုံးသာသနာ့အာဇာနည် သာသနာပြုပုဂ္ဂိုလ်ဖြစ်လာလေသည် ယခုလည်း စာသင်သား သံဃာတော်များအား ဓမ္မာစရိယစာပေကျန်းဂန်များကို ပို့ချပေးနေဆဲဖြစ်၏။
စောစောကပြောခဲ့သော သူ့ရဲ့ပင်ကိုယ်သဘောထားလေးကို ပြန်လည်ဆက်ပါအုန်းမည်၊
သူသည် မာန် မာနမရှိ၊ ဟိတ်ဟန်မရှိ၊ လောဘ ဒေါသအသွင်မတွေ့ရ၊ နာမည်ကြီးချိန်၌ ကျောင်းတိုက်ကြီးတွေအပ်သော်လဲ ဘယ်ကျောင်းမှ လက်မခံခဲ့ ဘုန်းကြီးအောင်လဲ ဒကာ ဒကာမတို့ကိုစည်းရုံးလေ့မရှိ၊ ကြည်ညိုသူတွေရဲ့ရှေ့မှာ ဟန်ပန်နှင့်နေရတာမျိုးလည် သူနှစ်သက်ဟန်မတူပေ၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာ နေလေ့ရှိ၏ ထို့ကြောင့် စာသင်သားဘ၀မှာလဲ လှူဖို့ တန်းဖို့ သူ့ဆီလာသူ မတွေ့ဖူးပေ၊အပ္ပိစ္ဆဂုဏ်ပြည့်စုံသူဟု ဆိုရလောက်သူဖြစ်၏။
ခန်းခန်းနားနားကျင်းပသော ဓမ္မာစရိယဂုဏ်ပြုလက်မှတ်ဆက်ကပ်ပွဲတွင် အခြားအခြားသော စာအောင်သံဃာများက ကားကြီး ကားငယ် ဒကာ ဒကာမပရိတ်သတ်အသွယ်သွယ်နှင့်လာခဲ့ကြသော်လည်း သူ့မှာတော့ ဖနှောင့်တိုနေတဲ့ ဖိနပ်လေးစီး လက်ကိုင်ပုဝါလေးခါးကြားညှပ် နှစ်ရက်လောက်ဝတ်ထားတဲ့သင်္ကန်းမလဲပဲ ၂-ကျပ်ပေးကာ လိုင်းကားတွယ်စီးလျက် ကမ္ဘာအေးရှိဂုဏ်ပြုပွဲသို့ အဖေါ်မှီး တစ်ယောက်ထည်း သွားရောက်ခဲ့သည်ဟု တဆင့်စကား ကြားသိလိုက်ရပေ၏။

သူ့ရဲ့အောင်မြင်မှုအပေါ်ကြွားဝါလေ့မရှိ၊ ပေါ်လွင်အောင်လည်း နေလေ့မရှိ၊ စာတော်ခြင်း ဉာဏ်ကောင်းခြင်းစသော အကြောင်းတစ်ခုခုကိုမှီ၍ မာနကြီးခြင်း ဟိတ်ဟန်လုပ်ခြင်း လုံးဝ မရှိ၊ ဘယ်သူ့အပေါ်မှ အထက်စီးက ဆက်ဆံလေ့မရှိ၊ မာနမရှိ ဟိတ်ဟန်မလုပ်ခြင်းစတဲ့သဘောတရားများသည် ဓမ္မစာပေတွေကြောင့် နူးညံ့သိမ်မွေ့လာခြင်းမျိုးမဟုတ်ဘဲ သူ့ရဲ့ပင်ကိုယ်စရိုက်တွေကိုက ထိုကဲ့သို့ဖြစ်နေသည်ကို မိမိသတိထားလိုက်မိခြင်းဖြစ်ပေသည်။

သူ၏ ပါရမီဖြည့်ဖက်ကလည်း ရုပ်ရည်သန့်၍ အမြဲကြည်လင်နေသော အပြုံးပိုင်ရှင်ဖြစ်၏၊ ထို့အပြင် သူမသည် ဓမ္မာစရိယ နှစ်ကျမ်းအောင်မြင်ပြီးသူဖြစ်တဲ့အပြင် ကျန်ရှိနေသေးသော နောက်ဆုံး ပါရာဇိကဏ်လည်း ဒီနှစ်အောင်မြင်ဖွယ်ရှိ၏။
ကမ္ဘာအေး စာစစ်သံဃာတော်များအတွက် မနက်ဖြန် (၅-၆-၁၇) နေ့တွင် အရုဏ်အချိုပွဲများ လာရောက်ကပ်လှူကြမည်ဟု လျှောက်ထားပြီးဖြစ်၏်၊ စာစစ်သံဃာ ၂၀၀-စာ တစ်နေ့တာ အရုဏ်အချိုပွဲအတွက် (၆၀၀၀၀) ခြောက်သောင်းကျပ်ဖြင့် လုံလောက်ပိုရှန်အောင်ကပ်နိုင်သော်လည်း ရှစ်သောင်းကျပ်စာ ပိုပိုလျှံလျှံကပ်လှူပါရစေဘုရားဟု လျှောက်ထားခဲ့ကြလေသည်။
စာသိပ်ရှည်သွားမည်စိုး၍ သူ့အကြောင်းကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေတော့။ စေတနာရှင် ရွှေသုန်တို့ဇနီးမောင်နှံ သက်ရှည်ကျန်းမာစွာဖြင့် သာသနာအကျိုး သည်ပိုးနိုင်ကြပါစေ။

credit: ဦးနန္ဒာစာရ မုံရွာ
source : မြနန်းဆရာတော်

Post a Comment

 
Top