0



 ဒုတိယဗိုလ်မှူးကြီးတိုက်စံ ရေးသားသည်

ဘာမှန်းညာမှန်း မသိဘဲ ဗိုလ်လောင်းလာလုပ်ပြီး ဒုက္ခရောက်တာတွေ ခဏခဏ တွေ့ရလွန်းလို့ ဒီဆောင်းပါးလေးကို ဖတ်ပြီးမှ ဗိုလ်လောင်းလုပ်ပါလို့ မှာလိုက်ချင်ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုမှာ ဗိုလ်လောင်းတစ်ယောက်ကို အနိမ့်ဆုံးအားဖြင့် သာမန်အဆင့်ရှိတဲ့ဗိုလ်တစ်ဦးဖြစ်အောင် လေ့ကျင့်ပေးဖို့ဆိုတာ စစ်ဘက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ ပဓာန တာဝန်ဖြစ်ပါတယ်။ ကုန်ကြမ်း ကလည်း သတ်မှတ်တဲ့ အရည်အသွေးရှိဖို့လိုအပ်ပါတယ်။ ဒါမှသာ ကုန်ချော ကောင်းကောင်း ထုတ်ယူရရှိနိုင်ပါတယ်။ လမ်းခင်းတဲ့ကျောက်ကို ပတ္တမြားဖြစ် အောင် ဘယ်သူမှ သွေးလို့မရနိုင်သလိုပါပဲ။

ဝင်ခွင့်စာမေးပွဲတွေ၊ လူတွေ့စစ်ဆေးမှုတွေနဲ့ အထပ်ထပ်စစ်ပြီးမှ ရွေးယူတာဖြစ်ပေမဲ့လည်း လူကိုလူက စစ်ရတာဆိုတော့ မလွယ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို စစ်ဆေးရတာ အလွန်ခက်ပါတယ်။ ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ အားနည်းချက်တွေကို ဟန်ဆောင်ပြီး ဖုံးကွယ်ထားနိုင်တယ်။ လူဖြစ်နေတဲ့အတွက် အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းသွားတာလည်း ရှိနိုင်ပါတယ်။
ဗိုလ်လောင်းဖြစ်လာပြီးမှ စိတ်ဓာတ်မခိုင်မာလို့ တွေ့ရသမျှ လုပ်ရသမျှ ဒုက္ခချည်းမှတ်နေပြီး သင်တန်းချိန်တွေမှာ စိတ်နဲ့လူနဲ့မကပ်။ ယောင်တိယောင်နနဲ့ သင်တန်းမှာ လိုက်သာလုပ်နေရပေမဲ့ ဘာမျှ မယ်မယ်ရရမတတ်။ တစ်နှစ်တစ်တန်း မှန်မှန်မအောင်နိုင်လို့ နှစ်တွေပိုပြီး ကြာသွားတာတွေ၊ သင်တန်းမဆင်းမီ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပယ်ခံရတာတွေ ရှိပါတယ်။ ဒါတွေကြောင့် ကာယကံရှင်နဲ့မိဘတွေ အတွက်သာမက တိုင်းပြည်အတွက်ပါ အချိန်တွေ၊ ငွေတွေ အများကြီး နစ်နာပါတယ်။အရေးအကြီးဆုံးနဲ့ တစ်ခုတည်းသော လိုအပ်ချက်ကတော့ ဆန္ဒပြင်းပြဖို့ ဖြစ်ပါတယ်။

ဒါမှမရှိရင် ဗိုလ်လောင်း တစ်ယောက်ရဲ့ တာဝန်တွေကို ဘယ်လိုမှ အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ စိတ်ဓာတ်က အမှန်တကယ် ထက်သန်ပြင်းပြပြီး Crazy ဖြစ်တယ်လို့ ဆိုရလောက်အောင် ရူးသွပ်ပြင်းပြတယ်ဆိုရင်တော့ ဒီစိတ် တစ်ခုတည်းနဲ့တင် လုံလောက် နေပါပြီလို့ ပြောရဲပါတယ်။
နမူနာလေးတစ်ခု ပြပါရစေ။ မိုးထဲ လေထဲ နေပူထဲမှာ ပေပေတေတေနဲ့ ခြေမကွဲ ဒူးပြဲခံပြီး ဘောလုံးကန်နေကြတဲ့ကလေးတွေကို ကြည့်လိုက်စမ်းပါ။ အမိုးအကာအောက် နေရိပ်ထဲက အေးအေးဆေးဆေး ဇိမ်နဲ့ထိုင်နေကြတဲ့သူက မိုက်လိုက်ကြတာလို့ ထင်ရင်မှားမယ်။ တကယ်တော့ ဒီကလေးတွေက အဲဒီလူထက်ပိုပြီး ပျော်နေကြတာ ကျေနပ်နေကြတာ တွေ့ရပါလိမ့်မယ်။ ဒီလိုပါပဲ။ လုပ်ချင်တာလုပ်ခွင့်ရလို့ ကျေနပ် ပျော်ရွှင်နေပြီဆိုရင် ဘယ်လို အခက်အခဲမျိုးမဆို ကျော်ဖြတ် နိုင်ပါတယ်။ ဗိုလ်လောင်းသင်တန်း ကာလ (၄/၅)နှစ်ဆိုတာ ကုန်တာမြန်လွန်းလို့ တိုတယ်တောင် ထင်ရပါလိမ့်မယ်။
ဖြစ်ရပ်မှန် တစ်ခုနဲ့ သက်သေထူပါရစေ။
၁၉၆၉ ခုနှစ်က ကျောင်းဆင်းသွားတဲ့ စစ်တက္ကသိုလ် အမှတ်စဉ် (၁၁) ဗိုလ်လောင်းသင်တန်းမှာ ဗိုလ်လောင်း မောင်မောင်ဆိုတာ ရှိပါတယ်။ မောင်မောင်ဟာ ၁၉၆၄ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်တယ်။ မိဘတွေက အင်ဂျင်နီယာပဲဖြစ်စေချင်တယ်။ ကဲ...ငါ့သား အင်ဂျင်နီယာဖြစ်အောင် လုပ်ပေတော့ ဆိုပြီး သင်တန်းကာလ ၆နှစ်စာအတွက် ကောင်းကောင်းကြီး လုံလောက်မဲ့ ငွေကျပ်တစ်သောင်းတိတိကို ဘဏ်ငွေစုလက်မှတ်တွေဝယ်ပြီး တစ်ခါတည်း ပေးလိုက်တယ်။
မောင်မောင်ဟာ စနစ်သစ်ပညာရေး ပထမဆုံးစတင်တဲ့ ၁၉၆၅ခုနှစ် နိုဝင်ဘာလမှာရန်ကုန် စက်မှုတက္ကသိုလ် ပထမနှစ် သင်တန်းတက်ရောက်ခဲ့တယ်။ ကျောင်းမှာ ဘယ်လိုမှ မပျော်ဘူး။ အကြောင်းကတော့ ငယ်စဉ်ကတည်းက စစ်သားရူး ဗိုလ်ရူး ဖြစ်နေလို့ပဲ။ ရုပ်ရှင်ကြည့်ရင် စစ်ကားဆိုသိပ်ကြိုက်တယ်။ ကစားစရာ ဆိုရင်လည်း ဓားတို့ သေနတ်တို့ပဲလိုချင်တယ်။ သေနတ်ကိုင်ရတဲ့ စစ်ဗိုလ်လုပ်ချင်တာ။ အင်ဂျင်နီယာ မလုပ်ချင်ဘူး။ ရသေ့စိတ်ဖြေ တက္ကသိုလ် အရန်တပ်ရင်းကို ဝင်တယ်။ အခြေခံစစ်သင်တန်းတွေ လုပ်ရတယ်။ ယူနီဖောင်းဝတ်ရတာ တော်တော်အရသာ တွေ့တယ်။ ဒီလောက်နဲ့ မကျေနပ်နိုင်သေးဘူး။ စစ်တပ်ထဲဝင်ချင်တဲ့ပိုးက ပိုပြီးတောင် ရွလာသေးတယ်။
ဒီတော့ ရန်ကုန်စက်မှု တက္ကသိုလ် တက်နေရာကပဲ ၁၉၆၅ခုနှစ် ရန်ကုန် ကန်တော်ကလေး အထက်တန်းကျောင်း မှာစစ်ဆေးတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဝင်ခွင့် စာမေးပွဲကို မိဘတွေမသိအောင် ဖြေဆိုပြီး ၁၉၆၅ခုနှစ် မေလမှာ စစ်တက္ကသိုလ် အမှတ်စဉ်(၁၁) ဗိုလ်လောင်းသင်တန်းရဲ့ သင်တန်းသား ဗိုလ်လောင်းတစ်ဦး ဖြစ်လာခဲ့တယ်။
စစ်ယူနီဖောင်းကို ဘယ်လိုစမတ်ကျကျ ဝတ်ဆင်ရမယ်လို့ စနစ်တကျ သင်ကြားမပေးခဲ့ဘဲ တက္ကသိုလ်အရန်တပ်ရင်း မှာပင် ညစ်ထပ်ထပ် UTC ယူနီဖောင်းကို ပျော်ပျော်ကြီးဝတ်ဆင်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ပရဝဏ်ထဲမှာ မြောက်ကြွမြောက်ကြွနဲ့ လမ်းသလားခဲ့တဲ့ မောင်မောင်ဟာ အဆောင်အယောင် တံဆိပ်တွေနဲ့ သပ်ရပ်လှပတဲ့ ဗိုလ်လောင်းယူနီဖောင်းကို ဝတ်ဆင်ရတဲ့အခါ မြင်းကို ချိုတပ်ပေးလိုက်သလို ဖြစ်နေပါတော့တယ်။

ရောင်စုံပန်းတွေ ဖူးပွင့်ဝေဆာနေပြီး စိမ်းစိုလှပနေတဲ့ ပြင်ဦးလွင်ရဲ့ ရှုခင်းတွေဟာ အညာသားမောင်မောင်အတွက် မြင်မြင်သမျှ ကြည့်လို့မဝအောင် ဖြစ်နေပါတယ်။ အချိန်တိုင်းဟာ ကြည်နူးစရာ။ ချယ်ရီတောထဲမှာ ဆောက်လုပ်ထားတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းအိပ်ဆောင်များနဲ့ စာသင်ဆောင်တွေကလည်း ခံ့ညားလှပပြီး ရင်ခုန်စရာ ကောင်းလှတယ်။ နောင်တော်ဗိုလ်လောင်းများရဲ့ သွားပုံ၊လာပုံ၊ နေပုံ၊ လှုပ်ရှားသမျှ အားလုံးကလည်း တောက်တောက် တောက်တောက် နဲ့ သံပတ်ပေးထားတဲ့ စက်ရုပ်ကလေးတွေလို လှပနေပါတော့တယ်။
ထက်သန်ပြင်းပြတဲ့ စိတ်ဓာတ်လက်နက်ကို တပ်ဆင်ထားတဲ့ မောင်မောင်လို ဗိုလ်လောင်းအတွက် အခြေခံစစ်သင်တန်းရဲ့ စစ်ရေးပြဆိုတာ အထွေအထူး မပင်ပန်းလှပါဘူး။ ပြင်ဦးလွင် နေပူကျဲကျဲဆိုတာ အညာသားလေးအတွက် ရယ်စရာပင် ကောင်းသေးတယ်။ ယခုခေတ်မှာလို သားလေးကိုလာပြီးအားပေးတာ ဆိုပြီး သူတို့ကိုယ်သူတို့ အားပေးနေကြရတဲ့ မိဘဆွေမျိုး စသော ဧည့်တွေ့လည်းမရှိ။ တယ်လီဖုန်းဆိုတာ တစ်ကြိမ်မျှပင် မဆက်ဘူးခဲ့။တစ်လနေလို့ စာတစ်စောင်မလာ။ မိမိကလည်း ဘယ်မှရေးစရာမရှိ။ ဗိုလ်လောင်းရိပ်သာမှ ကျွေးတဲ့ထမင်း၊ ဟင်းများကလည်း ဘာမျှပြသာနာမရှိ။ မိမိအိမ်မှာ မကြာခဏ မစားရတဲ့ ကြက်ဥနှင့် နွားနို့ကိုပင် နေ့စဉ်စားရလို့ အပိုဆုပင် ပေါက်တယ်လို့ ထင်မိတယ်။
ချမ်းအေးလှတဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီလို ဆောင်းရာသီနံနက်ခင်းမှာ အိပ်ရာစောစောထပြီး PT ပြေးရတာပဲ နဲနဲခက်တယ်။
နေ့စဉ်စစ်ဆေးတဲ့ ဝတ်စားဆင်ယင်မှုနဲ့ အိပ်ဆောင်သန့်ရှင်းနေရးဆိုတာ လုပ်ရိုးလုပ်စဉ်ဖြစ်ရာ ဘာမျှအခက်အခဲမရှိ။ မူလကပင် ခြံမှလွှတ်လိုက်တဲ့နွားသိုးလို မြူးကြွနေတဲ့ ဗိုလ်လောင်းမောင်မောင်အတွက် ခေါင်းမော့ထား၊ ခါးမတ်ထား၊ လက်တင်ထား၊ သွက်သွက်လျှောက် လို့ ဘယ်စီနီယာကမှ ပြောဖို့မလိုပါ။
ဟေ့ကောင် ပုံပျက်နေပြီ နည်းနည်းလျှော့ဦးကွ လို့ပင် တားယူရတယ်။ ဒီတော့ ဒီဘက်ခေတ်မှာ ပရက်ရှာ လို့ပြောပြော နေကြတဲ့ ပထမနှစ် ဗိုလ်လောင်းများအတွက် အကြီးဆုံးသော ဒုက္ခဆိုသည်မှာ မောင်မောင့်အတွက် ဘာမှန်းပင်မသိခဲ့ရ။ ဒီလို ရွှင်လန်း တက်ကြွနေတဲ့အတွက် ကျောင်းစာတွေကလည်း ကျက်သမျှအကုန်ရပြီး ဖြေသမျှအောင်နေပါတော့တယ်။
ဗိုလ်လောင်းသင်တန်းကာလမှာတွေ့ရတဲ့ အကြီးမားဆုံး အခက်အခဲကိုပြောပါဆိုရင် ပထမနှစ်သင်တန်း တပ်ခွဲလိုက်ပြိုင်ရတဲ့ နယ်ကျော်ပြေးပွဲ Steeple Chase အတွက် စနေနေ့တိုင်း အပတ်စဉ် အပြေး လေ့ကျင့်ရခြင်းသာဖြစ်တယ်။ ပြိုင်ပွဲနီးကပ်လာတဲ့ကာလမှာ တောတွင်းမှာ ဖောက်လုပ်ထားတဲ့ တောင်ဆင်းတောင်တက် ပြေးလမ်းကို တစ်ကြိမ်တည်း နှစ်ပါတ် ပတ်ပြေးရတာ တော်တော်ပင်ပန်းပါတယ်။
ဒါပေမယ့် ဒါတွေကလည်း ဒုတိယနှစ် ရောက်တဲ့အခါ မေ့သွားပါပြီ။ ကိုယ်ကပင်ဆရာလုပ်ပြီး ညီငယ် ပထမနှစ် ဗိုလ်လောင်းတွေကို နွားမောင်းသလို နောက်ကလိုက်ပြီး လေ့ကျင့်ပေးရပြန်တော့ မမောတော့ပါ။မော်တော်ယာဉ်အနီး ကန်တင်း မှာ စားရတဲ့ စနေနေ့ညနေစာ မြန်မာထမင်းဟင်း၊ အပတ်စဉ် တနင်္ဂနွေနေ့များမှာ မြို့ထဲထွက်ပြီး စားရတဲ့ လေငွန်ကဝက်စတူးနဲ့လပ်ချမီးက ချစ်တီးထမင်းတို့ရဲ့ အရသာများကိုလည်း ယနေ့တိုင်သတိရမိတယ်။
တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့အတူ ဆင်လမ်းရွာအနီး တောတွင်းကိုခိုးသွားကြပြီး ရထားလမ်းအကူးစမ်းချောင်းမှာ ရေကူးတာတွေ၊ ရိပ်သာ မှ တောင်းယူလာတဲ့ နို့ဆီနဲ့စိုက်ခင်း မှ ဝယ်ယူရရှိတဲ့ စတော်ဘယ်ရီကို ဟန်းကောချိုင့် မှာထည့်ပြီးစမ်းရေအေးအေးမှာ စိမ်ထားပြီး စားရတာတွေလည်း လွမ်းစရာဖြစ်ရပြန်တယ်။
မောင့်မောင့်လို စိတ်ဆန္ဒပြင်းပြတဲ့ ကျောင်းဆင်းအရာရှိတွေကို "စစ်တက္ကသိုလ်မှာ ဘာအခက်အခဲတွေ ရှိသလဲ" လို့ မေးကြည့်ကြစမ်းပါ။ " မှတ်မှတ်ရရ ပြောရလောက်အောင် ဘာအခက်အခဲမှ မတွေ့ခဲ့ပါ" လို့ ဆိုပါလိမ့်မယ်။ ဒါကိုပိုတယ် ကြွားတယ်လို့ မထင်စေလိုပါ။ သူတို့ အမှန် တကယ်ခံစားရတဲ့အတိုင်း ပြောခြင်းသာ ဖြစ်ပါတယ်။
စိတ်ဆန္ဒပြင်းပြတဲ့သူအတွက် ဘယ်အလုပ် မဆို ဒီလိုချည်း ပဲဖြစ်နေပါလိမ့်မယ်။
ဘယ်သူ့အတွက်မဆို စိတ်အားထက်သန်မှု မရှိရင်ဘဲဖြစ်စေ၊ ကိုယ်ကြိုက်တာကို မလုပ်ရရင်ဘဲဖြစ်စေ အရာရာဟာ ဒုက္ခ ချည်းမှတ်နေမှာ သေချာပါတယ်။ တစ်ချို့ကလည်း ကိုယ်ကြိုက်တာကို ကိုယ့်ဘာသာ သေသေချာချာ မသိတာလည်းရှိပါတယ်။ ကိုယ်ကြိုက်တာကို ကိုယ်မသိရင်ဖြစ်စေ၊ မိဘအလိုကျ လိုက်လုပ်ရတာဖြစ်စေ၊ ဒါမှမဟုတ် သူများယောင်လို့ တောင်မှန်းမြောက်မှန်းမသိနဲ့ လုပ်မိတာဖြစ်ရင်တော့ စိတ်မချမ်းသာမှုနှင့်အတူ အမှားတွေကို ကျူးလွန်မိပြီး အဘက်ဘက်က နစ်နာရတော့တာပဲ။
ဒါပေမယ့် ခက်တာက ဒီလို တက္ကသိုလ်ဝင်တန်းအောင်ပြီးခါစ ၁၅နှစ်၊ ၁၆နှစ်အရွယ်မှာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာမလုပ်ချင်ဘူးဆိုတာ သဲသဲကွဲကွဲ သိချင်မှ သိနိုင်မယ်။ တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းတော့ အမှတ်တွေနှမြောလို့ ဆေးကျောင်းကိုလျှောက်ပြီး ကိုယ့်စရိုက်နဲ့ မကိုက်လို့ သင်တန်းကာလမှာ ဒုက္ခရောက်ရသူတွေရှိတယ်။
ဆရာဝန်ဖြစ်ပြီးမှ ဆေးကုတဲ့အလုပ်ကို မလုပ်ဘဲ တခြားအလုပ်ကိုလုပ်နေကြသူတွေလဲ အများ ကြီးပဲ။ သေသာသွားရော ငါဘာဖြစ်ချင်ပါလိမ့်လို့ မသိတဲ့သူတောင်ရှိတယ်ဆိုရင် မအံ့ဩ လိုက်ပါနဲ့။အခုပြောပြီးသလို တစ်ခုတည်းရှိရင်ပဲ လုံလောက်ပါပြီဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှု ကလည်း မသေချာဘူးဆိုကြပါစို့။ ကဲ...ဒါဆို ဗိုလ်လောင်း လုပ်နိုင်ဖို့အတွက် ဘယ်လိုစဉ်းစားကြမလဲ-
အခုဖော်ပြမယ့် အရည်အချင်းတွေရှိဖို့ မလွဲမသွေ လိုအပ်လာပါပြီ။ ဒါမှမရှိခဲ့ရင်တော့ အခက်အခဲ ပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာ ကာယကံရှင်မိဘများပါ မှတ်ထား သင့်ပါတယ်-
(၁) ကမ္မပ္ပထန် လို့ဆိုတဲ့ မှန်ကန်တဲ့ လုံ့လ၊ ဇွဲသတ္တိရှိရမယ်။
(၂) ဂုဏ်သိက္ခာစောင့်ထိန်းတတ်ရမယ်။
(၃) မကောင်းတဲ့ ဥာဉ်ဆိုး အကျင့်စရိုက်တွေ ဖျောက်နိုင်ရမယ်
စိတ်အားထက်သန်မှု အားနည်းပေမယ့် မှန်ကန်တဲ့ လုံ့လ ဇွဲသတ္တိရှိရင် ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ကိုယ်စမိတဲ့ အလုပ်ကို ပြီးဆုံးအောင်လုပ်နိုင်လို့ အောင်မြင်မှု ရကြတာ အများကြီးရှိပါတယ်။ မရေရာတဲ့ လူ့ဘဝမှာ သိပ်အကြိုက်ကြီး မဟုတ်လှပေမယ့် ကံပစ်ချလိုက်တဲ့ လမ်းအတိုင်းပဲ သွားရပြီး အဆင်ပြေနေတာတွေ အနမတဂ္ဂ ရှိပါတယ်။ အရေးကြီးတာက ဇွဲလုံ့လရှိဖို့ အနိုင်မခံ အရှုံးမပေးဖို့ပဲဖြစ်တယ်။
ပေ ၅၀လောက်တူးမှရေထွက်နိုင်တဲ့နေရာမှာ ပေ၃၀/၄၀ လောက်တူးလိုက် ရေမထွက်လို့ စိတ်လျော့၊ တစ်နေရာပြီးတစ်နေရာ ပြောင်းပြီးတူးနေရင်လည်း ရေမရနိုင်ပဲ အချည်းအနှီးသာ ဖြစ်ရပါလိမ့်မယ်။
တစ်ချို့ကျတော့ ကိုယ်ရွေးလိုက်တဲ့လမ်းက လျှောက်လာတာ အတော်တောင် ခရီးပေါက်နေပြီ။ အဲဒီမှာမှ အခက်အခဲ တွေ့လာရပြီ။ ဒီလမ်းကိုဆက်သွားဖို့ ဖြစ်မှဖြစ်ပါ့မလားဆိုပြီး အကြိမ်ကြိမ် ဒွိဟ ဖြစ်မိတယ်။
တခြားလမ်းကြောင်းပြောင်းဖို့ကလည်း မလွယ်တော့ဘူး။ ဒီတော့ လက်ရှိရောက်နေတဲ့ လမ်းကြောင်းမှာပဲ ဇွဲသန်သန်နဲ့ မတွန့်မဆုတ် ခရီးနှင်လိုက်တာ သူများတွေထက် အများကြီးပိုပြီး ခရီးပေါက်သွားတာတောင် ရှိပါတယ်။ မယုံမရှိပါနဲ့။ မောင်မောင်နဲ့ အပတ်စဉ်တူ ကျောင်းဆင်း သူငယ်ချင်း အောင်အောင်ရဲ့ ကိုယ်တွေ့ဖြစ်ပါတယ်။
ဒီနေ့ အောင်အောင်ဟာ တပ်မတော်မှာ အားကျစရာကောင်းတဲ့ အဆင့်ကြီးတစ်ခုကို ရောက်နေပြီဖြစ်တဲ့အတွက် ဒါဟာ ကမ္မပ္ပထန် ဆိုတဲ့ မလျော့သော ဇွဲ၊ လုံ့လကြောင့် အောင်ပွဲဆင်နိုင်တာကို သက်သေပြနေပါတယ်။
လူတွေကထင်နေကြလို့ပါ။ တကယ်တော့ အကောင်းဆုံးလမ်းဆိုတာ မရှိပါဘူး။ ကောင်းတာနဲ့မကောင်းတာဆိုတာလည်း အဝေးကြီးခြားနားတာမဟုတ်ပဲ ပါးပါးလေးပဲ ကွာခြားတဲ့ နေရာတွေအများကြီး ရှိပါတယ်။ အချိန်အခါ အခြေအနေတွေ ပြောင်းသွားပြီး ကောင်းတယ်ဆိုတာနဲ့ မကောင်းဘူးဆိုတာတွေ ကပြောင်းပြန် ဖြစ်ခဲ့တာလည်း အများကြီးပါပဲ။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဇွဲ၊ လုံ့လကသာ ခိုင်မြဲတယ်၊ ကိုယ်ပိုင်ဖြစ်တယ်၊ အရာရာကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။
နောက်တစ်ခုကတော့ ဂုဏ်သိက္ခာ စောင့်တတ်ရမယ်။ တချို့ကြတော့ ပင်ကိုယ်ကတော့ ဇွဲမရှိဘူး။ ဒါပေမယ့် ဇာတိမာန်ကြီးတယ်။ မာနကြီးတယ်။ ကိုယ်တိုင်ဆုံးဖြတ်ပြီး လုပ်လိုက်တာဖြစ်စေ၊ မိဘဆန္ဒကြောင့် လုပ်ရတာဖြစ်စေ ဘယ်လိုအခက်အခဲကိုတွေ့တွေ့ ပြန်မဆုတ်ဘူး။ ပတ်ဝန်းကျင်က အထင်သေးမှာ အပြောခံရမှာ ရှက်တယ်။ သေချင်သေပစေဆိုတဲ့ စိတ်မျိုးပေါ့။ တကယ်တော့ မသေကြပါဘူး။
ဒီလိုမျိုးတွေလည်း အောင်ပွဲဆင်နိုင်တာပါဘဲ။
မောင်မောင်နဲ့ အပတ်စဉ်တူ ကျောင်းဆင်းဘက် သူငယ်ချင်း ကျော်ကျော်က ဒီလိုလူမျိုး။ အရှက်ရတာက သေတာထက် ဆိုးတယ်လို့ ထင်တတ်တဲ့သူမျိုး။အခုထိ သက်ရှိထင်ရှား ရှိပါတယ်။ တပ်မတော်မှာ တာဝန် ထမ်းဆောင်နေတာတော့ မဟုတ်ပါဘူး။ နယ်ဘက်မှာ ရာထူးရာခံကြီးကြီးနဲ့ တင့်တင့်တယ်တယ် ဖြစ်နေပါပြီ။
ဒါဟာ သူ့ရဲ့ဇာတိမာန်စိတ်ကြောင့် အောင်မြင်မှု ရခဲ့တာပါဘဲ။ အဆိုးအကောင်းဆိုတာ တသမတ်တည်း ရှိတာမှ မဟုတ်တာ။ အပြန်အလှန်ဖြစ်နေတာ ဓမ္မတာပါဘဲ။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ မကောင်းတဲ့ ဥာဉ်ဆိုးတွေဆိုတာလည်း တကယ် အရေးကြီးပါတယ်။
လူငယ်တွေမှာ အကျင့်ဆိုးလေး အနည်းနဲ့အများ ရှိတတ်ပါတယ်။ နည်းနည်းပဲစွဲနေတဲ့သူကတော့ ပြင်ဖို့မခက်လှပါဘူး။ များများစွဲနေသူကတော့ မူလအကျင့်ကို ပြင်နိုင်ခဲပါတယ်။ တော်တော်စိတ်ဓာတ်ကောင်းမှ ဖြစ်မယ်။ ပြင်မရလောက်အောင် စွဲနေတယ်ဆိုရင်တော့ ဗိုလ်လောင်းမဖြစ်နိုင်တော့ပါ။ ဒါကြောင့် ဗိုလ်လောင်းရွေးချယ်ရာမှာ ဒုစရိုက်မှုတွင် ပျော်မွေ့သူ မဖြစ်စေရ လို့ အတိအလင်း သတ်မှတ်ထားရတာ ဖြစ်ပါတယ်။
မိဘက စီးပွားဥစ္စာပြည့်ပြည့်စုံစုံ ၊ ချစ်တယ်ဆိုပြီး အလိုလိုက်တာများရင် ကလေးဟာ အိမ်အလုပ်တွေမှာ ကူဖို့ဆိုတာ ဝေးလို့ ကိုယ့်အိပ်ရာတောင် မသိမ်းတော့ဘူး။ တာဝန်ကို မသိတတ်ဘူး။ အိမ်မှာ မပျော်ဘူး။ လမ်းပေါ်မှာပဲ နေချင်တယ်။ မကောင်းတဲ့ စရိုက်တူသူတွေပေါင်းပြီး ဟေးလားဝါးလား လတ်လျားလတ်လျားနဲ့ပဲ အချိန်ကုန်တယ်။ ပေါ့ပေါ့ဆဆနေတယ်။ စာမဖတ်ဘူး။ အချိန်မှန်မှန် လုပ်ရမယ့်အလုပ် ဆိုတာလည်း ဘာမျှမရှိဘူး။ ပိုက်ဆံဖြုန်းရတာ အရသာတွေ့တယ်။ မိဘကိုငဲ့ညှာဖို့ နားမလည်တော့ဘူး။ အဲဒါမျိုးကို မကောင်းတဲ့ဥာဉ်ဆိုး အကျင့်စရိုက်လို့ ဆိုရပါမယ်။
တစ်ခါက ဒီလိုကလေးတစ်ယောက် ဗိုလ်လောင်းဝင်ခွင့်အောင်ပြီးလို့ မိဘက ကိုယ်ပိုင်ကား အကောင်းစားနဲ့ ကျောင်းလာပို့တယ်။ အဲဒီနေ့က မိုးရွာနေလို့ ကားလမ်းဘေးမှာ ရွံ့တွေရှိတာပေါ့။ ရွှံ့ထဲမှာ ခြေချရမှာကြောက်လို့ ကားပေါ်မှ အောက်ကိုဆင်းဖို့တောင် ခေါ်လို့မရဘူး။ ဒါနဲ့မိဘတွေက လက်လျှော့ပြီး အိမ်ပြန်ခေါ်သွားရတာ တွေ့ဖူးပါတယ်။ ပိုတယ်မထင်ပါနဲ့။ ကိုယ်တိုင်တွေ့တာပါ။
အဲဒီလိုကလေးမျိုးဟာ လုပ်ရသမျှ သူ့အတွက် အားလုံးခက်နေမယ်။ တွေ့ရသမျှ၊ စားရသမျှ၊ နေရသမျှ ဘာမှစိတ်တိုင်းမကျဘူး။ ဆင်းရဲဒုက္ခချည်းပဲမှတ်တယ်။ အပြောခံရသမျှ အနိုင်ကျင့်ခံရတယ်ပဲ မှတ်တယ်။ ကိုယ့်အမှားကို မမြင်တတ်ဘူး။ ဘာကိုမှလည်း အလေးဂရုမပြုတတ်ဘူး။ တချို့မိဘတွေက ထင်တယ်။ တပ်ထဲပို့လိုက်ရင် ကောင်း သွားမှာပါ။ ပြင်သွားမှာပါလို့ ။ သူ့ဆန္ဒက တကယ်ပြင်းရင်တော့ ဟုတ်ပါလိမ့်မယ်။ သာမာန်အားဖြင့် အလွယ်ပါဘူး။
နောက်ဆုံးအနေနဲ့ လေးလေးနက်နက်ထားပြီး မှာချင်တာကတော့ မိဘများကို ဖြစ်ပါတယ်။ ကိုယ်ဖြစ်စေချင်တာ ဇွတ်ခိုင်းလို့ မရနိုင်ပါ။ ဒါတစ်ခုပဲကောင်းတယ်လို့ တစ်ထစ်ချ မမှတ်စေလိုပါ။ ကာယကံရှင်ဟာ အသက်အရွယ် နုနယ်သေးလို့ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်သေးဟု ဆိုနိုင်ပေမယ့် မိဘကဆုံးဖြတ်တာမှန်တယ်လို့ တစ်ထစ်ချ မပြောနိုင်ပါ။
ရှေးကဆိုရင် ကလေး တစ်ယောက်ဟာ တက္ကသိုလ်တက်မယ်၊ ဝန်ထမ်းတစ်ခုခု လုပ်မယ်။ တက္ကသိုလ်မတက်နိုင်သူ အရောင်းအဝယ်လုပ်မယ်။ တချို့လည်း တပ်ထဲဝင်မယ် စသည်ဖြင့် ဘဝအတွက် စဉ်းစားစရာ သိပ်များများစားစား မရှိပါဘူး။ ဒီနေ့ခေတ်စားနေတဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မယ်၊ ကျောင်းတက်မယ် ဆိုတာတွေဟာ ခက်ပါတယ်။ သင်္ဘောသားတောင် ရှားပါတယ်။
ဒီခေတ်မှာ ပြင်ပပျော်စရာတွေကလည်း များပါတယ်။ ရွေးချယ်စရာ လမ်းတွေလည်း များတယ်။ ဒီသာယာမှုတွေကိုစွန့်ပြီး သက်သက်သာသာရှိတဲ့ မြောက်မြားစွာသော လမ်းကြောင်းတွေထဲက ဗိုလ်လောင်းအလုပ်ကို စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဖို့ဆိုတာ ရှေးကထက် ခက်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ မဆုံးဖြတ်ကြဖို့၊ မိဘများကလည်း လွယ်လွယ်နဲ့ မတိုက်တွန်းကြဖို့ စေတနာနဲ့ သတိပေးရခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကို စစ်ပညာက သင်ခန်းစာလေး တစ်ခုနဲ့ နိဂုံးချုပ်ပါရစေ။
စစ်ပွဲတစ်ခုအောင်မြင်ဖို့အတွက်
(၁) မိမိကိုယ်ကို သိရမည်။
(၂) မိမိဘက်သားအကြောင်းသိရမည်။
(၃) မိမိရန်သူအကြောင်းသိရမည်။
ဘဝတစ်ခုအောင်မြင်ဖို့အတွက်လည်း ထိုနည်းတူဖြစ်ပါတယ်။ ပထမဆုံးအချက်ဖြစ်တဲ့ မိမိကိုယ်ကိုပင်လျှင် ရှင်းရှင်းလင်းလင်း မသိနိုင်ပါက ဘဝခရီးတစ်လျှောက်လုံးမှာ အခက်အခဲတွေ အများကြီး တွေ့နေမှာတော့ သေချာလှပါတယ်။
မိမိကိုယ်ကို မိမိ မှန်မှန်ကန်ကန် သိနိုင်သူများ ဖြစ်ကြပါစေ-
ဒုတိယဗိုလ်မှူးကြီးတိုက်စံ

Post a Comment

 
Top