လူများဟာ စိတ်လှုပ်ရှားမှုကို မက်မော တောင့်တကြပါတယ်။စိတ်လှုပ်ရှားမှုကို ရရှိဖို့အတွက် လူတစ်ချို့ဟာ မူးယစ်စေတဲ့ သေရည်အရက်များကို သောက်သုံးကြလေ့ရှိပြီး တခြားလူများကတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အားကစားနည်းနဲ့ ဖြေသိမ့်ကြလေ့ရှိပါတယ်။ကျွန်တော်တို့ သမိုင်းတစ်လျှောက်နောက်ပြန်ကြည့်လိုက်ရင် လူသားများရဲ့ ဘိုးဘေးဘီဘင်များက စိတ်လှုပ်ရှားမှုကိုရဖို့အတွက် အသက်အန္တရာယ်ရှိတဲ့ ဘယ်လိုအားကစားနည်းများကို ဆင်နွှဲခဲ့ကြသလဲဆိုတာကို ဖော်ပြလိုက်ပါတယ်
၁။ ရှေးခေတ် ပိုလို အားကစား။
ပိုလို အားကစားဟာ ကမ္ဘာရှေးအကျဆုံး အသင်းအဖွဲ့နဲ့ ကစားရတဲ့ နည်းစနစ်တစ်မျိုးလည်းဖြစ်ပါတယ်။ရှေးခေတ်ကာလက မြင်းတပ်ဟာ စစ်တိုက်ရာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်က ပါဝင်ခဲ့ပြီး မြင်းတပ်အစွမ်းထက်ရင် ထက်သလောက် တိုက်ပွဲများကို အောင်နိုင်လေ့ရှိပါတယ်။ပိုလို အားကစားဟာ မြင်းစီးစွမ်းရည်ကို တိုးတက်စေရန် ပြုလုပ်ထားတဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး BC ၆ ရာစုကတည်းက ပါရှားအင်ပိုင်ယာမှာ ကစားခဲ့တာဖြစ်ပြီး စစ်သူရဲကောင်းများကြားမှာ ရေပန်းစားတဲ့ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။
အလက်ဇန်ဒ္ဒရားဘုရင်(Alexander the Great) က ပါရှားအင်ပါယာကို တိုက်ခိုက်ဖို့ ကျူးကျော်လာတဲ့ အခါမှာ ပါရှန်းဘုရင် ဒါရီးယပ်စ်ကကလေးငယ်အရွယ်လေးက ပိုလိုသာ သွားကစားနေသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပိုလိုရိုက်တံတစ်ချောင်းနဲ့ ဘောလုံးပေးပို့ခဲ့ဖူးပါတယ်။ထိုနောက်မှာ ပိုလိုအားကစားနည်းက အာရှနဲ့ ဥရောပတိုက်များသို့ပျံ့နှံသွားခဲ့ပါတယ်။မြင်းများကို အရှိန်ပြင်းပြင်းစီးပြီး တစ်ယောက်နဲ့ တစ်ယောက်ဝင်တိုက်ရတဲ့အပြင် လူများကို ခိုက်မိနိုင်တဲ့ ပိုလိုရိုက်တံများနဲ့ မြင်းစီးပြီး ကစားခဲ့ရတဲ့ ပိုလို အားကစားနည်းဟာ အသက် အန္တရာယ်ကြားထဲက ကစားခဲ့ရတဲ့ နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။
၂။ နှစ်ဘီးတပ် စစ်ရထား ပြိုင်ပွဲ။
ရောမ လူမျိုးဟာ နှစ်ဘီးတပ် စစ်ရထား ပြိုင်ပွဲတွေကို ချစ်မြတ်နိုးကြတဲ့ လူမျိုးများဖြစ်ပြီး မြို့တိုင်းလိုလိုမှာ ကျင်းကလေ့ရှိပြီး လောင်းကြေးများကိုလည်း အကြီးအကျယ် လောင်းကြလေ့ရှိပါတယ်။ရောမမြို့မှာလည်း လူပေါင်း ၁ သိန်းခွဲကျော်အားပေးနိုင်တဲ့ မြင်းပြိုင်ကွင်းကို တည်ဆောက်ခဲ့ပြီး အကြီးအကျယ်အားပေးခြင်းခံခဲ့ရတဲ့ အားကစားနည်းတစ်မျိုးလည်းဖြစ်ပါတယ်။နှစ်ဘီးတပ် စစ်ရထား တွေကို မြင်း ၂ ကောင်မှ ၄ ကောင်အထိ ပြေးဆွဲစေကာ ယှဉ်ပြိုင်ကြတာဖြစ်ပြီး ပြိုင်ကွင်းကို ၇ ပါတ်အထိ ပါတ်ပြီးကစားရတာဖြစ်ပါတယ်။
အနိုင်ရဖို့အတွက် အဓိက ကျတဲ့ သော့ချက်ကတော့ အတွင်းလမ်းကို ယှဉ်လုကြရတာဖြစ်ပြီး မတော်တဆဖြစ်ပြီး သေဆုံးသွားကြတဲ့ ပြိုင်ပွဲဝင် များလည်း မကြာခဏ သေဆုံးကျလေ့ရှိပါတယ်။နှစ်ဘီးတပ် စစ်ရထား ပြိုင်ပွဲရဲ့ အန္တရာယ်များပုံကတော့ ၁၉၂၆ မှာ ရိုက်ကူးခဲ့တဲ့ ဘင်ဟား အတွက် နှစ်ဘီးတပ် စစ်ရထား ပြိုင်ပွဲအခန်းကို ရိုက်ကူးနေရင်း မြင်း ၅ ကောင်နဲ့ စတန့်ပြသူ ၁ ယောက်သေဆုံးခဲ့ပါတယ်။
၃။ လူအုပ်ကြီးဖြင့် ဘောလုံးကစားခြင်း။
၁၄ ရာစုကစလို့ အင်္ဂလန်နိုင်ငံမှာ feb 13 ရက်နေ့ အင်္ဂါနေ့ (ဘရင်ဂျီခရစ်ယာန်တို့ဝါရှောင်သည့်ကာလမစတင်မီအဖိတ်နေ့။)ဟာ လူငယ်များစွာ လမ်းမှာ စုရုံးပြီး ကစားကြတဲ့ နေ့တစ်နေ့ဖြစ်ပြီး ယနေ့ခေတ် ဘောလုံးအားကစားရဲ့ အစဖြစ်သလို့ ယနေ့ဘောလုံးလောက သောင်းကျန်းမှုရဲ့ အစလည်းပဲဖြစ်ခဲ့ပါတယ်။
ဒီကစားနည်းမှာဆိုရင် ၀က်တစ်ကောင်ရဲ့ ဆီးအိတ်ကို လေထိုးထားပြီး ဘောလုံးအဖြစ်အသုံးပြုခဲ့ပါတယ်။အားကစားနည်းရဲ့ ရည်ရွယ်ချက်ကတော့ တစ်ဖက်ရွာသို့ ဘောလုံးကို သယ်ဆောင်သွားနိုင်ရေးဖြစ်ပြီး ရွာသားများအကုန်လုံး ၀င်ရောက်ကစားခဲ့တာလည်းဖြစ်ပါတယ်။ဒီလောက်အကြမ်းပတမ်းနိုင်တဲ့ အားကစားနည်းမှာ ခြေလက်ကျိုးမှုက အထူးအဆန်းတစ်ခု မဟုတ်သလိုသေဆုံးကြတာကလည်း အဆန်းတစ်ခုတော့မဟုတ်ပါဘူး။ရွာအချင်းချင်း ကစားတဲ့ ပွဲစဉ်တွေမှာဆိုရင် တစ်သင်းတစ်သင်းမှာ လူအယောက် ၁၀၀ လောက်ပုံမှန်ပါဝင်လေ့ရှိပြီး မြို့ကြီးတွေ ယှဉ်ပြိုင်တဲ့ပွဲတွေမှာဆိုရင် လူအဖွဲ့များက သက်ဆိုင်ရာ နေရာမှာ စောင့်နေကြရတာဖြစ်ပါတယ်။၁၃၆၅ ခုနှစ်မှာ အက်ဝဒ် ဘုရင် ၃ (King Edward III)က ဒီအားကစားနည်းကို လူတွေ ခြေလက်ကျိုးကြလွန်းတဲ့အတွက် ပိတ်ပင်ခဲ့ပါတယ်။တစ်ခါက ပြင်သစ်မှာ ကစားခဲ့တဲ့ Mob Football ပွဲမှာဆိုရင် ဘောလုံးက ရေထဲကျသွားခဲ့တဲ့အတွက် လိုက်လုရင်း လူ အယောက် ၄၀ ခန့်သေဆုံးခဲ့ပါတယ်။
Arkar Hein (Shwemom)
Ref : List Verse
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.