လတ်တလောမှာ အပြောင်းအရွေ့ဈေးကွက်က တရားဝင်ဖွင့်လှစ်ခြင်းမရှိသေးပေမယ့် နာမည်ထွက်တဲ့ ကစားသမားတွေရဲ့ ဖြစ်နိုင်ဖွယ် ဈေးနှုန်းနဲ့ အပြောင်းအရွေ့သတင်းတွေက ခိုင်ခိုင်မာမာ နေရာယူခဲ့ပြီးဖြစ်ပါတယ်။ မန်ယူနဲ့ အာဆင်နယ်အသင်းတွေ အပြောင်အရွေ့ဈေးကွက်ထဲကို ခပ်သွက်သွက် လှုပ်ရှားနေကြသလို မန်စီးတီး၊ ချယ်လ်ဆီးနဲ့ လီဗာပူးအသင်းတွေမှာလည်း ဖြစ်နိုင်ဖွယ် ကစားသမားအဝင်အထွက် သတင်းတွေ ရှိနေခဲ့ပါတယ်။
မန်ယူ
ပြီးခဲ့တဲ့ရာသီမှာ ဒိုင်းတစ်ခု၊ ဖလား ၂ လုံးနဲ့ တာထွက်လှခဲ့တဲ့ မော်ရင်ဟိုရဲ့ မန်ယူကတော့ ယူရိုအောင်မြင်မှုနဲ့အတူ လာမယ့်ရာသီမှာ ချန်ပီယံလဂ်စစ်မြေပြင်ကို ခြေဆန့်ဖို့ ရှိနေတဲ့အတွက်အပြောင်းအရွေ့ဈေးကွက်မှာ မြိုင်မြိုင်ဆိုင်ဆိုင် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပါတယ်။မန်ယူရဲ့ တိုက်စစ်မှာ ပြီခဲ့တဲ့ရာသီအဆုံးပိုင်းမှာ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ အီဘရာမိုဗစ်က အသင်းကို ပြန်လာဖို့မရှိတော့သလို မော်ကြီးရဲ့ မူလပစ်မှတ် အက်သလက်တီကို စတား ဂရက်ဇ်မန်းဟာလည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်လို့ ရှေ့ဆက် ဘယ်လိုကစားသမားတွေကို အစားထိုးခေါ်ယူသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။မိုရာတာ ( ပြောင်းရွေ့ကြေး ပေါင် ၇၈ သန်း) – ပြီးခဲ့တဲ့နှစ်မှာ စီရော်နယ်လ်ဒို၊ ဘင်ဇီးမား တို့နောက်မှာ ဒုတိယဦးစားပေးကစားသမားအဖြစ် ရှိနေခဲ့ရတဲ့ မိုရာတာအနေနဲ့ မန်ယူကိုပြောင်းရွေ့ဖို့ သဘောတူညီထားပြီးဖြစ်တယ်လို့ သတင်းထွက်နေပြီး မန်ယူနဲ့ ရီရဲလ်အသင်းတွေကြားမှာ ကစားသမားရဲ့ ပြောင်းရွေ့ကြေး ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေသလို အနှေးနဲ့အမြန် မန်ယူအသင်းကို မိုရာတာ ပြောင်းရွေ့လာဖို့ရှိနေပါတယ်။

ဗစ်တာ လင်ဒီလော့ဖ် (ပေါင် ၃၀.၇၅ သန်း) – မန်ယူအသင်းရဲ့ တရားဝင်သတင်းတွေအရ မနက်ဖြန် မှာ ဆွိဒင်လက်ရွေးစင်နဲ့ ယခင် ဘင်ဖီကာနောက်တန်းကစားသမား လင်ဒီလော့ဖ် ကို မန်ယူရဲ့တရားဝင်ကစားသမားအဖြစ် ကြေငြာသွားဖို့ ရှိနေပါတယ်။
ပါရီဆစ် ( ပြောင်းရွေ့ကြေး ပေါင် ၄၄ သန်း) – အင်တာမီလန်ရဲ့ တောင်ပံကစားသမား ပါရီဆစ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ် ကို တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းနဲ့ ပြောင်းရွေ့ဖို့ သဘောတူညီပြီးဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဒီကစားသမားအတွက် အင်တာက ပေါင် ၄၄ သန်းလိုချင်နေပြီး မန်ယူကတော့ ၃၅ သန်းထက် ပိုပေးချင်ပုံမရပါဘူး။ ဒါကြောင့် အပြောင်းအရွေ့က တကယ်ဖြစ်သွားမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။
ချယ်လ်ဆီး
ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းအနေနဲ့ နည်းပြကြီး ကွန်တီရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်ခြင်းမရှိတော့တဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ထွက်ခွာခွင့်ပေးဖို့ ရှိနေသလို နောက်တန်းမှာ အကျဘက်ကို ရောက်ပြီဖြစ်တဲ့ တယ်ရီလည်း အသင်းပြောင်းဖို့ရှိနေပါတယ်။ ဒါ့အပြင် ကွင်းလယ်စတား ဟာဇက်ကိုလည်း စပိန်ထိပ်သီး ရီရဲလ်က အထူးချိတ်ဆက်နေတဲ့အတွက် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အသင်းရဲ့ ယိုပေါက်တွေကို အချိန်မီ ဘယ်လိုဖြည့်တင်းသွားမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။
လူကာကူ (ပေါင်သန်း ၇၀ ) – ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြပြီး ပရီးမီးယားလဂ်ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ဒီအဲဗာတန်တိုက်စစ်မှူးကို ကွန်တီက ခေါ်ယူလိုနေပြီး အဲဗာတန်က ပြောင်းရွေ့ကြေး ပေါင် သန်း ၇၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဂျိမ်းရိုဒရီဂွတ်ဇ် (ပေါင် သန်း ၇၀) – ရီရဲးလ်မက်ဒရစ်ကို စွန့်ခွာဖို့ရှိနေတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ပေါင် သန်း ၇၀ နဲ့ ဈေးခေါ်ထားပြီး ချယ်လ်ဆီးနည်းပြကွန်တီရဲ့ အဓိကဝယ်ယူလိုနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
ဘာကာယိုကို (ပေါင် သန်း ၄၀) – မိုနိာကုရဲ့ ကွင်းလယ်လူ ဘာကာယိုကို ကို လာမယ့်သီတင်းပတ်မကုန်ခင်မှာ အပြီးသတ်ခေါ်ယူစာချုပ်နိုင်မယ်လို့ ချယ်လ်ဆီးအသင်းက ဆိုထားပါတယ်။
မာကို ဗာရက်တီ (ပေါင် သန်း ၁၀၀) – ပီအက်စ်ဂျီရဲ့ အဓိကကွင်းလယ်ဖန်တီးရှင် ဗာရက်တီရဲ့ သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးကတော့ ကွင်းလယ်ကစားသမားတွေအတွက် စံချိန်တင်ဈေးနှုန်းဖြစ်နေပါတယ်။ ဒီကစားသမားကို ချယ်လ်ဆီးအပြင် ဘာစီလိုနာကလည်း ချိတ်ဆက်နေပြီး ဘယ်အသင်းကို ရောက်သွားလဲဆိုတာ စောင့်ကြည့်ရမှာပါ။
အာဆင်နယ်
လတ်တလောမှာတော့ မန်စီးတီးနဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ကို အာဆင်နယ်အသင်းက ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကြိုးစားနေပါတယ်။ ဒါ့အပြင် အသင်းရဲ့ နောက်တန်းကစားသမား ဘယ်လာရင်ကိုလည်း စပိန်ထိပ်သီး ဘာစီလိုနာက ချိတ်ဆက်နေလို့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်နဲ့ လွတ်ကင်းမယ့် အာဆင်နယ်အသင်း ပရီးမီးယာလိဂ်ကို ခြေကုန်ထုတ် တိုက်ပွဲဝင်ပြီး အရယူဖို့ ဘယ်လိုပြင်ဆင်မှုတွေလုပ်သွားမလဲ။ စိတ်ဝင်စားစရာပဲ။
အလက်ဇန္ဒား လက်ကာဇတီ (ပေါင် သန်း ၆၀) – ဒီလိုင်ယွန်တိုက်စစ်မှူးဟာ ဝင်းဂါးရဲ့ ကာလရှည် ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်ခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်လီဂူးမှာ ပြီးခဲ့တဲ့နှစ်က ၂၈ ဂိုးနဲ့ ဒုတိယဂိုးသွင်းအများဆုံး တိုက်စစ်မှူးဖြစ်ပါတယ်။
ကလိုင်း မာမ်းပိဖ် (ပေါင် ၁၁၇.၅ သန်း) – တယ်ရီလက်သစ်လို့ နာမည်ကြီးနေတဲ့ ဒီမိုနာကိုကစားသမားကို အဆင်နယ်အပြင် ရီရဲယ်လ်နဲ့ ချယ်လ်ဆီး အသင်းတွေကလည်း ချိတ်ဆက်နေတယ်လို့ သိရတာကြောင့် ပြောင်းရွေ့ကြေးမြင့်မားလှတဲ့ မိုနာကိုစတားအနေနဲ့ ဈေးကွက်အဆုံးသတ်မှာ ဘယ်အသင်းဆီ ခိုနားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။
လီဗာပူး
ပြီးခဲ့တဲ့ရာသီမှာ ရလဒ်ကောင်းတွေရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ကို တကျော့ပြန်လာမယ့် ကြိုးကြာနီတွေ ဘယ်လိုပြင်ဆင်နေကြသလဲ။ အသင်းရဲ့ခြေစွမ်းတောက်ပနေတဲ့ ကွင်းလယ်စတား ကော်တင်ဟိုကို ဘာစီလိုနာရဲ့ ဆွဲဆောင်မှုတွေကနေ ထိန်းသိမ်းထားနိုင်မလား။
မိုဟာမက် ဆာလာ (ပေါင် သန်း ၄၀) – ဒီရိုးမား တောင်ပံအတွက် လီဗာပူး သဘောတူညီမှုရရှိထားပြီး ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ကစားသမားအတွက် သတ်မှတ်ပြောင်းရွေ့ကြေးက ပေါင် ၄၅ သန်းဖြစ်ပေမယ့် ပေါင် သန်း ၄၀ နဲ့ နှစ်သင်းသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။
နာဗီ ကီတာ (ပြောင်းရွေ့ကြေး ပေါင် သန်း ၅၀) – လစ်ဇိပ်အသင်းရဲ့ ကွင်းလယ်လူအတွက် ပေါင် သန်း ၅၀ သတ်မှတ်ထားပေမယ့် ပေါင် သန်း ၃၇.၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ လီဗာပူကမျှော်လင့်ထားပါတယ်။
ဗန် ဒိဂျစ် ( ပေါင် ၇၅ သန်း) – ဆောက်သင်သမ်အသင်းက သူတို့ရဲ့ အဓိကနောက်ခံလူကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပရီးမီးယားလိဂ်ပြိုင်ဖက်တွေဆီ သတိထားပေမယ့် လီဗာပူးရဲ့ ချိတ်ဆက်မှုကလည်း အတော်ခရီးရောက်နေပြီလို့ သိရတာကြောင့် မကြာခင်မှာ ဒီအပြောင်းအရွေ့ တကယ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။
မန်စီးတီး
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်သင်ခန်းကို ဖလားမဲ့ရာသီနဲ့ ကောင်းကောင်းသင်ယူလိုက်ရတဲ့ ဂွာဒီယိုလာရဲ့ အပြောင်းအရွေ့ဈေးကွက်အတွင်း ခြေလှမ်းတွေ ဘယ်လို ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အသင်းပိုင်ရှင်တွေကလည်း နည်းပြအပေါ် အပြည့်အဝယုံကြည်ထားကြပြီး လာမယ့်ရာသီမှာ အဓိကဖလား ၃ လုံး အရယူသွားမယ်လို့ ကြုံးဝါးထားပါတယ်။
ဆန်းချက်ဇ် (ပေါင် သန်း ၅၀) – အာဆင်နယ်ရဲ့ အဓိကတိုက်စစ်မှူးကို မန်စီးတီးအပြင် ဘိုင်န်မြူးနစ်ကလည်း ပေါင် သန်း ၄၀ နဲ့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနှစ်ရဲ့ ဆွဲဆောင်မှုကိုကျော်ဖြတ်နိုင်ဖို့ ကစားသမားအတွက် မန်စီးတီးက ပေါင် သန်း ၅၀ ပေးချေဖို့ အဆင်သင့်ရှိနေသလို အပြောင်းအရွေ့ဖြစ်ခဲ့ရင် အသင်းမှာ တစ်ပတ် ပေါင် ၂၈၀၀၀၀ နဲ့ စာချုပ်သွားမှာ ဖြစ်ပါတယ်။
ဝေါ့ကာ (ပေါင် သန်း ၄၀) – Sky Sport သတင်းအရ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူအတွက် မန်စီးတီးက စပါးအသင်းကို ဒီတစ်ပတ်မှာ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့အချို့ပွဲစဉ်တွေမှာ ပါဝင်ခွင့်မရခဲ့တဲ့ ဒီညာနောက်ခံလူကို မန်စီးတီးရဲ့ အဓိကညာနောက်ခံလူအဖြစ် ထားချင်တဲ့ ဂွာဒီယိုလာရဲ့အစီအစဉ် အထမြောက်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။
credit: အခရာ
Post a Comment