0
သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော ဦးဌေးအောင် (ဓာတ်ပုံ − နစ်ကီ)
ဘဏ်ချေးငွေအတွက် ထောက်ခံစာတစ်ခုရရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို ကျပ်သိန်းတစ်ရာလာဘ်ထိုးခဲ့ရကြောင်း The National Trading ကုမ္ပဏီ တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဖွင့်ချခဲ့သည်။
The National Trading ကုမ္ပဏီက ပြင်ဦးလွင်ရှိ နန်းမြိုင် ဟိုတယ်ကို ငှားရမ်းခဲ့ပြီး ဟိုတယ် ခြံဝင်းအတွင်း Tourism Park ဆောက်လုပ်မည့်အတွက် ဘဏ် မှ ချေးငွေယူရန် အမြဲတမ်းအတွင်းဝန် ဦးရည်မွန်ကို ထောက်ခံခိုင်းခဲ့ ကြောင်း The National Trading ဒါရိုက်တာ ဦးဌေးအောင်က ပြော သည်။ ထိုသို့ ထောက်ခံစာရရန် အမြဲတမ်းအတွင်းဝန် ဦးရည်မွန် ကို ငွေကျပ်သိန်းတစ်ရာ လာဘ် ထိုးခဲ့ရကြောင်း ဦးဌေးအောင် က ဇွန်လ ၃ ရက်တွင် သတင်း စာရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနပိုင်ဆိုင်သည့် နန်းမြိုင်ဟို တယ်နှင့် ခြံဝင်းကို The National Trading က ၂၀၁၃ ကတည်းက ငှားရမ်းခဲ့ပြီး ၂၀၁၅ တွင် ငှားရမ်း ခနှင့် ဒဏ်ကြေးများ သန်း ၆၀၀ ခန့် ကြွေးကျန်ရှိသောကြောင့် ဌာနက ပိတ်သိမ်းရန် စာထုတ်ခဲ့သည်။ သို့သော် ဟိုတယ်မှာ လုပ်ငန်းပိုင်း ဆက်လက်လည်ပတ်မှုရှိခဲ့သည် ဟု ဦးဌေးအောင်က ပြောသည်။
ဟိုတယ်ပိတ်သိမ်းရန် ထုတ် ပြန်ခဲ့သော်လည်း The National Trading ကုမ္ပဏီက ဟိုတယ်ဝင်း အတွင်း Tourism Park နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန် ကမ္ဘောဇဘဏ်မှ ငွေချေးယူရန် ဦးရည်မွန်ကို ၂၀၁၆ ဇန်နဝါရီ ၂၀ ရက်တွင် သိန်းတစ်ရာလာဘ်ပေး ၍ ထောက်ခံခိုင်းခဲ့သည်ဟု ဦးဌေး အောင်က ပြောသည်။ ဦးရည်မွန် မှ ၂၀၁၆ ဇန်နဝါရီတွင် ‘နန်းမြိုင် ဟိုတယ်အား The National Trading Co.,Ltd သို့ ငှားရမ်း ထားခြင်းမှာ မှန်ကန်ပါကြောင်း နှင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီ ပါက ဘဏ်ချေးငွေရရှိရန် ဆောင် ရွက်နိုင်ပါရန် ထောက်ခံအပ်ပါ သည်’ဆိုသည့် စာပါသောထောက်ခံစာကို ထုတ်ပေးခဲ့သည်။
‘၎င်းစာ ရရှိရေးအတွက် အမြဲတမ်းအတွင်းဝန် ဦးရည်မွန်မှ ငွေကျပ်သိန်းတစ်ရာ တောင်းခံခဲ့ရာ မိမိမှာလည်း ဘဏ်ချေးငွေရရှိ ရန် မလွှဲမရှောင်သာဘဲ ထိုငွေကို ၎င်း၏ ရုံးခန်းအတွင်း မိမိကိုယ်တိုင် ၎င်းထံပေးအပ်ခဲ့ပါသည်’ဟု အတိုင်ပင်ခံရုံးသို့ ဦးဌေးအောင်၏ တိုင်ကြားစာတွင် ဖော်ပြထား သည်။
သို့သော် ၂၀၁၆ မတ်လ ကုန်၌ အစိုးရသစ်တက်လာချိန် တွင် ဟိုတယ်နှင့် ခရီးသွားဌာနမှ နန်းမြိုင် ဟိုတယ်ဝင်းမှာ ဟိုတယ် လုပ်ငန်းအတွက်သာ ငှားရမ်း ထားခြင်းနှင့် နိုင်ငံတော်သို့ တင်ပြ ၍ ခွင့်ပြုချက်ရမှသာ ဆောင်ရွက် နိုင်ရန်ဖြစ်ခြင်း၊ ဟိုတယ်ဝင်းအ တွင်းရှိ အဆောက်အအုံများမှာ ရှေးဟောင်းအမွေအနှစ် အ ဆောက်အအုံများ ဖြစ်နေခြင်း ကြောင့် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရန် အ ကြောင်းကြားစာပို့ခဲ့သည်။
‘‘အစက ထောက်ခံပေးပြီးမှ နောက်ကျတော့ လပိုင်းလေးပဲ ကြာပါတယ် ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့က သိန်းတစ်ရာပေးခဲ့ရတယ်ဆိုတာ အ ထောက်အထားလေးရှိလို့ ပြော လို့ရတာပါ။ ဒီထောက်ခံစာလေး တစ်ခုကို သိန်းတစ်ရာလောက် ပေးခဲ့ရရင် တခြားကြားထဲမှာ ဘယ်လောက်ရှိမလဲ စဉ်းစား ကြည့်ပါ’’ဟု ဦးဌေးအောင်က ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၁၆ က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ် သော်လည်း ယခုအချိန်အထိ တစ်ဖက်သတ်အနိုင်ကျင့်ပြောဆိုမှု များ၊ တုံ့ပြန်မှုများရှိခြင်းကြောင့် မခံရပ်နိုင်သည့်အဆုံး တိုင်ကြားရ ခြင်းဖြစ်ကြောင်း ဦးဌေးအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြော ဆိုခဲ့သည်။ လက်ရှိတွင် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ နန်းမြိုင်ဟိုတယ်၏ လုပ်ငန်းအ ခြေအနေနှင့် ဝင်ငွေများကို စစ် ဆေးရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန် Review အဖွဲ့တစ်ခုဖွဲ့ခဲ့ပြီး အဆို ပါအဖွဲ့ကို ဦးရည်မွန်က ဦးဆောင် နေခြင်းဖြစ်သည်။
‘‘အစကလည်း ဒီလို အာဃာတလေးရှိထားတယ်။ အခုလည်း တစ်ဖက်သတ်ပြောဆိုတာတွေရှိ လာတာကြောင့် ဒီလိုလာဘ်စား ကြောင်း သတင်းစာရှင်းလင်းတာ ပါ’’ဟု ဦးဌေးအောင်က ပြော ကြားသည်။
သိန်းတစ်ရာပေးခဲ့ရသည့် ထောက်ခံချက်မှာ ကမ္ဘောဇဘဏ် မှ ကျပ်သိန်းငါးသောင်းအထိ ချေးခွင့်ရရန်ဖြစ်ကြောင်း ဦးဌေး အောင်က ပြောသည်။ သို့သော် ဘဏ်က ထုတ်ချေးခြင်းမပြုခဲ့ ကြောင်း ၎င်းက ပြောသည်။
သိန်းတစ်ရာ လာဘ်ပေးခဲ့ရ သည်ဆိုသည့် ကိစ္စရပ်အပြင် မလျော်မကန်စီမံခန့်ခွဲမှုကို အသုံး ပြု၍ လာဘ်ငွေရယူသည်ဆိုကာ ဦးဌေးအောင်က ၂၀၁၇ ဧပြီတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးထံသို့ တိုင်ကြားခဲ့ပြီး အတိုင်ပင်ခံရုံးမှ လည်း တင်ပြစာကို စိစစ်နေ ကြောင်း ပြန်လည်အကြောင်း ကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမြဲတမ်းအတွင်းဝန် ဦးရည်မွန် ကို မေးမြန်းရန် 7Day Daily သတင်းစာက ဖုန်းဖြင့်ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ ပေ။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက သိန်းတစ်ရာကိစ္စကို မသိရှိထား သော်လည်း ဦးရည်မွန်ထုတ်ပေး ခဲ့သည့်စာမှာ ဘဏ်မှချေးငွေယူ ရန် ဟိုတယ်ငှားရမ်းထားသည်ကို ထောက်ခံပေးသည့် စာသာဖြစ် ကြောင်း၊ လုပ်ငန်းသစ်များ ဆောက်လုပ်ရန် ထောက်ခံပေးခဲ့ ခြင်းမဟုတ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။ ထို့အပြင် ဦးရည်မွန် ကို ၂၀၁၇ မေလခန့်က ပြည်ထဲ ရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါအရာရှိ က ပြောသည်။
ယခုလအတွင်း အစိုးရဝန် ထမ်းများ လာဘ်စားသည်ဟု သတင်းစာရှင်းလင်း ဖွင့်ထုတ်ခဲ့ သော ဖြစ်စဉ်နှစ်ခုရှိပြီး ဇွန်လ ၂ ရက်ကလည်း ရန်ကုန်တိုင်းဝန် ကြီးချုပ်၏ ကိုယ်ရေးအရာရှိ လာဘ်စားသည်ဆိုပြီး သတင်း စာရှင်းလင်းသည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်နှစ်ခုစလုံးတွင် သတင်းစာရှင်းလင်းပွဲ အခမ်းအ နားကျင်းပမည့် အဆောက်အအုံ များက လက်မခံတော့သည့် ဖြစ် ရပ်များရှိခဲ့သည်။ ယခု ကျင်းပ မည့် သတင်းစာရှင်းလင်းပွဲအ တွက်လည်း နေပြည်တော်မှ ဟို တယ်များကို ဌာနက ဖိအားပေးခဲ့ ၍ ဟိုတယ်ငါးခုမှ လက်မခံသဖြင့် ရန်ကုန်တွင် ကျင်းပခြင်းဖြစ် ကြောင်း ဦးဌေးအောင်က ဆို သည်။ ပြင်ဦးလွင်ရှိ နန်းမြိုင်ဟို တယ်ဝင်းအတွင်း မြေဧက ၁၅ ဧကခန့်ရှိပြီး ကိုလိုနီခေတ် အ ဆောက်အအုံများဖြစ်သည်။ ဟို တယ်ငှားရမ်းထားသော The National Trading ကုမ္ပဏီသည် ဟိုတယ်လုပ်ငန်း၊ ဆပ်ပြာစက်၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ် ရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
လာဘ်ပေးလာဘ်ယူမှုများ နှင့် ပတ်သက်၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေတွင် နိုင်ငံ ရေး ရာထူးလက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ သို့သော် ခိုင် လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာ စေရန် (သို့မဟုတ်) ဂုဏ်သရေ ပျက်စေရန်ရည်ရွယ်၍ ဤဥပဒေ ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည် ဟုသော်လည်းကောင်း၊ အဂတိ လိုက်စားမှုကြောင့် ကြွယ်ဝလာ သည်ဟုသော်လည်းကောင်း မ မှန်မကန် သတင်းပို့ခြင်း၊ တိုင် တန်းခြင်း၊ သက်သေခံခြင်းတို့ပြု ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထောင်ဒဏ် ငါးနှစ်အထိ ချနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်။

7day 

Post a Comment

 
Top