0

ရီးယဲလ်ပရိသတ်များထက် မန်ယူပရိသတ်များရဲ့အားပေးမှုပုံစံကို ပိုနှစ်သက်မိကြောင်း စီရိုနယ်လ်ဒို ဖွင့်ဟ
==================================================

ရီးယဲလ်စူပါစတား စီရိုနယ်လ်ဒိုက ဝေဖန်မှုများလွန်းသော ရီးယဲလ်ပရိသတ်များ ထက် မန်ယူပရိသတ်များရဲ့ ချစ်ခင်မှုအပြည့်ဖြင့် အားပေးပုံကို ပိုနှစ်သက် ကြောင်း ဖွင့်ဟလိုက်ပြီဖြစ်သည်။ သူက ရံဖန်ရံခါ ရီးယဲလ်ပရိသတ်များရဲ့ ကြမ်းတမ်း စွာ ဝေဖန်ပြောဆိုမှုများကို မုန်းတီးမိကြောင်း ဝန်ခံခဲ့ပြီး ''တစ်ခါတလေ အိမ်ကွင်းမှာ ပွဲသိမ်းခရာမှုတ်ပြီး ပွဲကို နှောင့်ယှက်တဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် မနှစ်သက်ပါဘူး။ တကယ်ကို မကြိုက်ပါဘူး။ ကစားသမားတွေဟာ ကွင်းထဲမှာ အကောင်းဆုံးဖြစ်ဖို့ အားထုတ်နေကြတာချည်းပါ။ ပွဲသိမ်းခရာ မှုတ်လိုက်တာက ကောင်းတဲ့အကျိုးသက်ရောက်မှု မရှိဘဲ ကစားသမားတစ်ဦးရဲ့ အမှားကိုသာ ဖြစ်စေပါတယ်''ဟု ပြောကြားခဲ့သည်။
သူက မန်ယူနှင့် အင်္ဂလန်မြေကို လွမ်းဆွတ်မိပြီး သူ့အတွက် မမေ့နိုင်စရာ အမှတ်တရ များ မန်ယူအသင်းတွင် များစွာရှိခဲ့သော်လည်း ရီးယဲလ်တွင်သာ ပျော်ရွှင်မှုရရှိနေကြောင်း ဆိုခဲ့သည်။ သူသည် အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ချန်ပီယံလိဂ် ဖလား၊ ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးခဲ့ပြီး မန်ယူအသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။ စီရိုနယ်လ်ဒိုက ကွင်းအတွင်း ကစားသမားများ အခက်အခဲကြုံနေချိန် ပရိသတ်များ၏ အားပေးမှုကို လိုအပ်နေချိန်၌ လှောင်ပြောင်နေမှုများက ရလဒ်ကောင်းထွက်စေသည့် နည်းလမ်းမဟုတ်ကြောင်းလည်း မှတ်ချက်ပြုသည်။
စီရိုနယ်လ်ဒိုနှင့် ရီးယဲလ်ရုပ်သံတို့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်တွင် အသက် (၄ဝ) အထိ ဘောလုံးဆက်ကစားမည်လားဆိုသည်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ အသက်(၄၁)နှစ်အထိ ဘောလုံးဆက်ကစားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ စီရိုနယ်လ်ဒိုက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် ဂျူဗင်တပ်မှာ အသင်းကောင်းဖြစ်သော်လည်း ရီးယဲလ်က ပိုကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာကို သက်သေပြရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ရီးယဲလ်အသင်း တွင် ကစားခဲ့ဖူးသူ ဂျူဗီကွင်းလယ်လူ ခီဒီရာကလည်း သူ့အနေဖြင့် ရီးယဲလ် ပရိသတ်များရဲ့လေးစားမှု ကို ဘယ်သောအခါကမှ ရရှိခဲ့ခြင်းမရှိကြောင်း ဆိုခဲ့သေးရာ ယင်းပြောစကားက စီရိုနယ်လ်ဒိုရဲ့ ယခု မှတ်ချက်စကားကို ထောက်ခံနေတဲ့ သဘောပင်ဖြစ်သည်။

Post a Comment

 
Top