0












" ယနေ့အဘဘိုးဘိုးကြီးအား မြေးတော်လေး"တနင်္ဂနွေသားကြီး "မှ ပူဇော်ပါတယ် ပွဲများနဲ့လည်း ပသပါတယ် ခလုတ်မထိ ဆူးမညှိအောင် စောင့်ရှောက်ပေးတော်မူပါ…
မြေးတော်လေး ပြောမှားဆိုမှားရှိရင် ခွင့်လွတ်ပေးတော်မူပါ ရန်သူမျိုးးငါးပါးနဲ့လဲ ဖယ်ရှားတော်မူပါ မနာလိုမုန်းတီး ရှိသည်များကိုလည်း ဖယ်ရှားတော်မူပါ ဒီနေ့ဒီရက်ဒီအချိန်မှစပြီး တနင်္ဂနွေသားကြီး မရရှိသေးသော စည်းစိမ်ဥစ္စာများ ရရှိပါစေ၊ ရရှိပြီးသော စည်းစိမ်ဥစ္စာများသည်လည်း တည်မြဲပါရစေ၊ မကြောင့်မကြ မတောင့်မတ စီးပွားလာဘ်လာဘ တွေလည်း တိုးတက်ပါရစေ...။
မြေးတော် မြစ်တော်များက "ခွန်ရှိလို့ခွန်မကိုး" အားရှိလို့အားမကိုး" အဘဘိုးဘိုးနဲ့ မောင်နှံခုနှစ်ဖော်ကိုသာ အားကိုးပါတယ်....။
မြေးတော်လေးတွေကို သာသနာပြုပုဂ္ဂိုလ်များ ဖြစ်ရပါစေ...။ ကျောက်သံပတ္တမြားတွေကို ဇယ်တောက်လို့ကစားနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ပါစေ။ အဘဘိုးဘိုးမြေးတော်မြစ်တော်များ`တစ်ကြံ’ ကြံရင်‘ဆယ်ကြံ’အောင်ပါရစေ…
သူများနှင့်ပြိုင်အနိုင်ရပါစေ…။ အများနှင့်ပြောရင်လည်း ချောပါရစေ။ ဒီနေ့ဒီရက်ဒီအချိန်မှစပြီး တနင်္ဂနွေသားကြီး ပြုသမျှကုသိုလ်အား အဘဘိုးဘိုးကြီးနှင့် မောင်နှံခုနှစ်ဖော်တို့အား အမျှအတန်းပေးဝေပါတယ်။ မြေးတော်လေးကို ‘ဘုန်းကောင်း’ ပေးပါ။ ‘လာဘ်ကောင်း’ ပေးပါ။ သွားလေရာလာလေရာ ခလုတ်မထိ ဆူးမညှိအောင် စောင့်ရှောက်ပေးပါ။ မြေးတော်လေး ဒီနေ့ ဒီရက် ဒီအချိန်မှစပြီး ဘုရားဒါယိကာ ကျောင်းဒါယိကာ ဖြစ်ပါရစေ….။
မြေးတော်လေးကပွဲများနဲ့လည်းပူဇော်ပါတယ်။ ပွဲများနှင့်လည်းပသပါတယ်။ ပွဲပေးတဲ့နေ့ကစပြီး မကြောင့်မကြပဲ စီးပွားလာဘ်လာဘ တိုးတက်ပါရစေ ဘယ်ဘက်ကတစ်ဆုပ်ကြဲပြီး ညာဘက်က တစ်လှည့်ဝင်ပါစေ။
မြေးတော်လေးကို သာသနာပြုနိုင်အောင် ကျောက်ကြီး ကျောက်ကောင်းများကိုလည်း စွန့်ကြဲတော်မူပါ။ မြေးတော်များကိုလည်း အဘဘိုးဘိုးတို့လုံခြုံသလို လုံခြုံအောင် စောင့်ရှောက်ပေးတော်မူပါ။ တနင်္ဂနွေသားကြီးမှ ထီးရောက်နန်းရောက်များကို မြေးတော်ကြီးမှ ပွဲများနှင့်ပူဇော်ပါတယ်။ ပွဲများနှင့်လည်းပသပါတယ်။
အဘဘိုးဘိုးလိုသလိုဘုန်းပေးသုံးဆောင်တော်မူပါ။ မြေးတော်ကြီးကို သာသနာပြုနိုင်အောင် အသေအချာစောင့်ရှောက်ပေးတော်မူပါ။ အဘဘိုးဘိုး………ကျွန်တော်မျိုးတို့ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုကို လည်းအမျှပေးဝေပါတယ်.....။
ဟူသောပူဇော်ပသသံမှာ မိုးကုတ်မြို့ရှမ်းစုရပ် ဘိုးဘိုးကြီးနတ်နန်းတွင် ပွဲတင်သူအတွက် ဆုတောင်းရွတ်ဆို ပသတိုင်တည်နေသံဖြစ်သည်။.........
ရှေးဘိုးစဉ်ဘောင်ဆက်ကတည်းက ယနေ့ထက်တိုင် မပြောင်းလဲသေးသည့် ရိုးရာအစဉ်အလာတစ်ခုကိုမူ ကျောက်တွင်းလုပ်ငန်း အတော်များများတွင် တွေ့နေရပါသေးသည်။ ထိုမပြောင်းလဲသေးသည့် ရိုးရာအစဉ်အလာမှာ မိမိတို့လုပ်ငန်းလုပ်ကိုင်မည့် ကျောက်တွင်းရပ်ကွက်ထဲတွင် လုပ်ငန်းမစမီဦးစွာ ဆိုင်ရာ၊ ပိုင်ရာ၊ နယ်ပယ်စောင့်နတ်ကို ရည်စူးကာ ကန်တော့ပွဲများထိုး၍ ရိုးရာသစ်သားစင်များဖြင့် ဆောက်လုပ်ပူဇော်ပြီးမှသာလျှင် ကျောက်တွင်းတူးလုပ်ငန်းကို စတင်ကြသည့် ဓလေ့၊ပိုင်ဆိုင်ရာပုဂ္ဂိုလ် အစောင့်အရှောက်နယ်ပယ်မှ ကောင်းမြတ်သော နယ်စောင့်နတ်တို့ကို ပူဇော်အပ်နှံပြီးမှသာ ဆုတောင်းအပ်နှံပြီးမှသာ ကျောက်တွင်းလုပ်ငန်းတို့ စတင်လုပ်ကိုင်ကြသည့် ရိုးရာဓလေ့သည် ယနေ့ထက်တိုင် ယုံကြည်စွာ လိုက်နာကျင့်သုံးကြလေသည်။
ရိုးရာဓလေ့နှင့်ပတ်သက်ပြီး ကျွန်တော်တို့လက်လှမ်းမီသမျှ လေ့လာကြည့်မိပါသည်။
(မိုးကုတ် -ဆရာဦးထွန်းဦးမှီငြမ်းရသေားထားသောစာအုပ်တွင်)
၁၉၆၆ ခုနှစ် အောက်တိုဘာလ အတွင်းတွင် ထုတ်ဝေသော လူထုဦးလှ၏ ဆောင်းပါးတစ်ပုဒ်တွင် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ဖူးပါသည်။
အဓိကအားဖြင့်မူ ဘိုးတော်မင်းတရားကြီး လက်ထက်လောက်မှသာ ကျောက်တွင်းနယ်မြေ နှင့်ပတ်သက်ပြီး သတ်သတ်မှတ်မှတ် မြို့စောင့်နတ်များကို အမိန့်ပြန်ခြင်း၊ ကျောက်တွင်း နယ်မြေဒေသအတွင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များ ထုတ်ပြန်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။
မိုးကုတ်သုံးမြို့ကို အစိုးရသော စို့သူကြီးနေမျိုးသီဟရာဇာမှ နေ၍၊ ထိုအချိန်က မိုးကုတ်ကျောက်တွင်းဒေသ၏ အခြေအနေများကို ပြန်လည်တင်သွင်း ဆက်သရသော စာလွှာတွင်.......
" ဘုန်းတော်အလွန်တစ်ရာကြီးမြတ်တော်မူသော ဘဝရှင် အရှင်မင်းမြတ် သတ်မှတ်တော်မူသည့် ကျောက်ထွက်သော နယ်မြေသည် ဇဗ္ဗူဒီပါလက်ျာတောင်ကျွန်း၌ အလွန်ထူးမြတ်တော်မူသော ဒေသတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အကျင့် စာရိတ္တမကောင်း၊ မသမာသောသူ၊ အနူ၊ အဝဲ၊ အရူးနှင့် သူတောင်းစား၊ တရားအကပ် မရှိသောရဟန်း၊ ပုဏ္ဏား၊ လင်ငယ်၊ မျောက်မထားသောမိန်းမယုတ်တို့ကို ပတ္တာမြား ကျောက်တွင်းတော်မှ ပြင်ပနှင်ထုတ်ကြရမည်။
ကျောက်တွင်းလုပ်ရာဒေသတွင် ကျားနှင့်မြောက်၊ ဆင်အမည်တွင် သညာမခေါ်ဟု စဉ်လာရှေ့က မှတ်ယူကြ၍ ဒေသအလိုက် နတ်မကြိုက်သောအရာ ဆိုသည်မှာလည်း တွင်းမှာအလုပ်သွား၊ လူအများတို့ ဝတ်သွားအနက်၊ အဆက်အစဉ်လာ၊ မပါရတည်း မင်္ဂလာထိမ်းမြား၊ သားနှင့်သမီး၊ အိမ်ထောင်မှီးသော် နတ်ကြီးထံမှာ ပန်ထွာ ပသ၊ တိုင်ပြောပြ၍ မိန်းမ ယောက်ျား၊ နှစ်ပါးစုံညီ သဉ္စာလီမှာ ဂရုဂါရဝပြုကုန်ရ၏။
ထိုမှတသီး နတ်ကြီး `၇’ စင်း၊မည်တွင် ခေါ်ကြ၊ ရပ်ဌာနမှ ဒေသထူးခြား ကျောက်ကုလားနှင့်တခြား ချောင်းဆုံ၊ တစ်ဖုံ ဘိုးတော်ကြီး တသီး က္ကိုဇကုဋ် နတ်ရုပ်မရှိ၊ အများသိသည်၊ ရှိသည်အနား၊ နတ်မင်းများကား၊ သေလာပဗ္ဗ၊ အစိုးရသည် မြင်သမျှလူတိုင်း ဘိုးသောမိုင်းတဲ့ မရိုင်းယဉ်လှ၊ သခင်မသော့၊ တိမ်းမတိမ်းမပါ၊ လူအများကို မငြိုမငြင် ထိုနတ်ရှင်တို့ တင်ကြပကြ၊ ဦးတင်သ၍ ခြောက်လတစ်ကြိမ် မညှိုးသိမ်းအောင် အမြိန်ရသာ၊ တင်ပြီးကာဝယ်၊ စဉ်လာမပျက် ထိုနံနက်၌ နတ်စား၍ပြန်၊ နတ်ကန်သည့်ရက်၊ အထက်စဉ်လာ ဆိုကြရှာသည် နောင်လာနောက်သား အမျိုးများသို့ တရားစောင့်သိမ်း ကျင့်ထုံးမပျက် ထို့နေ့ရက်မှာ ပူဆာငြင်းခုံ ဗုံသံပတ်သံ မောင်းသံမခြား စပါးထောင်းသံ ဆူညံအမှု မပြုစေရ ဆိုဆုံးမ၍ လောကတစ်ထွာ ပြုလုပ်ရာကို ပမာမထား ပြုလုပ်ငြားက နတ်ကျားနှင့်တိုက် ကိုက်၍ အမှန်သေရပြန်၏။
အကြံမှောက်မှား သားနှင့်သမီး မျိုးမသီး၍ မီးလိုအတူ နှလုံးပူလိမ့် အယူဖြောင့်စွာ မြို့ရွာစောင့်ကြပ် မြို့စောင့်နတ်ကို အမြတ်တနိုး ကိုးကွယ် ရိုသေ ပြုပေသောသူ၊ မပူမပန် ချမ်းသာသုခ ပြည့်စုံရအောင် စောင်မကြည့်ရှု အမှုကိစ္စ လိုသမျှကို တစ်စမကျန် တော်စီမံ၍ ဘုန်းကံသခင် ထိုနတ်ရှင်က အထင်အရှား ကျောက်ပတ္တမြားနှင့် စပါးဆန်ရေ ထွေထွေမခြား လွန်ပေါများအောင် နတ်များစောင်မ လိုတိုင်းရ၏။ လောက ဂေါဟာပြောကြားစကား ရှိပါသည်ဘုရား။
ထို့အပြင် ကျောက်တွင်းတော်၌ ထိခိုက်၍ သေဆုံးသူများရှိခဲ့လျှင် နတ်စင် (၇) စင်ကို ထိခိုက်သူတို့က ပသပူဇော်ကြရခြင်း၊ ကန်တော့ပွဲ၊ မုန့်ပွဲ၊ သစ်သီးမျိုးစုံ၊ မီးတိုင်များနှင့် ပသတင်မြှောက်လျက် တောင်းပန်ပြီးမှ ထိခိုက်သောတွင်းကို ထပ်မံ၍ လုပ်ကိုင်ရမြဲဖြစ်လေသည်။
တွင်းလုပ်သူတို့က မတင်မမြှောက်နိုင်လျှင် ရပ်ရွာ၌ အတူနေထိုင် သူတို့ကဖြစ်စေ (သို့မဟုတ်) မြို့ရွာ၌ အကြီးအကဲ လုပ်သူတို့ကဖြစ်စေ ဂရုစိုက်၍ ပြုလုပ်ကြမြဲဖြစ်လေသည်။ မိန်းမတို့ဖောက်ပြန်လော်မာ၍ လင်ငယ်အမြှောင်ထားခြင်း၊ နေရာအရပ်မရွေး ယောက်ျားများနှင့် သွားလာကျူးလွန်ကျင့်ကြံပေါင်းဖော်ခြင်းဖြစ်၍ ပေါက်ကြား၊ ကြားသိခဲ့လျှင် အရပ်လူကြီးများနှင့်တကွ အစိုးရမင်းကိုယ်တိုင်က ထိုမိန်းမကို ကြိမ်ရာဇဒဏ်ပေးပြီး တစ်ရပ်တစ်ရွာသို့ နှင်ထုတ်ခြင်း၊ ပြစ်မှုကျူးလွန်သော ယောက်ျားကမူ နတ်စင်ကြီးများသို့ သွား၍ နတ်ကြီးများကို ကန်တော့တောင်းပန်ရခြင်း၊ ချောင်းမြှီး၊ မြောင်းမှီး ဆေးရခြင်း၊ ခုနှစ်ရက်ပတ်လုံး အလုပ်အကိုင်နှင့် ပတ်သက်၍ အဝေးအလံ တောကြီး တောင်ကြီး အကြိုအကြား မသွားလာရခြင်း၊ မြို့ရွာအတွင်းမောင်းလှည့်၍ ကြော်ငြာကာ မတရားသော အကျင့်အကြံနှင့် သူတစ်ပါး၏ မယားကို ခိုးယူကျင့်ကြံတက်သော သူကို မြို့ရွာထုံးစံအတိုင်း ဤကဲ့သို့ပြုလုပ်လိမ့်မည်ဟု မောင်းနှင်ကျော်၍ ရာဇဒဏ်ပေးရပါသည်ဘုရား။
မိုးကုတ်သုံးမြို့တွင် တစ်စုံတစ်ရာထိခိုက်၍ဖြစ်စေ၊ အစိမ်းသေ သေလျှင်ဖြစ်စေ၊ သင်္ဂြိုလ်ရန် နေရာဌာနတစ်ခြား၊ ဧည့်သည်အာဂန္တု သေလျှင် သင်္ဂြိုလ်ရန် နေရာဌာနတခြား၊ ရိုးရိုးသေသော အရပ်သားများအတွက် သဂ်ြင်္ိုလ်ရန်နေရာဌာန တစ်သီးတခြားစီအားဖြင့် သုဿာန်သခ်ျင်္ိုင်း (၃) ခုခွဲခြား၍ ထားရပါသည်ဘုရား။"ဟူ၍ပါရှိသည်......
အထက်ပါစာလွှာကိုဖတ်ရှူ့လေ့လာခြင်းဖြင့်ပင် ပတ္တမြားမြေ ရတနာနယ်မြေသည် ရိုးရာအစဉ်လာများကို စောင့်ထိန်းရကြောင်း ၎င်း လုပ်ငန်းဆောင်ရွက်သူ တွင်းလုပ်သားအားလုံးနှင့် ကျောက်တွင်းရတနာနယ်မြေအတွင်း နေထိုင်သူများမှာလည်း ကိုယ်ကျင့်တရား စောင့်ထိန်းလိုက်နာရကြောင်း သိရှိနိုင်ပါသည်။
အမှန်စင်စစ်မျက်မြင် အခြေအနေတွင်လည်း မိုးကုတ်ရတနာမြေ၏ ပင်မစီးပွားရေး လုပ်ငန်းဖြစ်သော ကျောက်မျက်တူးဖော်ရေးလုပ်ငန်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့မှာ ကံတရားနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေသည်ဆိုလျှင် မည်သူမှငြင်းဆိုနှိင်လိမ့်မည် မဟုတ်ပေ။
မည်မျှပင် ဝီရိယအားထုတ် ကြိုးစားလုပ်ကိုင်စေကာမူ ကံအကျိုးမပေးလျှင်ဘဝတစ်သက်လုံး စားနိုင်သောက်နိုင်ရုံကဝီရိယအကျိုးမှလွဲပြီး ဘဝကိုအဆုံးသတ်သွားသူများ ရှိသလို ကံတစ်ချက်`မ’ လိုက်၍ နေ့ချင်း ညချင်းကြီးပွားချမ်းသာ သွားသော သာဓကများစွာက မိုးကုတ်ရတနာမြေနေ လူပေါင်းများစွာက သက်သေခံလျက်ရှိနေပေသည်။
သို့ကြောင်ပင် မိုးကုတ်ရတနာနယ်မြေမှ ဒေသခံလူပုဂ္ဂိုလ်အများသည် ကံ,ကံ၏အကျိုးကျေးဇူးကို လေးနက်စွာ ယုံကြည်ကြပြီး ဘာသာတရားကို စိတ်အားထက်သန်စွာ ကိုးကွယ်အလေးထား လုပ်ကိုင်ကြပေသည်။
အဆိုပါအခြင်းအရာအချို့များတို့ကဒေသခံတို့မိုးကုတ်ရေမြေကိုအားကိုးမှီခိုလုပ်ကိုင်စားသောက်နေသူများမှ ရိုးရာယုံကြည်မှုများကိုအစဉ်လာမပျက် ယုံကြည်ထိန်းသိမ်းလက်ခံလာပေသည်။
ယနေ့ခေတ်......
ယခု ကျောက်တွင်းးနယ်မြေတွင်းနယ်မြေခေါ် နတ်မောင်နှံ (၇) ဖော်တို့ကို ပူဇော်၍ ဆောက်လုပ်ထားသောစင်များမှာ အများစုဖြစ်ကြောင်း သိရပါသည်။ နတ်ကြီး (၇) စင်ဟူ၍ အမည်တွင်သည့်မိုးကုတ်မြို့နယ်ကို စောင့်ရှောက်သော နယ်ပယ်စောင့်နတ်များနှင့် တည်နေရာများမှာ-
(၁) ရှမ်းစုရပ်ကွက်တွင် တည်ရှိသည့် ဘိုးဘိုးကြီးနတ်နန်း။
(၂) ရှမ်းစုရပ်ကွက် ချမ်းသာကြီးဘုရားတောင်ခြေတွင် တည်ရှိသည့် ဘိုးတော်မှိုင်းနတ်နန်း။
(၃) ရှမ်းစုရပ်ကွက် ချမ်းသာကြီးဘုရား တောင်ခါးပန်းတွင် တည်ရှိသည့် သော့ကိုင်သခင်မနတ်နန်း။
(၄) ရွှေကူရပ်ကွက် အနောက်မြောက်ဖက်တွင် တည်ရှိသည့် ရွှေတိုင် ဘိုးဘိုးကြီးနတ်နန်း။
(၅) က္ကိုဇကုဋ် ရပ်ကွက်နှစ်ကျိပ်ရှစ်ဆူဘုရားတောင်ခြေတွင် တည်ရှိသည့်
(၆) အောင်နန်းရပ်ကွက်တွင် တည်ရှိသည့် ကျောက်ကုလား ဘိုးဘိုးကြီးနတ်နန်း။
(၇) တောင်ကချင်ရပ်ကွက်တွင် တည်ရှိသည့် ချောင်းဆုံ ဘိုးဘိုးကြီးနတ်နန်းတို့ ဖြစ်သည်။
ထိုနတ်နန်းကြီး (၇) စင်အနက် ယခုနောက်ပိုင်းတွင် မြို့နယ်လုံးဆိုင်ရာအဖြစ် အများဆုံးယုံကြည်ကိုးကွယ်ကြသည်မှာ ရှမ်းစုရပ်ကွက်အတွင်းရှိ ဘိုးဘိုးကြီးပင်ဖြစ်သည်။ ဘိုးဘိုးကြီးသည် မိုးကုတ်မြို့ကိုစောင့်ရှောက်သူ၊ မိုးကုတ်လုပ်ငန်းဆိုင်ရာများကို အကျိုးပေးမ, စနိုင်သူဟူ၍ ယုံကြည်မှုရှိကြပေသည်။
ထို့ကြောင့် ရှမ်းစုရပ်ကွက်ရှိ ဘိုးဘိုးကြီးနတ်နန်းမှာ ဆိုင်ကယ်ပြသူ၊ ကားပြသူများ၊ ကျောက်အရောင်းဝယ်လုပ်ငန်း အောင်မြင်အောင် လာရောက်ဆုတောင်း အဓိဌာန်ပြုကြသူများ၊ တွင်းမှ ကျောက်ကြီးကျောက်ကောင်းများ ထွက်ရှိရန်အတွက် ဆုလာတောင်းသူေ ပေါလန်များနှင့်ကုန်သည်၊ပွဲစားတို့ အမြဲစည်ကားလျက်ရှိသည်။
ရိုးရာဓလေ့ တစ်ခုဖြစ်သည့် ရှင်လောင်းများကို နတ်ပြရာတွင်လည်း ဘိုးဘိုးကြီးနတ်နန်းတွင်သာ လာပြလေ့ရှိကြောင်းတွေ့ရသည်။
မြို့နယ်လုံးဆိုင်ရာပွဲတော်အဖြစ် ပူဇော်ကိုးကွယ်မှုကိုမှု နတ်နန်းကြီး (၇) ခုလုံးအား တစ်နှစ်လျှင် နှစ်ကြိမ်တစ်ပြိုင်တည်း ပြုလုပ်ကြပါသည်။ ထိုနေ့များမှာ နတ်တော်လတွင် တစ်ကြိမ် နယုန်လတွင်တစ်ကြိမ်ဖြစ်ပြီး အင်္ဂါ (သို့မဟုတ်) စနေနေ့ တစ်ရက်ရက်တွင် ပြုလုပ်ကြပါသည်။
ပူဇော်ပသပုံမှာ တစ်မြို့လုံးရှိရပ်ကွက်များမှာ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက်အလိုက် လူခွဲပြီး နတ်နန်းကြီး (၇) ခုလုံးသို့ ကျီးမနိုးမီအချိန်တွင် အရောက်သွားကာ မုန့်ဆီကြော် အနီ၊ အဖြူ၊ ငချိပ်ပေါင်း၊ ရာသီထွက်သီးနှံတစ်မျိုးမျိုး၊ (သရက်သီး ပေါ်ချိန်ဆိုလျှင် သရက်သီး၊ လိမ္မော်သီး ပေါ်ချိန်ဆိုလျှင် လိမ္မော်သီး)တို့ဖြင့် ကန်တော့ပွဲတင်၍ ပူဇော်ဆုတောင်းကြပါသည်။
ထူးခြားမှုအနေဖြင့် ဘိုးဘိုးကြီးနတ်နန်းသို့တင်မည့် ကန်တော့ပွဲတွင်သာ အုန်းသီးထည့်ရပြီး အခြားနတ်နန်းများတွင်မူ ထည့်စရာမလိုကြောင်းနှင့် ကိုယ်ဝန်ဆောင်ရှိသည့် အိမ်များမှ လူများမှာ မသွားရကြောင်း၊ ကန်တော့ပွဲ (သို့မဟုတ်) အလှူငွေလည်း လုံးဝ မထည့်ရကြောင်းတို့ကို လေ့လာသိရှိရပါသည်။ဤသည်မှာဘိုးတော်ကြီးနတ်နန်းနှင့်ပတ်သက်ပြီး လိုက်နာရန်အချို့ဖြစ်သည်ကိုမှတ်သားရပါသည်။
ရတနာနယ်တွင်ကြီးမြတ်သော အစောင့်အရှောက်များ..၊ထူးခြားသော ယုံကြည်ကိုးကွယ်ပသမှုများဖြင့် သိသူဖော်စား မသိသူကျော်သွားလျက် လှုပ်ရှားလုပ်ကိုင်လျက်ရှိပါကြောင်း ဗဟုသုတအလို့ငှာမျှဝေလိုက်ရပါသည်......။

Post a Comment

 
Top