0

ဇွန် ၁၅ ။               ။ ယူနီဖောင်းအပြာ၊ အနက်ရောင်ဒေါက်ဖိနပ်တို့ စီးထားတဲ့ နုပျိုလန်းဆန်းမှုအပြည့်ရှိ ယာဉ်ထိန်းရဲမေလေးတွေ ပြုံယမ်းမြို့က လမ်းဆုံမီးပွိုင့်တွေမှာ ယာဉ်ကြောရှင်းပေးနေတဲ့ ပုံရိပ်က မြောက်ကိုရီးယားမြို့တော်အတွက်တော့ ထူးခြားတဲ့အမှတ်သင်္ကေတတစ်ခု ဖြစ်ပါတယ်။
နျူကလီးယားလက်နက်ပိုင်ဖို့ ကြိုးစားရင်း နိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့ ပုံရိပ် ဖုံးမရဖိမရ ထွက်နေတယ်ဆိုပေမယ့်လည်း မြို့တော်မှာတော့ အကောင်းဆုံး ပုံရိပ်တစ်ခုကို ထုတ်ပြနိုင်မယ့် အာဏာပိုင်တွေရဲ့ ကြိုးပမ်းချက်တစ်ခုအနေနဲ့ ယခုလို ပြုံယမ်းမှာ အင်အား ၃၀၀ ခန့်ရှိ ယာဉ်ထိန်းရဲမေလေးတွေကို ထူးထူးခြားခြားပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါယာဉ်ထိန်းရဲမေလေးတွေအတွက် ထုတ်ထားတဲ့ စည်းကမ်းချက်တွေအရ သူတို့တွေ လက်ထပ်လိုက်ရင် ဒီအလုပ်ကို ဆက်လုပ်ခွင့်ရတော့မှာမဟုတ်ဘူးဆိုတဲ့ အချက်ကိုပါ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ တကယ်တော့ သူတို့တွေမှာ အနားယူဖို့ အချိန်ကာလတိတိကျကျ ရှိနေတာဖြစ်ပါတယ်။ စည်းကမ်းချက်တွေထဲမှာတော့ သူတို့တွေ အသက် ၂၆ နှစ်နဲ့ မဖြစ်မနေ ဒီယာဉ်ထိန်းအလုပ်ကနေ အနားယူရမယ်လို့ ပါရှိနေတာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် မြို့တော်က လမ်းဆုံတွေမှာ အဆိုပါ ယာဉ်ထိန်းရဲမေလေးတွေ နုပျိုလန်းဆန်းမှု၊ သွက်လက်ချက်ချာမှု အပြည့်နဲ့  တာဝန်ထမ်းနေတာကို တွေ့မြင်ရတဲ့ ခရီးသွားဧည့်သည်တွေ၊ သတင်းသမားတွေအတွက်ကတော့ ထူးခြားတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသလို ဖြစ်ပါတယ်။
" သူတို့က ဒီမြို့တော်ကို ကိုယ်စားပြုနေတာပါ၊ ဒါကြောင့်လည်း ကျွန်တော်တို့ သူတို့ရဲ့ အသွင်အပြင်၊ ရုပ်ရည်ကို ကြည့်ပြီး ရွေးခန့်ရပါတယ်" လို့ မြောက်ကိုရီးယား ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောပါတယ်။
ယခုလို အမျိုးသမီး ယာဉ်ထိန်းတွေကို အသက်ကန့်သတ်ထားပေမယ့်လည်း အမျိုးသားယာဉ်ထိန်းတွေကိုတော့ အသက်ကန့်သတ်ထားခြင်း မရှိပါဘူး။
" ထုတ်ထားတဲ့ စည်းမျဉ်းတွေက တော့ ပုံမှန်ပါပဲ၊ ဘာလို့ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာက ပုံမှန်အားဖြင့် အမျိုးသမီးတွေက အသက် ၂၆၊၂၇ လောက်မှာ အိမ်ထောင်ပြုကြတယ်လေ၊ ဒီအလုပ်မျိုးကလည်း တကယ်တော့ ခက်ခဲပါတယ်၊ သူတို့တွေအနေနဲ့ အပျိုဖြစ်နေတဲ့အချိန်ပဲ ဒီအလုပ်ကို လုပ်နိုင်ပါလိမ့်မယ်" လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးကလည်း ရှင်းပြသွားပါသေးတယ်။

 

Post a Comment

 
Top