0


ထိုင်းနိုင်ငံမှ တိရစ္ဆာန်ဥယျာဉ်တွင်း ဖျော်ဖြေရေးသမားတဦးဟာ မိကျောင်းတကောင်ရဲ့ ပါးစပ်တွင်း ဦးခေါင်းကို သွင်းပြီး စတန့်ထွင်သရုပ်ပြဖျော်ဖြေချိန်မှာ မိကျောင်းကိုက်ခံခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ကော့စမွီခရိုင်တွင်းက မိကျောင်းတွေနဲ့ သရုပ်ပြ ဖျော်ဖြေရတဲ့ စခန်းတခုတွင်းမှာ ဇွန် ၁၁ ရက်နေ့က ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအမျိုးသားဟာ အစွယ်တွေအဖွေးသားနဲ့ ပါးစပ်ကြီးဟကာ လဲလျောင်းနေတဲ့ မိကျောင်းကြီးရဲ့ အနားမှာ ထိုင်နေခဲ့တာပါ။
ဒီစတန့်ပြ သရုပ်ပြဖျော်ဖြေမှုဟာ တုတ်ချောင်း ၂ ချောင်းနဲ့ မိကျောင်းကို တို့ထိစ နောက်ပြကာ ဖျော်ဖြေရတာမျိုးပါ။
ခုဖြစ်ပျက်ခဲ့တဲ့ အခြေအနေမှာတော့ သူဟာ ဧည့်ပရိသတ်အနည်းငယ်ကို ဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။
မိကျောင်းကို တုတ်ချောင်းတွေနဲ့ တို့ထိကစားခဲ့ပြီး အချိန်အတန်ကြာမှာတော့ အဆိုပါ အမျိုးသားဟာ တုတ်ချောင်းနဲ့ ထောက်ထားတဲ့ မိကျောင်းရဲ့ ပါးစပ်တွင်းကို သူ့ဦးခေါင်းကို ထည့်သွင်းစေကာ ဖျော်ဖြေဖို့ ကြိုးစားခဲ့တာပါ။
သူဟာ မိကျောင်းရဲ့ ပါးစပ်တွင်းမှာ ဦးခေါင်းကို ဟိုဘက်၊ သည်ဘက် လွှဲယမ်းပြခဲ့ပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ မိကျောင်းက ရုတ်တရက် သူ့ရဲ့ ဦးခေါင်းကို ကိုက်ပစ်လိုက်တာပါ။
ပရိသတ်တွေဆီကလည်း အံ့အားသင့်ပြီး ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး မိကျောင်းဟာ သူ့ဦးခေါင်းကို ကိုက်ထားပြီး ဆွဲယမ်းခါပစ်လိုက်တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ မိကျောင်းကြီးဟာ သူ့ကိုထားခဲ့ပြီး ရေထဲကို ပြန်လှည့်ဆင်းသွားခဲ့တာကို တွေ့ရပါတယ်။
အဆိုပါ ဖျော်ဖြေရေးသမား အမျိုးသားဟာ အရင်ကလည်း သူ့မှာ မိကျောင်း တိုက်ခိုက်ခံရဖူးတဲ့ ဒဏ်ရာတွေ ရှိခဲ့ဖူးပြီး လက်ချောင်းတချောင်းလည်း ဆုံးရှုံးခဲ့ဖူးကြောင်း ပရိသတ်တွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။

Post a Comment

 
Top