0

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍
ဇွန် ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီစားသောက်ဆိုင်က လက်ခံထားခြင်းမရှိကြောင်း အဆိုပါစားသောက်ဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

Facebook လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် အဆိုပါပွဲဖိတ်စာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြိုးမင်းသိန်း၏ “လက်သင့်ရာစားတော်ခေါ်”သည့် အကျင့်ပျက်လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ အစိုးရ၏ပုံရိပ် ထိခိုက်မှေးမှိန်အောင် လုပ်ဆောင်နေမှုများနှင့် ၀န်ကြီးချုပ်၏ကိုယ်ရေးအရာရှိဆိုသူ၏ အဂတိလိုက်စားနေမှုများကို ဇွန်၂ရက်၊ နံနက် ၁၀ နာရီ၌ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ဖော်ပြထားသည်။ သတင်းစာရှင်းလင်းပွဲဖိတ်ကြားစာဟုဆိုသော်လည်း ရှင်းလင်းပွဲပြုလုပ်မည့်သူများ၏အမည်၊ အဖွဲ့အစည်းနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရေးသားဖော်ပြထားခြင်းမရှိဘဲ ဇွန် ၁ ရက်တွင် သတင်းဌာနများသို့ လိုက်လံဖိတ်ကြားခဲ့သည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ တော်ဝင်နှင်းဆီစားသောက်ဆိုင်သို့ဆက်သွယ်မေးမြန်းရာတွင် ဇွန်၂ရက်၊ နံနက်၁၀နာရီတွင် မြောက်ဒဂုံ၊
၄၈ ရပ်ကွက်ရှိ ဗထူးအိမ်ရာနှင့်ပတ်သက်၍ ပြုလုပ်မည့်သတင်စာရှင်းလင်းပွဲအတွက်သာ ခန်းမငှားရမ်းထားကြောင်း၊ မီဒီယာများထံဖိတ်ကြားထားသည့် သတင်းစာရှင်းလင်းပွဲကို လက်ခံထားခြင်းမရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
“၀န်ကြီးချုပ်ဖြိုးမင်းသိန်းနဲ့ပတ်သက်ပြီး ရှင်းလင်းမယ့်သတင်းစာရှင်းလင်းပွဲကို ကျွန်မတို့လက်ခံပြီး ခန်းမငှားရမ်းထားတာ မရှိပါဘူး။ ပွဲလုပ်ဖို့လက်ခံထားတာက အိမ်ယာနဲ့ပတ်သက်ပြီး ရှင်းလင်းမယ်ဆိုတဲ့ပွဲကို လက်ခံထားတာပါ။ ၀န်ကြီးချုပ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းမယ်ဆိုတာ ကျွန်မတို့မသိပါဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် ဗထူးအိမ်ယာနှင့်ပတ်သက်၍ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို အမျိုးသမီးတဦးက ဖုန်းဖြင့်ဆက်သွယ်ကာ ကြိုတင်ငှားရမ်းခြင်းဖြစ်ကြောင်းနှင့် ငှားရမ်းသူအမည်ကိုမူ “မိုက်ကယ်”ဟု မှတ်သားပေးထားရန်သာ ပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေသူဟုဆိုသည့် ကိုမိုက်ကယ်၏ ဖုန်းနံပါတ်(09 50***80) သို့ဆက်သွယ်မေးမြန်းရာ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ခန်းမငှားရမ်းထားသည်မှာ မှန်ကန်ကြောင်း၊ ဗထူးအိမ်ယာရှင်းလင်းပွဲဟု စာရင်းပေးထားသော်လည်း ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အတူတူပါပဲ။ မှန်ပါတယ်။ ကျွန်တော် တမင်တကာ ဖျောက်ထားတာပါ။ တော်ဝင်နှင်းဆီမှာလုပ်မှ ထိရောက်မှာမျိုးလေးတွေ ရှိနေလို့ပါ။ နားလည်ပေးပါ”ဟု ကိုမိုက်ကယ်က ပြောဆိုသည်။
ယင်းသို့ သတင်းစာရှင်းလင်းမည့်အကြောင်းအရာကွဲလွဲနေသည့်အတွက် တော်ဝင်နှင်းဆီဆိုင်ဘက်မှ ပွဲကျင်းပခွင့်
ပြု မပြုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူထံ ထပ်မံဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ချေ။

ကိုရဲ
News Watch
via Naing Oo
Photo from News Watch Facebook

Post a Comment

 
Top