0

ရှားပါးသွားပြီဖြစ်သော မှန်ပန်းချီကို ပုလင်းပန်းချီပညာရှင် ဦးချစ်မြ က ဆက်လက်ထိန်းသိမ်းထားပြီး အနယ်နယ်အရပ်ရပ်သို့ လိုက်လံရေးဆွဲပေးလျက်ရှိသည်။

မှန်ပန်းချီရေးဆွဲနည်းမှာ ကင်းဘတ်ပေါ်တွင် ရေးဆွဲသည့်နည်းနှင့် ကွဲလွဲသည်။ မှန်ပန်းချီမှာ ရေးသည့်ဘက်မှမလှဘဲ မရေးသည့် ဘက်မှလှအောင် ရေးဆွဲသည့်နည်းစနစ်ပင်ဖြစ်သည်။ မှန်ပန်းချီကို
အခြေခံကာ ပုလင်းပန်းချီများကိုပင် ရေးဆွဲလေ့ရှိသည်။ လက်ရှိ ကာလတွင် မှန်ပန်းချီကို နိုင်ငံခြားမှပညာရှင်များက စာတမ်းပြုစု မည်ဖြစ်သည့်အတွက် အမေရိကအထိသွားကာ ပြပွဲများတွင် သရုပ်ပြ ရေးဆွဲပေးရမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၁၉၈ဝ ခုနှစ်လောက်တွင် ပုလင်းပန်းချီပညာရှင် ဦးချစ်မြက မှန်ပန်းချီများကို တစိုက်မတ်မတ် ရေးဆွဲခဲ့ရသည်။
၁၉၈ဝ မှ ၁၉၉ဝ အထိ ဆယ်နှစ်တိတိ မှန်ပန်းချီရေးဆွဲကာ နိုင်ငံခြားအထိ တင်ပို့ပေးခဲ့သည်။ အထူးသဖြင့် တရုတ်ပြည်သို့တင်ပို့ရန်အတွက် တရုတ်ရိုးရာလိုင်းများ၊ ပြည်တွင်းအတွက် နိပါတ်ပန်းချီများ၊ ရှုခင်းပန်းချီများကို တစိုက်မတ်မတ်ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင် မှန်ကုန်ကြမ်းအခက်အခဲရှိခြင်း၊ ပုလင်းပန်းချီကိုလေ့ကျင့်ရေးဆွဲခြင်းများကြောင့် မှန်ပန်းချီကိုရေးဆွဲတင်ပို့မှု မပြုလုပ်တော့ပေ။ လက်ရှိကာလတွင် ပုလင်းပန်းချီဦးချစ်မြမှာ ရှားပါးသွားသော မှန်ပန်းချီကို ဆက်လက်ထိန်းသိမ်းထားသည်။ အနယ်နယ်အရပ်ရပ် ဘုန်းတော်ကြီးကျောင်းများတွင် လိုက်လံရေးဆွဲပေးလျက်ရှိသည်။ 

မှန်ပန်းချီကို  ဘုန်းတော်ကြီးကျောင်းဘုရားခန်းများတွင် မှန်ပန်းချီရေးဆွဲပြီး မှန်စီရွှေချပုံစံထားခြင်းများ ပြုလုပ်သလို ရိုးရိုးပန်းချီကားများကဲ့သို့ပင် ပေါင်သွင်းကာ ချိတ်ဆွဲခြင်းများပြုလုပ်ကြသည်။

ယခုအခါ မန္တလေးမြို့ အမရပူရမြို့နယ်မှ ပုလင်းပန်းချီပညာရှင်ဦးချစ်မြမှာ မှန်ပန်းချီကို ဆက်လက်ထိန်းသိမ်းရေးဆွဲလျက်ရှိသည်။ မကြာမီ အမေရိကသို့သွားရောက်ကာ မှန်ပန်းချီသုတေသန
အတွက် လက်တွေ့ရေးဆွဲပေးရန် သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။ 



Ref: ကြေးမှုံ
 နွေနဒီ(မြစ်ငယ်)




Post a Comment

 
Top