0

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် အမြွှာရင်သွေးနှစ်ဦး၏ ဖခင်ဘဝသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ ယင်းအမြွှာရင်သွေး နှစ်ဦးမှာ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ယင်းရင်သွေးနှစ်ဦးကို အမျိုးသမီးတစ်ဦးအား အငှားကိုယ်ဝန်ဆောင်ကာ မွေးဖွားခိုင်းခဲ့ခြင်း ဖြစ်ပြီး အမြွှာရင်သွေးငယ်များ၏ အမည်ကို အီဗာနှင့် မာတီယိုဟု စီရော်နယ်ဒိုက ပေးအပ်မှည့်ခေါ်ထားကြောင်း ပေါ်တူဂီ ရုပ်သံသတင်းမီဒီယာ SIC က အသိပေးထားသေးသည်။

စီရော်နယ်ဒိုသည် အမြွှာရင်သွေးနှစ်ဦး၏ ဖခင်ဘဝသို့ လွန်ခဲ့သည့် ကြာသပတေးနေ့က ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယင်းသတင်းကို သတင်းမီဒီယာများက အခိုင်အမာ ရေးသားဖော်ပြနေသော်လည်း စီရော်နယ်ဒိုနှင့် ၎င်း၏ အကျိုးဆောင်များကမူ လက်ရှိအချိန်တိုင်သည်အထိ အတည်ပြုခြင်း မရှိသေးပေ။


ဗြိတိန်အခြေစိုက် သတင်းမီဒီယာများသည် လွန်ခဲ့သည့် မတ်လကတည်းကပင် စီရော်နယ်ဒိုမှာ အမြွှာရင်သွေးနှစ်ဦး၏ ဖခင်ဘဝသို့ ရောက်လာတော့မည့် အကြောင်းကို သတင်းဖော်ပြခဲ့ကာ အမြွှာနှစ်ဦးကို အငှားကိုယ်ဝန်ဆောင်ခဲ့သည့် အမျိုးသမီးမှာ အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကမ်းရိုးတန်းတွင် နေထိုင်သူ ဖြစ်ကြောင်းလည်း သတင်းထောက်များက အသိပေးထားသည်။

စီရော်နယ်ဒိုထံတွင် လက်ရှိ၌ အသက်ခြောက်နှစ် အရွယ်ရှိ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာ အမည်ရ သားငယ်တစ်ဦး ရှိထားပြီ ဖြစ်ကာ ယင်းကလေးငယ်၏ မိခင် မည်သူမည်ဝါ ဖြစ်သည် ဆိုခြင်းကိုလည်း စီရော်နယ်ဒို၏ မိသားစုက ယခုအချိန်တိုင်သည်အထိ လျှို့ဝှက်ထားဆဲဖြစ်သည်။

စီရော်နယ်ဒို၏ မိသားစုဝင်များသည် ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာ၏ မိခင်ဖြစ်သူကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ သီးသန့်ဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားကာ ကလေးကို ဖွားမြင်စေခဲ့ခြင်းဖြစ်ပြီး ကလေးကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့သော မိခင်မှာ ၎င်း၏ရ င်သွေး ယောက်ျားလေးဖြစ်သည်၊ မိန်းကလေးဖြစ်သည် ဆိုခြင်းကိုပင် မသိခဲ့ကြောင်း ခိုင်မာသော သတင်းရင်းမြစ်များက ဆိုသည်။

စီရော်နယ်ဒိုသည် လက်ရှိတွင် စပိန်ကိုယ်ဟန်ပြမယ် ဂျီအော်ဂျီနာ ရိုဒရီဂွက်ဇ်နှင့် ရည်ငံလျက်ရှိပြီး ဂျီအော်ဂျီနာထံတွင် စီရော်နယ်ဒို၏ ရင်သွေးကို ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

စီရော်နယ်ဒို၏ မိခင် ဒိုလိုရက်စ်သည် ဂျီအော်ဂျီနာထံတွင် ကိုယ်ဝန်လွယ်ထားရသည် ဆိုခြင်းကို ငြင်းဆန်ပယ်ချထားပြီး များမကြာမီက နွေရာသီအားလပ်ရက် အပန်းဖြေခရီးစဉ်အတွင်း စီရော်နယ်ဒိုနှင့် ဂျီအော်ဂျီနာတို့အတူ ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံအချို့ကမူ ဂျီအော်ဂျီနာတွင် ကိုယ်ဝန်လွယ်ထားရသည့် အရိပ်အယောင်များ ရှိနေကြောင်း သက်သေခံလျက်ရှိသည်။

Post a Comment

 
Top