0

 

ကျွန်တော်တို့ သတိမထားမိတဲ့ ကင်ဆာလက္ခဏာတွေ

ရောဂါတစ်ခုကို ရှိတယ်ဆိုတာ ပိုပြီးမြန်မြန်သိလေလေ ရောဂါပျောက်ကင်းဖို့ရာခိုင်နှုန်းများလေလေပဲ ဖြစ်ပါတယ်။ ကင်ဆာလိုရောဂါမျိုးတွေဆိုရင် အစောပိုင်းရောဂါလက္ခဏာတွေကို သတိပြုမိတယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်တဲ့ အခြေနေတွေကနေ ရှောင်ရှားဖို့ အများကြီး အထောက်အကူပြုမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအစောပိုင်းရောဂါလက္ခဏာတွေကို လူအများစုက သတိမပြုမိဘဲ ရှိနေတတ်ပြီး နောက်ပိုင်းကျမှ ဒုက္ခတွေ့ရပါတော့တယ်။
ဒီလိုမဖြစ်စေဖို့ အဖြစ်များတဲ့ ကင်ဆာရောဂါတွေရဲ့ ကနဦးရောဂါလက္ခဏာများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ဖော်ပြထားတဲ့ရောဂါလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်မှာ တစ်ခုခုလွဲနေပြီဆိုတာကို ဖော်ပြတာပဲဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာတွေထဲက တစ်ခုခုဖြစ်တယ်ဆိုရင်တော့ အချိန်တန်ရင် ကောင်းသွားမှာ ပါဆိုပြီး ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။

၁။ အဆုတ်ကင်ဆာရဲ့အစောပိုင်းလက္ခဏာများ

အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ အဆိုအရ အဆုတ်ကင်ဆာဟာ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကူးစက်ခင်အထိ ဘာလက္ခဏာမှ မပြဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လည်း ကနဦးရောဂါလက္ခဏာတွေကို ပြတဲ့ အခြေအနေတချို့လည်းရှိပါတယ်။ ဒီလက္ခဏာတွေကတော့ သိသိသာသာ ကိုယ်အလေးချိန်ကျလာခြင်း၊ ကြာရှည် ချောင်းဆိုးခြင်း၊ ပုံမှန်မဟုတ်တဲ့ အသံပြောင်းလဲသွားခြင်း၊ လည်ချောင်းအလွန်အကျွံနာခြင်း၊ အသက်ပြင်းပြင်း ရှုလိုက်တဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါမှာ ရင်ဘက်နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
အစောပိုင်းအဆင့်ကို ကျော်လွန်ပြီး အဆုတ်ကင်ဆာရဲ့ ဒုတိယအဆင့်ကို ရောက်တဲ့အခါမှာ ချောင်းဆိုး သွေးပါ ဖြစ်ပြီး အသက်ကောင်းကောင်းမရှုနိုင်တာမျိုးဖြစ်လာပါမယ်။ နောက်တစ်ခါ အရိုးတွေနာလာမယ်။ ခေါင်းကိုက်  တာ အားနည်းတာမျိုးတွေဖြစ်လာမယ်။ အထူးသဖြင့် လည်ပင်းနဲ့ ညှပ်ရိုးအထက်နားမှာ အစိုင်အခဲတွေလို ဖောင်းလာတယ်ဆိုရင်တော့ အဆုတ်ကင်ဆာရဲ့အမြစ်တွေဟာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကူးစက် နေပြီလို့ သိနိုင်ပါတယ်။ ကင်ဆာအမြစ်တွေဟာ အသည်းဆီရောက်သွားတဲ့အခါ အရည်ပြားနဲ့ မျက်လုံးတွေ အရောင်ဖျော့လာနိုင်ပါတယ်။
အပေါ်ကဖော်ပြထားတဲ့ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီကိုသွားပြဖို့ အကြံပေး လိုက်ပါတယ်။ ရောဂါကို မြန်မြန်သိတဲ့အခါ ထိရောက်တဲ့ ကုသမှုတွေကို မြန်မြန်လုပ်နိုင်မှာပါ။

၂။ ရင်သားကင်ဆာရဲ့ အစောပိုင်းလက္ခဏာများ

ရင်သားကင်ဆာရဲ့အဖြစ်အများဆုံး လက္ခဏာကတော့ ရင်သားမှာ အကျိတ်အခဲဖြစ်လာတာပါပဲ။ ဒီအကျိတ်အခဲတွေဟာ မာနေပြီး၊ နာကျင်မှုမရှိဘဲ ပုံစံဟာလည်း မမှန်ပါဘူး။ ကိုယ့်ရဲ့ရင်သားဟာ ပုံမှန် အခြေအနေမှာ ဘယ်လိုပုံစံရှိပြီး ဘယ်လိုခံစားရတယ်ဆိုတာကို သိဖို့ကလည်း အရေးကြီးပါတယ်။ နာကျင်တယ် ဒါမှမဟုတ် ကင်ဆာရဲ့လက္ခဏာ တစ်ခုခုရှိတယ်လို့သံသယဖြစ်ရင်တော့ ကိုယ်ကိုတိုင်လေ့လာ ဆန်းစစ်နိုင်ပါတယ်။
ရင်သားကင်ဆာရဲ့ အစောပိုင်းလက္ခဏာတချို့ဟာတော့ ရင်သားပုံမှန်မဟုတ်ဘဲ ကြီးလာခြင်း၊ နို့သီးခေါင်း ဒါမှမဟုတ် ရင်သားနာကျင်ခြင်း၊ နို့သီးခေါင်း ကျွံဝင်ခြင်း၊ နို့သီးခေါင်းမှ နို့မဟုတ်တဲ့ အရည်ထွက်ခြင်း၊ နို့သီးခေါင်း ဒါမှ မဟုတ် ရင်သားအရေပြား နီမြန်းလာခြင်းတို့ပဲဖြစ်ပါတယ်။

၃။ အရေပြားကင်ဆာရဲ့ အစောပိုင်းလက္ခဏာများ

ပုံမှန်မဟုတ်တဲ့ မှဲ့ပေါက်ခြင်း၊ နာကျင်ခြင်း၊ အစိုင်အခဲဖြစ်ခြင်း၊ အရေပြားအရောင်ပြောင်းခြင်းတို့ဟာ အရေပြား ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်နိုင်ပါတယ်။ ဂျိုင်းအောက်မှာ အဖုမာမာတွေပေါက်လာတာ၊ မိတ်ကပ်နဲ့ အစာဓါတ်မတည်မှုကြောင့်လည်း ဖြစ်နိုင်တဲ့ အရေပြားနာတာ၊ အနီစက်တွေဖြစ်လာတာ၊ မွေးရာပါ အမှတ်တွေ ကြီးလာတာတွေဟာ အရေပြားကင်ဆာရဲ့ အစောပိုင်းလက္ခဏာတချို့လည်း ဖြစ်နေနိုင်ပါတယ်။

၎။ အရည်ပြားကင်ဆာ ၃ မျိုး

BCC အရည်ပြားကင်ဆာ- နေရောင်ခြည်အလွန်အကျွံထိတွေ့တဲ့ ခေါင်း၊လည်ပင်း၊ ပခုံးလိုနေရာမျိုးတွေမှာ အဖြူရောင် ချောချောမွတ်မွတ်အဖု ထွက်လာတာဖြစ်ပါတယ်။ အဖုကြီးလာတဲ့အခါမှာ အဲ့ဒီအဖုပေါ်ကနေ သွေးကြောလေးတွေကို လှမ်းမြင်နိုင်ပါတယ်။ ဒီအရေပြားကင်ဆာ အမျိုးအစားကတော့ အန္တရာယ်အနည်းဆုံး ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်ကုသပေးမယ်ဆိုရင်တော့ အမာရွတ်တောင် မကျန်အောင်ကုသနိုင်ပါတယ်။
Squamous-cell အရည်ပြားကင်ဆာ- နေရောင်ခြည်ထိတွေ့များတဲ့ အရေပြားပေါ်မှာ ငါးအကြေးခွံလို အရည်ပြားမာမာတွေ ဖြစ်လာတာဖြစ်ပါတယ်။ အဲ့ဒီအရေပြားမာမာတွေဟာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားနိုင်ပါတယ်။
Melanoma အရည်ပြား ကင်ဆာ- ဒီရောဂါရဲ့ လက္ခဏာတွေကတော့ မှဲ့တွေရဲ့ အရွယ်အစား ပုံစံ အရောင် ပြောင်းခြင်းပဲ ဖြစ်ပါတယ်။ မှဲ့အသစ်ထွက်လာတာ ဒါမှမဟုတ် မှဲ့ဘေးနားတွေမှာ နာတာ၊ ယားတာ၊ ပြည်တည် အနာပေါက်တာ၊ နီမြန်းလာတာ၊ သွေးထွက်လာတာတို့ဟာလည်း ဒီရောဂါရဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၅။ ကျောက်ကပ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာများ

ဆီးသွားတဲ့အခါ သွေးပါတာ၊ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေ ရောင်လာတာ၊ သွေးတိုးတာ၊ မောတာ၊ အစာစားချင်စိတ်မရှိတာ၊ ရုတ်တရက် ကိုယ်အလေးချိန်ကျတာ၊ ပုံမှန်မဟုတ်ဘဲ ထပ်တလဲလဲဖျားတာ၊ နံကြားတွေ ခါးတွေနာတာ၊ ၀မ်းဗိုက်ဘေး နောက်ကျော မှာ အစိုင်အခဲတွေဖြစ်လာတာတွေဟာ ကျောက်ကပ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေပဲဖြစ်ပါတယ်။

၆။ အစာအိမ်ကင်ဆာရဲ့ကနဦးလက္ခဏာများ

အစာအိမ်ကင်ဆာကတော့ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ အထွေအထူးပြလေ့မရှိပါဘူး။ ဒါကြောင့်မို့ အစာအိမ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေကို သိဖို့ဆိုတာ မလွယ်ပါဘူး။
တချို့ဖြစ်တတ်တဲ့ အစာအိမ်ကင်ဆာလက္ခဏာတွေကတော့ အစာစားချင်စိတ်လျော့နည်းလာခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်ကျလာခြင်း၊ ဗိုက်ခဏခဏ အောင့်ခြင်း၊ ၀မ်းဗိုက် အထူးသဖြင့် ချက်အထက်ပိုင်းမှာ မအီမသာ ဖြစ်ခြင်း၊ အစာနည်နည်းလေးစားလိုက်ရုံနဲ့ ဗိုက်အထက်ပိုင်းမှာ ပြည့်အင့်နေတယ်လို့ခံစားရခြင်း၊ အစာမကြေခြင်း၊ လေပူတတ်ခြင်း၊ အန်ချင်စိတ်ပေါက်ခြင်း၊ (သွေးပါသော)အန်ခြင်း၊ ဝမ်းဗိုက်ပူလာခြင်း ဝမ်းဗိုက်မှာ အရည်များစုလာခြင်း၊ သွေးနီဥများနည်းလာခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအထဲက တချို့ လက္ခဏာတွေဟာ အစာအိမ်ရောဂါပိုး၊ အစာအိမ်အနာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာတယ်ဆိုရင်တော့ ပစ်မထားဘဲ ဆရာဝန်နဲ့ ပြပါ။  ဒီလိုနည်းလမ်းလေးတွေနဲ့ဆိုရင်တော့ ကင်ဆာလက္ခဏာတွေကို သိနိုင်မှာဖြစ်ပါတယ်။

Post a Comment

 
Top