ဆယ်တန်းစာမေးပွဲသည် ဘဝရဲ့အဆုံးအဖြတ်လား
ဆယ်တန်းအောင်စာရင်းထွက်ပြီးတဲ့အချိန်ဆိုတာ လူငယ်တွေအတွက်တော့ ရွှေပါပဲ။ ဂုဏ်ထူးလေးနဲ့ပါ အောင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ကဲခွင့်ရပြီလို့သာ မှတ်လိုက်တော့။ ဂုဏ်ထူးတစ်ဘာသာပါရင် ဘယ်လောက်ပေးမယ် လို့ပြောထားတဲ့သူတွေဆီက ရမယ့်ငွေကလည်း နည်းမှမနည်းတာ ။ ဒါက “ကျွန်မတူလေးလေ၊ ဂုဏ်ထူးဘယ် နှစ်ဘာသာပါတာ” လို့ကြွားချင်တဲ့သူတွေ၊ “ဒါမှ ငါ့မြေး” ဆိုပြီး ဂုဏ်ယူချင်တဲ့ ဘိုးဘိုး၊ ဘွားဘွားတွေအကုန်လုံး က ဖူးဖူးမှုတ်ထားဖို့ လုံးဝသေချာတဲ့အချိန်ပေါ့။
ဒါပေမယ့် ထူးထူးဆန်းဆန်းဗျာ။ ကျွန်တော်တို့လမ်းထိပ်အိမ်က ကောင်မလေးကတော့ ဂုဏ်ထူးသုံးဘာသာပဲ ပါလို့ အဆူခံနေရတယ်။ ကျွန်တော်လည်း အဲ့ဒီအိမ်နဲ့လူချင်းရင်းနှီးနေတာဆိုတော့ သွားစပ်စုကြည့်တာပေါ့။ ရောက်ရောက်ချင်းပဲ သူ့အဖေက
“မင်းသုခရေ။ မင်းညီမလေ ဂုဏ်ထူးသုံးဘာသာပဲပါတယ်”
“သုံးဘာသာ…၊ သုံးဘာသာဆိုတာမနည်းပါဘူး ဦးလေးရ”
“ဒီပုံနဲ့ဆို ဆေးလည်းမီမှာမဟုတ်တော့ဘူး။ ဒီကောင်မလေး သုံးဘာသာနဲ့ ဘာသွားလုပ်စားမလဲ” ဆိုပြီး သူ့အမေက ဝင်ပြောလိုက်သေးတယ်။
“အန်တီရော ဆယ်တန်းတုန်းက ဂုဏ်ထူးဘယ်နှစ်ဘာသာပါလဲ” သူ့ကိုမေးတာတော့မဟုတ်။ ကျွန်တော့်ဘာ သာစိတ်ထဲက ကြိတ်ပြီးမေးလိုက်တာ။။
သူတို့ပြောပုံအရဆိုရင် ရိုးရိုးအောင်တဲ့သူတွေက ဆိုက်ကားပဲနင်းစားရတော့မလို၊ ရပ်ကွက်ထိပ်မှာပဲ တောင်းစား ရတော့မလိုလိုနဲ့။ တကယ်တော့ ဒါမျိုးတွေက ကျွန်တော်တို့ခေတ်ကတည်းက ရှိခဲ့တာ။ ကျွန်တော်တို့တုန်းကဆို ရင် မိဘတွေက ဆေးကျောင်းမှ ဆေးကျောင်း။ စာတော်တဲ့သူတွေ ဆေးကျောင်းမမီရင်ပဲ ဘဝပျက်တော့မလို ဝိုင်းပြောကြတာ။
ကျွန်တော့်တို့နိုင်ငံအနေအထားက တက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်းအမှတ်နဲ့ခွဲတာဆိုတော့ မိဘတွေဒီလိုဖြစ်နေကြတာလည်း မှားတော့မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှတ် ငါးရာကျော်တဲ့သူတွေအနေနဲ့ ဘယ် တက္ကသိုလ်သိုလ်တက်တက် တက်ခွင့်ရနိုင်ပေမယ့်၊ အမှတ်သုံးလေးရာလောက်ပဲ ရတဲ့သူတွေကတော့ မြန်မာ နိုင်ငံမှာ ထိပ်ဆုံးလို့သတ်မှတ်ထားတဲ့တက္ကသိုလ်တွေကို တက်ခွင့်မရနိုင်ဘူးလေ။
ပြီးတော့ အခုဆိုရင် အရင်တုန်းက RIT ကျောင်းကိုပြန်ဖွင့်တဲ့ နည်းပညာတက္ကသိုလ်တို့၊ အင်းယားလမ်းမှာဖွင့်ထားတဲ့ ကွန်ပြူတာတက္ကသိုလ်တို့ကလည်း ရှိနေပြီ။ အစကတော့ သူတို့ကို ကွန်ပြူတာတက္ကသိုလ် (အဆင့်မြင့်) နဲ့ နည်းပညာ တက္ကသိုလ် (အဆင့်မြင့်) လို့ခေါ်ကြသေးတယ်။ နောက်တော့မှ ဝေါဟာရအသုံးအ နှုန်းကိုပြောင်းလိုက်တာ။ ဒီကျောင်းတွေကလည်း အမှတ်မြင့်တော့။ မိဘတွေက သားသမီးတွေကို ဂုဏ်များများ၊ အမှတ်ကောင်းကောင်းနဲ့ အောင်စေချင်တာ မဆန်းပါဘူး။
ရူပဒေပညာဘာသာရပ်ကို အသစ်ပြန်ဖွင့်တဲ့ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားနိုင်သလို ဒဂုံတက္ကသိုလ်မှာလည်း သင်ကြားနိုင်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်းနဲ့ သင်ကြားမှုပုံစံတွေက ကွာခြားမှုရှိနေမှာပါ။ ဆယ်တန်းအောင်စာရင်းထွက်စမှာ ဘယ်သူက ဘယ်နှစ်ဘာသာဂုဏ်ထူးထွက်တယ်ဆိုပြီး တစ်ယောက်နဲ့တစ် ယောက်ပြိုင်ကြတယ်။ အမှတ်စာရင်းထွက်တဲ့အချိန်မှာလည်း ဘယ်သူကတော့ဖြင့် ဘယ်တက္ကသိုလ်ဝင်ခွင့် တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ပြိုင်ကြတယ်။ ဒါပေမယ့် ဒါတွေဟာ အဲ့ဒီအချိန်ခဏပါပဲ။ နောက်တော့ လည်း ကိုယ့်ရွေးချယ်တဲ့ပညာရပ်နဲ့ ကိုယ့်ဘာကိုယ်အသက်မွေးဝမ်းကျောင်းပြုရတာပါ။ လုပ်ငန်းခွင်ထဲရောက် သွားရောက် ဘယ်သူကမှ ဆယ်တန်းတုန်းကဘယ်နှစ်မှတ်ရလဲမမေးတော့ဘူး။ ကိုယ်ဘာလုပ်တတ်သလဲလို့ပဲ မေးတော့တာ။
ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာဂျင်ကြီးတွေဖြစ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် လောကကြီးကို ဆရာဝန်၊ အင်ဂျင်နီယာတွေနဲ့ပဲ တည်ဆောက်ထားတာမဟုတ်ပါဘူး။ အားလုံးအချိုးကျပါဝင်တည်ဆောက်ထားရတာပါ။ ကျွန်တော်တို့ ဆယ်တန်းမှာ အမှတ်နည်းရင်နည်းခဲ့မယ်၊ ဂုဏ်တစ်ဘာသာ၊ နှစ်ဘာသာပဲထွက်ရင်ထွက်ခဲ့မယ်။ ဒါပေမယ့် ဒါတွေဟာ အသက်ကြီးလို့ လုပ်ငန်းခွင်ထဲရောက်ရင် ဒီလောက်ကြီးအရေးမပါတော့ပါ။ ဆယ်တန်းစာ မေးပွဲဆိုတာ ဘဝရဲ့အချိုးအကွေ့လို့ ပြောနိုင်ပေမယ့် ဘဝကိုအဆုံးအဖြတ်ပေးတဲ့ အရာတော့မဟုတ်ပါ။ ဆရာဝန်တွေ အင်ဂျင်နီယာတွေမဟုတ်ပဲ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့သူတွေ အများကြီးရှိပါ တယ်။ ဟိုဖက်ခေတ်တုန်းကတော့ ဆေးကျောင်းတက်ရမှ၊ RIT တက်ရမှ နောင်ရေးစိတ်အေးရမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီဖက်ခေတ်မှာ ဒါတွေမရှိတော့ပါဘူး။ ဘယ်ပညာရပ်မဆို ကိုယ်ကျွမ်းကျင်ဖို့ပဲ အရေး ကြီးပါတယ်။ ညီငယ်၊ ညီမငယ်တို့ရေ..ဆယ်တန်းစာမေးပွဲက မင်းတို့ဘဝကိုအဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူး။ မိဘတွေက ပြောလာခဲ့ရင်၊ ပတ်ဝန်းကျင်က ဝေဖန်လာရင် အားမငယ်ကြပါနဲ့။ မင်းတို့ရဲ့ကံကြမ္မာက မင်းတို့ရဲ့ လက်ထဲမှာပါ။ ကိုယ်ယုံကြည်တဲ့အရာကို တစိုက်မတ်မတ်လုပ်ပါ။ တစ်ချိန်မှာအောင်မြင်မှာပါ။ မင်းတို့ရဲ့အစ်ကို၊ အစ်မတွေလည်း ဒီလိုနေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရဖူးပါတယ်ကွာ။
Photo: moi.gov.mm
Post a Comment