0

အခုခေတ်မှာ အင်တာနက်ဆိုတာကို အလွယ်တကူရနေပါပြီ။ mobile sim card သုံးလိုက်ပြီးဆိုတာနဲ့ အင်တာနက်လိုင်းပါ တစ်ခါတည်း ပါလာပြီးသားပါ။ ဟိုးအယင်ကလို အင်တာနက်ကဖေးမှာ သွားပြီးသုံးရတဲ့ခေတ်မျိုး မှီလိုက်တဲ့သူတွေကတော့ ယခင်က အင်တာနက်သုံးရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို နားလည်ပါလိမ့်မယ်။
ဒီလို အင်တာနက်ကို အလွယ်တကူရလာတဲ့အချိန်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးပြုစေချင်ပါတယ်။
ဘယ်လိုအကျိုးရှိရှိသုံးကြမလဲ။

(၁) အင်တာနက်သုံးပါ။ Facebook ကြီးပဲမသုံးပါနဲ့ ။
တစ်ခါတစ်လေ ကျွန်တော့်ဆီ သင်တန်းလာတတ်တဲ့သူတွေကို မေးကြည့်ဖူးပါတယ်။ အင်တာနက်သုံးလား ဆိုတော့ "အင်တာနက်တော့ မသုံးဖူးဘူး... Facebook ပဲသုံးဖူးတယ်" လို့ ဖြေတဲ့သူတွေရှိပါတယ်။
တကယ်တော့ Facebook ဆိုတာ social media တစ်ခုပါပဲ။ Internet ကို အစားထိုးဖို့ ပေါ်ပေါက်လာတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ဒါ့အပြင် ဒီ Facebook ဆိုတာကို အသုံးပြုဖို့ အင်တာနက် နည်းပညာကိုအခြေခံထားရတာပါ။
ဒီလိုပြောလို့ Facebook ကို အသုံးမပြုစေချင်တာလား လို့ မေးစရာရှိပါတယ်။ Facebook ကို အသုံးပြုစေချင်ပါတယ်။ ဒါပေမယ့် Facebook တင်မကပဲ အခြားသော social media တွေအပြင် internet ကို ပါ အသုံးပြုစေချင်တာပါ။
Facebook ပေါ်မှာ ဖတ်စရာတွေရှိပါတယ်။ လေ့လာစရာတွေလည်းပေါပါတယ်။ ဒါပေမယ့် Facebook ပေါ်ကို တတ်မလာသေးတဲ့၊ Facebook ပေါ်မှာ မလုပ်နိုင်သေးတဲ့ အရာတွေကို internet ပေါ်မှာရှာလို့ ရပါတယ်။ ဥပမာ ဓါတ်ပုံတစ်ပုံကို edit လုပ်ဖို့ Facebook ပေါ်မှာ မလုပ်နိုင်သေးတဲ့အချိန်မှာ photo editor လုပ်နိုင်တဲ့ website တွေ internet ပေါ်မှာ အများကြီးရှိပါတယ်။ (ဒါက နမူနာပေးတာပါ)။
အဲ့ဒီလိုပဲ အချို့ သော အကြောင်းအရာတွေကို Facebook ပေါ်မှာ ရှာမတွေ့ နိုင်တဲ့အခြေအနေမှာ google ပေါ်ကနေ အလွယ်တကူရှာဖွေ နိုင်ပါတယ်။ online ပေါ်ကနေ diploma, master degree ရအောင်အထိသင်ကြားနိုင်တဲ့ website တွေလည်းအများကြီးရှိပါတယ်။
ဒါကြောင့် Facebook ပေါ်မှာပဲ အချိန်မကုန်ခံပါနဲ့။ အင်တာနက်ကိုလည်း သုံးကြည့်ကြပါ။

(၂) အင်တာနက်ပေါ်မှာ စူးစမ်းရှာဖွေ ကြည့်ပါ။
ဒီ page မှာ ခဏခဏ လာမေးပါတယ်။ IELTS ဆိုတာ ဘာလဲ။ TOEFL ဆိုတာဘာလဲ။
အဲ့လိုလာမေးတဲ့သူတွေကို ကျွန်တော် တစ်ခွန်းပဲ ပြန်ဖြေပေးပါတယ်။ www.google.com မှာ ရှာကြည့်ပေးပါ လို့ ။ မဖြေချင်လို့ မဟုတ်ပါ။ ချေ တာမဟုတ်ပါ။ သူ့ ကို google မှာ ရှာဖွေတဲ့ အလေ့အကျင့် ဖြစ်စေချင်လို့ ပါ။
Facebook မှာရှာလို့ မရဘူးလားဆိုတော့ရပါတယ်။ ဒါပေမယ့် ရှာဖွေမှုပြုတဲ့နေရာမှာ Facebook ထက် google က အားသာနေပါသေးတယ်။

(၃) email လိပ်စာလေးတစ်ခုတော့ရှိထားသင့်ပါတယ်။
ကျွန်တော့်ကိုမေးဖူးပါတယ်။ gmail နဲ့ email တူတူပဲလား ဆိုပြီး........
ဟိုးအယင်ခေတ်က email လိပ်စာတစ်ခုလုပ်ဖို့ internet ကို ကျော်ခွပြီး လုပ်ရပါတယ်။ အခုခေတ်အချိန်မှာ email account တစ်ခုဖွင့်ဖို့ အရမ်းလွယ်ကူသွားပါပြီ။အသုံးပြုရ အလွယ်ဆုံးကတော့ gmail ပါပဲ။ (gmail ဆိုတာ email တွေထဲက တစ်ခုဖြစ်ပါတယ်)။ gmail account လုပ်ထားခြင်းဖြင့် email တွေပေးပို့ လို့ ရသလို အခြားသော google ၀န်ဆောင်မှုတွေကိုလည်းသုံးနိုင်ပါတယ်။

(၄) ဖြစ်နိုင်လျှင် ကွန်ပြူတာ ကို အသုံးပြုပေးပါ။
mobile phone တွေဟာ တဖြည်းဖြည်းနဲ့ အဆင့်မြင့်မားလာပါတယ်။ ကွန်ပြူတာတွေလုပ်နိုင်တဲ့ အရာတော်တော်များများလုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့မဟုတ်ပါဘူး။ အချို့ software တွေကို မ run နိုင်ပါဘူး။ အချို့ file တွေကို မဖွင့်နိုင်ပါဘူး။ အဲ့ဒီအတွက် ကွန်ပြူတာကိုလည်း အသုံးပြုပြီး အင်တာနက်ကို သုံးစေချင်ပါတယ်။ office application တွေဖြစ်တဲ့ microsoft word, excel တွေကို phone ပေါ်မှာ ကောင်းကောင်းမသုံးနိုင်သေးပါဘူး။ ဘယ်ရုံးမှာမှ သင့်ကို စာရင်းဇယားတွေကို phone ပေါ်မှာ မလုပ်ခိုင်းသေးပါဘူး။ ကွန်ပြူတာပေါ်မှာပဲလုပ်ခိုင်းမှာပါ။
ကွန်ပြူတာတွေက ဈေးများတယ်ဆိုပြီး စောဒကတတ်လို့ ရပါတယ်။ Mobile phone တွေလည်း ဈေးများတာပါပဲ။ အတော်အသင့်လုပ်ဆောင်နိုင်တဲ့ ကွန်ပြူတာတွေကို ၄ သိန်းပတ်ခြာလည်နဲ့ ဝယ်ယူနိုင်ပါတယ်။ good 2nd hand ဆိုယင် ၂ သိန်း ၀န်းကျင်နဲ့ ဂျပန်ကျတွေဆို ၁ သိန်း ၀န်းကျင်နဲ့ တောင် ၀ယ်ယူနိုင်ပါတယ်။
ကဲ...ဒါတွေကတော့ အင်တာနက်ကို သုံးစေချင်တဲ့ စေတနာနဲ့ ရေးလိုက်တာတွေပါ။
မြန်မာပြည်မှာ mobile phone operation တွေက social package တွေကို ဈေးလျော့ပေးပြီး internet website တွေကို သုံးယင် ဈေးပိုပေးနေရတာကတော့ အခက်အခဲတစ်ခုရှိနေပါသေးတယ်။ ဒါပေမယ့် internet website တွေပေါ်က နေရနိုင်တဲ့ ပညာရပ်တွေ၊ resource တွေက သင့်အတွက် အကျိုးရှိမှာပါ။
ဒီစာကို ခင်ဗျားက Facebook ကိုသုံးပြီး ရေးနေပြီးတော့ Facebook မသုံးနဲ့ လို့ ပြောနေတာ မရှက်ဘူးလားလို့ မေးစရာရှိပါတယ်။ ကျွန်တော် Facebook မသုံးနဲ့ လို့ မပြောပါဘူး။ Facebook ကိုလည်းသုံးပါ။ အခြားသော အင်တာနက်ပေါ်က သုံးလို့ ရတာတွေကိုလည်း သုံးပါ လို့ ပြောချင်တာပါ။

(Facebook ကိုရော ဘယ်လို အကျိုးရှိရှိသုံးမလဲ ဆိုတာကို ဒီဆောင်းပါးကို အားပေးတဲ့သူများလျှင် ဆက်ရေးပေးပါမယ်။ အဆဲများလျှင်တော့ ဆက်မရေးရဲတော့ပါ)

Credit

Post a Comment

 
Top