0



 ဒူဘိုင်း၊ ဇွန် ၁၀
ဆော်ဒီအာရေဗျနှင့် ယူအေအီးအစိုးရအာဏာပိုင်များသည် ၎င်းတို့၏နိုင်ငံတွင်း၌ အများပြည်သူ လူမြင်ကွင်းတွင် ဘာစီလိုနာအသင်းဂျာစီအင်္ကျီကိုဝတ်ဆင်၍ သွားလာသူများကို ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ငွေ ပေါင် ၁၂၀,၀၀၀ ချမှတ်နိုင်သည့် အထူးဥပဒေတစ်ရပ်ကို ပြဌာန်းလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့သည် ဘာစီလိုနာအသင်းဂျာစီအင်္ကျီတွင် ကာတာလေကြောင်းလိုင်းအမှတ်တံဆိပ်ပါရှိနေသည့်အတွက် ၎င်းတို့၏နိုင်ငံများ၌ အများပြည်သူနေရာများတွင် မ၀တ်ဆင်ရဟု တားမြစ်လိုက်ခြင်းဖြစ်ပြီး ကာတာကို သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်အပြီးတွင် ကာတာအခြေစိုက်စီးပွားရေးလုပ်ငန်းစုများအားလုံးကို ဆော်ဒီအာရေဗျနှင့်ယူအေအီးတို့က အမည်ပျက်စာရင်း သွင်းထားလိုက်ပြီဖြစ်သည်။
ကာတာလေကြောင်းလိုင်းသည် ဘာစီလိုနာကို လေးနှစ်သက်တမ်းစာချုပ်ဖြင့် စပွန်ဆာပေးအပ်ခဲ့ခြင်းဖြစ်ကာ ယင်းစပွန်ဆာစာချုပ်မှာ လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ဘာစီလိုနာသည် လက်ရှိတွင် ကာတာလေကြောင်းလိုင်း၏နေရာကို အစားထိုးရန်အတွက် ဂျပန်အွန်လိုင်း လက်လီစီးပွားရေးလုပ်ငန်းစု ရာကူတန်နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ ယင်းစာချုပ်မှာ လာမည့် ဇူလိုင်လ ၁ ရက်တွင် စတင်အသက်ဝင်လာတော့မည်ဖြစ်သည်။
ဘာစီလိုနာအသင်းအားပေးသူများသည် ကာတာကမ္ဘာ့ဖလားဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့် သတင်းများထွက်ပေါ်လာခဲ့စဉ်ကတည်းကပင် ကာတာလေကြောင်းလိုင်းနှင့် ချုပ်ဆိုထားသော စပွန်ဆာစာချုပ်ကို ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့ဖူးပြီး ယင်းအတွက်ကြောင့်ပင် ကာတာလေကြောင်းလိုင်းဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချ၍ ရာကူတန်ကို အသင်းစပွန်ဆာမိတ်ဖက်သစ်အဖြစ် ဘာစီလိုနာက အစားထိုးလိုက်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။
ဆော်ဒီအာရေဗျနှင့် ယူအေအီးအပါအ၀င် အာရပ်နိုင်ငံများသည် ကာတာကို အိုင်အက်စ်နှင့် အယ်လ်ကိုင်ဒါတို့ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းများကို နောက်ကွယ်မှနေ၍ ထောက်ပံ့ပေးနေသည်ဟုစွပ်စွဲကာ သံတမန်ဆက်ဆံရေးအပါအ၀င် ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်ပြီး ကာတာကမူ ၎င်းတို့မှာ သက်သေအထောက်အထားမရှိဘဲနှင့် အခြေအမြစ်ကင်းမဲ့စွာ စွပ်စွဲခံရခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။

Post a Comment

 
Top