0
ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးငယ်တဦးကို အများသုံးရေအိမ်တခုရဲ့ အမှိုက်ခြင်းထဲမှာ စွန့်ပစ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင်မြို့တော်၊ ချန်ဒူးမြို့မှ ဒါချန်း ဈေးဝယ်စင်တာထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချက်ကြိုးတန်းလန်းနဲ့ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ကလေးငယ်ကို တွေ့မြင်ရမှာဖြစ်ပြီး မိခင်ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
ကလေးငယ်ရဲ့ငိုသံကြောင့် ရေအိမ်လာရောက်အသုံးပြုသူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက တွေ့ရှိခဲ့တာဖြစ်ပြီး ဈေးလုံခြုံရေးနဲ့ ဝန်ထမ်းတွေကို အကြောင်းကြားခဲ့ပြီးနောက်မှာ ရဲတွေ ရောက်ရှိလာခဲ့ကြတာပါ။
သူတို့ဟာ ချက်ကြိုးတန်းလန်းနဲ့ ကလေးငယ်ကို ရေအိမ်တွင်း အမှိုက်စွန့်ပစ်တဲ့ ခြင်းတောင်းတခုထဲမှာ အချင်းတွေကြား သွေးအလိမ်းလိမ်းနဲ့ တွေ့ခဲ့ကြတာပါ။
ကလေးငယ်ဟာ ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
လက်ရှိမှာတော့ ကလေးငယ်ကို နီးစပ်ရာ ဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူကို ရဲတွေက စုံစမ်းရှာဖွေနေကြပြီး ဘာသတင်းအချက်အလက်မှ မရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

Post a Comment

 
Top