ကိုယ်ပိုင်ယဉ်ကျေးမှုကို စောင့်ထိန်းတယ်ဆိုတာက ဂလိုဘယ်ခေတ်ကြီးမှာ တဖြည်းဖြည်းလျော့နည်းလာပါပြီ။ ဘာသာရေးအမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းအစဉ်တွေဆိုတာကလည်း ယဉ်ကျေးမှုတွေရောယှက်လာတဲ့အခါ ယိုင်နဲ့နဲ့ဖြစ်လာကြပါတယ်။ ကျွန်တော်တို့ယဉ်ကျေးမှုကို ကျွန်တော်တို့မစောင့်ထိန်းရင် အခြားဘယ်လူမျိုးကမှ လာစောင့်ထိန်းမှာမဟုတ်ပါဘူး။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ မီဒီယာအားကောင်းတဲ့နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှုရိုက်ခတ်တဲ့ဒဏ်ကိုခံစားရပါတယ်။ ဒီလိုနိုင်ငံခြားယဉ်ကျေးမှုရိုက်ခတ်မှုကို အန်တုဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ခေတ်မီရုပ်ဝတ္ထုပစ္စည်းတွေကို တပ်မက်နေတာဆိုတော့ အနောက်ယဉ်ကျေးမှုတွေကို ငယ်ဘဝကတည်း အထင်ကြီးပြီးသားပါ။ ဒီလိုအခြေအနေမျိုးတွေရှိနေတဲ့ကြားထားမှာမှ အိန္ဒိယနိုင်ငံက စာသင်ကျောင်းလေးက အန်တုဖို့ကြိုးစားနေပါတယ်။
ဒီကျောင်းကလေးကို တည်ထောင်ခဲ့တာ ၆၉ နှစ်တောင်ရှိခဲ့ပါပြီ။ ဒီကျောင်းလေးက ဟိန္ဒူတွေရဲ့ဘာသာ ရေးမြို့ဖြစ်တဲ့ Varanasi မှာ တည်ရှိပါတယ်။ ထောင်သောင်းချီတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဒီမြို့ကိုပတ်ပြီးစီးဆင်းနေတဲ့ ဂင်္ဂါမြစ်ထဲမှာ လာရောက်ရေချိုးလေ့ရှိပါတယ်။
ဒီကျောင်းကိုတည်ထောင်ခဲ့တဲ့သူ အမည်က Ma Anandmayee ပါ။
မနက် ၄ နာရီဆိုရင် ဒီကျောင်းကလေးက နိုးထနေပါပြီ။ တစ်နေ့တာအတွင်းမှာ စာပေပညာသင်ကြားပေးသလို ဘာသာရေးဆိုင်ရာအဆုံးအမတွေကိုလည်း သင်ကြားပေးပါတယ်။
ရှေးခေတ်ဟိန္ဒူစာပေနဲ့ သဒ္ဒါတွေကိုသင်ကြားရသလို ဟင်ဒီ၊ အင်္ဂလိပ်၊ သချာင်္၊ သမိုင်း၊ ပထဝီ၊ စီးပွားရေးနဲ့လူမှုရေးပညာတွေကိုလည်း သင်ကြားရပါတယ်။
ကလေးတွေကို စာသင်ချိန်ပြီးတဲ့အခါကျရင် နှစ်နာရီလောက်ကစားခွင့်ရပါတယ်။ ကျောင်းမှာ ဂီတပညာကိုသင်ပေးတဲ့အပြင် လက်မှုပညာ၊ ပန်းချီ၊ အချက်အပြုတ်နဲ့ အိမ်တွင်းမှုပညာတွေလည်း ဒီကျောင်းမှာသင်ပေးပါတယ်။
မိန်းကလေးတွေအကုန်လုံးဟာ အဆောင်နေရတာဖြစ်ပြီး အဆောင်မှူးတွေလည်းရှိပါတယ်။
ကျောင်းက သတ်မှတ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ရပြီး အသက်ကြီးလာတဲ့ကျောင်းသူလေးတွေက အဖြူရောင်ဆာရီကို ဝတ်ရပါတယ်။ ဆံပင်တိုတိုညှပ်ရတာကလည်း ဒီကျောင်းရဲ့ စည်းကမ်းတစ်ခုပါ။
ဒီကျောင်းကနေ ကျောင်းပြီးသွားပြီဆိုရင် အပြင်ကမ္ဘာမှာကိုယ်နှစ်သက်တဲ့ အသက်မွေးဝမ်းကျောင်းပညာကိုဆက်လက်သင်ယူနိုင်ပါတယ်။
ကိုယ့်ဘဝကို ဒီကျောင်းမှာပဲနှစ်မြှုပ်ပြီး နောက်မျိုးဆက်တွေကို ပညာသင်ပေးချင်တယ်ဆိုလည်းရပါတယ်။
ကျွန်တော်တို့ဆီက ဘက ကျောင်းလေးတွေကိုလည်း ဒီလိုမျိုးစနစ်တကျဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရင်ဘယ်လောက်ကောင်းလောက်မလဲဗျာ။
Post a Comment