0




ယနေ့စစ်ရေးလေ့လာသူများကြား အမှတ်မှားသည့်အချက်မှာ MBT (Main Battle Tank) အပေါ်နားလည်မှုပင်ဖြစ်သည်။ ထိုပင်တိုက်ပွဲဝင်တင့် ဆိုသည့်အသုံးအပေါ် အငြင်းပွားမှု များစွာရှိပါသည်။ အချို့က အလေးချိန်ကြီးမား အကာကွယ်ကောင်းသောတင့်များကို MBT ဟုဆိုကာ အချို့က ပစ်အားကောင်းမွန်သော တင့်များကို သတ်မှတ်ကြလေသည်။

ဥရောပသတ်မှတ်ချက်အရ နေတိုးစံတွင် MBT အား စစ်သည်များ သယ်ဆောင်ရန် ပုံစံထုတ်ထားခြင်းမဟုတ်သော ရန်သူ့တင့်နှင့် အမာထည်ပစ်မှတ်များအား ချေမှုန်းရန် ပုံစံထုတ်ထားသည့် ပြောင်းထွက်ရှိန်ပြင်း တိုက်ရိုက်ပစ်ကယ်လီဘာကြီးမားသည့်တင့်အမြောက်ထားပြီး ကြမ်းတမ်းသော မြေမျက်နှာပြင်တွင် စစ်ကစားနိုင်စွမ်းမြင့်မားကာ ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းမြင့်မားသည့် တိုက်ခိုက်ရေး ယာဉ်ဟု အဓိပါယ်ဖွင့်ဆိုထားပါသည်။


ပထမကမ္ဘာစစ်တွင်း တင့်များအား အလေးချိန်ပေါ်မူတည်ပြီး အပေါ့စား၊ အလတ်စားနှင့် အကြီးစားဟူပြီး အတန်းစားများခွဲခြားခဲ့ပါသည်။ ကနဦးတင့် ဒီဇိုင်နာများသည် စစ်ကစားမှု၊အကာကွယ်နှင့် ပစ်အား (၃)မျိုးလုံး ကောင်းမွန်ရန်ကြိုးစားခဲ့သော်လည်း ၄င်းစွမ်းရည် ၃ မျိုးအား တစ်ချိန်တည်းရရှိရန်မဖြစ်နိုင်ခဲ့ပါ။

စစ်ကစားနိုင်မှုအား ဦးစားပေးချိန်တွင် တင့်၏ အကာကွယ်ပိုင်းနှင့် လက်နက်ပိုင်း ပေါ်သက်ရောက်မှုသက်ရောက်မှုရှိပြီး စစ်ကစားနိုင်မှုကို ဦးစားပေးသောတင့်များအနေဖြင့် အပေါ့စားတင့်၊ အလတ်စားနှင့် ခရူဇာတင့် Tankette များ ပေါ်ပေါက်လာခဲ့သည်။ ဒုတိယအနေဖြင့် သံချပ်ကာအကာကွယ်နှင့် ပစ်အားကိုဦးစာပေးသောတင့်များ အနေဖြင့် စစ်ကစားမှုကိုသက်ရောက်မှုရှိခဲ့ကာ ၄င်းတင့်များအား အကြီးစားတင့် ခြေလျင်တိုက်ခိုက်ရေးတင့် နှင့် ချေမှုန်းရေး တင့်များအဖြစ်သတ်မှတ်ခဲ့ကြသည်။


ဒုတိယကမ္ဘာစစ်ကာလများတွင် အပေါ့စားတင့်များ အား ကင်းထောက်တာဝန်များတွင်ကျယ်ပြန့်စွာ တာဝန်ပေးအပ်ခဲ့ကြပြီး အလတ်စားတင့်များအား သံချပ်ကာအကာကွယ်နှင့် စစ်ကစားနိုင်မှုပိုင်းတွင် မြှင့်တင်ခဲ့ကာ တင့်အမြောက်များအား အတန်းစားတူရန်သူ့ တင့်များအားချေမှုန်းနိုင်ရန် ရည်ရွယ်အဆင့်မြှင့်တင်လာပြီး ၄င်းတို့ပစ်အား အလေးချိန်နှင့် လိုက်လျောညီထွေ သော စစ်ကစားနိုင်မှုအတွက် အားပြောင်းပိုင်းများဒဏ်ခံစနစ်များ အင်ဂျင်အဆင့်မြှင့်တင်မှုများပြောင်းလဲ လာခဲ့သည်။ ၄င်းပြောင်းလဲမှုသည် သက်ရောက်မှုကြီးမားခဲ့ကာ အလတ်စားတင့်များသည် WW2 စစ်မြေပြင်၏ ထိပ်တန်း စစ်ယန္တရားတစ်ခုဖြစ်လာခဲ့သည်၊ ယေဘူယျအားဖြင့်ထိုခေတ်က အလတ်စားတင့်များသည် တန်ချိန် ၂၅ မှ ၃၀တန်ရှိကာ အများအားဖြင့် ၇၅ မမ တင့်အမြောက် တပ်ဆင်လေ့ရှိကာ အင်ဂျင်စွမ်းအား မြင်းကောင်ရေ ၄၀၀ မှ၅၀၀ ကြားရှိခဲ့ကြသည်။ နာမည်ကြီးတင့်များမှာ T-34 Panzer IV M4 Sherman တို့ ဖြစ်သည်။


စစ်ပြီးကာလတွင်လေယာဉ် အင်ဂျင်များအရည်အသွေးစွမ်းဆောင်ရည်မြင့်မားလာမှုသည် တင့်နည်းပညာ အပေါ်သက်ရောက်မှုများရှိလာခဲ့သည်။ တင့်ဘိုးအေဗြိတိသျှတို့သည် ၄င်းတို့၏ အလတ်စားတင့် နှင့် အကြီးစား တင့်အတန်းစားများဖြစ်သော Cruiser နှင့် Infantry Tank အတန်းစားများအပေါ်ပိုမိုအာရုံထား အဆင့်မြင့်တင်မှုများ ဆောင်ရွက်လာခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါအတန်းစားနှစ်ရပ်၏ အားသားချက်များကိုရယူကာ Universal အတန်းစားဖြစ်သည့် Centurion Tank များစတင် ထုတ်လုပ်နိုင်ခဲ့သည်။ ၄င်းတင့်များသည် အပေါ့စား အလတ်စားတင့်ဖျက်လက်နက်များ၏ ပစ်ခတ်မှုကိုခံနိုင်ကာ ရန်သူအကြီးစားတင့်များအား ဖျက်ဆီးနိုင်သည့်စွမ်းရည်ပိုင်ဆိုင်လာပြီး အစောပိုင်း အပေါ့စားအလတ်စားနှင့် Cruiser တင့်များထက်စစ်ကစား နိုင်မှု အပိုင်းတွင် ပိုမိုတိုးတက်လာခဲ့သည်။

၁၉၆၀ ပြည့်လွန်ကာလများတွင် ပုံသွင်းယမ်းလက်နက်များပေါ်ပေါက်လာခြင်းနှင့်အတူ အလတ်စားတင့်များ ၏Role သည်မြင့်မားလာခဲ့ပြီး ၄င်းတို့သည် ပင်မတိုက်ပွဲဝင်တင့်တစ်ခေတ်အစပျိုးလာခဲ့သည်။ ထိုအချိန်က လက်နက်တပ်ဆင်မှုအပိုင်းတွင် (ဆိုဗီယက်တို့သည်-၁၀၀မမ ၊ အမေရိကန်သည်-၉၀မမနှင့် ဗြိတိသျှတို့သည် ၁၀၅မမ အမြောက်များကိအများဆုံးတပ်ဆင်ခဲ့ကြသည်။

ဆိုဗီယက်တို့သည်၏ စစ်ရေးအယူအဆတွင် MBT တို့အပေါ်တွင်မှီခိုမှု ကြီးမားလာခဲ့ကာ အလေးချိန်နှင့် အရွယ်အစားကိုလျှော့ချရန် နှင့် ပစ်အားကိုတိုးတက်စေရန်အတွက် အလိုလျောက်ကျည်ထိုးစက် စနစ်များ စတင်လာခဲ့သည်။ ယနေ့ချိန်ထိ အလိုလျောက်ကျည်ထိုးစနစ်နှင့် လူဖြင့်ကျည်ထိုးစနစ် ဘယ်ဟာကောင်းသနည်း ဆိုသည့် ပုစ္ဆာအပေါ်ရှင်းလင်းသည့်အဖြေမရရှိနိုင်သေးပဲ သန်ရာသန်ရာကိုသာ ကိုင်စွဲငြင်းခုန်ဆဲပင် ဖြစ်ပါသည်။

အမေရိကန်တို့၏ အယူအဆမှာ ပင်မတိုက်ပွဲဝင်တင့်များ၏ စွမ်းဆောင်ရည်အား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ Role နှင့် ဆက်စပ်စဉ်းစားထားပါသည်။ ဗီယက်နမ်စစ်တွင် MBT များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၏ပူးတွဲစစ်ဆင်မှုစွမ်းရည်ကိုတွေ့မြင်ခဲ့ရသည်။ ထိုအယူအဆသည် ပင်လယ်ကွေ့စစ်ပွဲ ကာလတွင် ပိုမိုခိုင်မာလာခဲ့ပါသည်။


ဘက်မညီစစ်ပွဲရင်ဆိုင်လာရသော ယနေ့ကာလတွင် IED များသည်တင့်များအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ တင့်အယူအဆများကို ဖောက်ထွင်းလာသော အယူအဆသစ်မှာ ISRAEL တို့၏ MERKAVA Concept ဖြစ်သည်။ သို့သော်ထိုအယူအဆသည် အစ္စရေးနှင့်သာအသင့်တော်ဆုံး ဖြစ်ကြောင်းဝေဖန်မှုများ လည်းရှိလာခဲ့သည်။

နည်းပညာသစ်များသည် ခေတ်သစ် MBT များ၏ အလေးချိန်နှင့် အရွယ်အစားကို လျော့ချပေးနိုင်ပါသည်။ ယနေ့ကာလတွင် စစ်ကစားမှုသည် အကောင်းဆုံးအကာကွယ်ဖြစ်သည် ဟူသောအယူအဆနှင့်အတူ တင့်ဖျက်ယာဉ်များ လက်နက်စနစ်အစုံတပ်ဆင်ထားသော ခြေလျင်တိုက်ခိုက်ရေး ယာဉ်များ၏ Role မှာမြင့်တက်လာခဲ့သော်လည်း MBT များသည် အရေးပါဆဲပင်ဖြစ်ပါသည်။ အကြမ်းပတမ်းခံနိုင်မှု အကာကွယ်ကောင်းမွန်မှု ပစ်အားကောင်းမွန်မှု ခြိမ်းခြောက်နိုင်မှု တင့်ဖျက်ဒုံးများ APS စနစ်များ တပ်ဆင်လာနိုင် မှုနှင့်အတူ MBT များသည် အနာဂတ်တွင်ဆက်လက်အရေးပါနေဆဲပင် ဖြစ်ပါသည်။



Source:
ကြယ်နီ(သေနင်္ဂ)
Thayninga Institute for Strategic Studies

Post a Comment

 
Top