0



ပုဂံ သမိုင်းအကြောင်းပြောကြရင် ခုနောက်ပိုင်း စိတ်မကောင်းတာ တစ်ချက်ရှိလာခဲ့တယ်။
မယ်ဝဏ္ဏပေါ့။
သူမကို ပန်းစားဘီလူးမ ဆိုပြီး ဘယ်သမိုင်း ဆရာက စပြောခဲ့လဲတော့ မသိပါဘူး။ပုပ္ပါးက မယ်ဝဏ္ဏ ဆိုတာနဲ့ အစွယ်ပြူးပြူးနဲ့ ဘီလူးမ ရုပ်ကို မြင်ယောင်လာအောင် ကျွန်တော်တို့ အရိုးစွဲခဲ့ကြရတယ်။
တကယ့် သမိုင်းကို လေ့လာကြည့်တော့ မယ်ဝဏ္ဏဆိုတာ သထုံဘုရင် မနူဟာမင်းရဲ့ ညီမအရင်း မွန်မင်းသမီး ခပ်ချောချောလေးပေါ့။
ပန်းစားတယ်ဆိုတာတော့ ကျွန်တော့ အယူအဆအတိုင်းဆိုရင် ပန်းဝတ်ရည်တွေ ၊ တချို့ စားလို့ရတဲ့ ပန်းတွေ (ဥပမာ- မလွှားပွင့် လိုမျိုး ပန်းတွေ) ကို စားသုံးနေတဲ့ ကုန်ကုန်ပြောရရင် သတ်သတ်လွတ်သာ စားတဲ့ သူတော်စင်မ တစ်ယောက်လို့ ယူဆတယ်။သူမမှာ သူမ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးလည်း ရှိပုံရတယ်။သူမရဲ့ ပန်းဥယျာဉ်ကြီးထဲက ပန်းမျိုးစုံကို ကိုဗျတ္တက နေ့တိုင်း လာခူးရင်းနဲ့ တွေ့ပါများတော့ကြင် ဆိုသလို ဖြစ်ခဲ့တယ်လို့ပဲ ယူဆ ရတယ်။
ဒါကို ဘယ်ကနေ ဘယ်လို ကာလရွေ့လျားပြီး ပန်းစားဘီလူးမ ဖြစ်သွားတယ် မပြောတတ်ပါဘူး။
ဒီလိုမျိုး သမိုင်း အမှားတွေ ကျွန်တော်တို့ပါးစပ်ရာဇဝင်တွေမှာ အများကြီးပဲ။
ဒါမျိုးတွေကို အများပြည်သူ သိအောင် ရုပ်ရှင်၊ဗွီဒီယိုတွေကနေ ချပြသင့်တယ်။
ဒါနဲ့ တစ်ဆက်တည်း ခုခေတ်စားနေတဲ့ ကျွန် ဆိုတဲ့ ရုပ်ရှင်ထဲက ဘုရားကျွန် ဆိုတဲ့ လူတန်းစားတစ်ရပ်အကြောင်းကိုလည်း ပြောချင်လာတယ်။
ဘုရားကျွန် ဆိုတာ ပုဂံခေတ်မှာ တကယ် ရှိခဲ့ပါတယ်။သူတို့ဟာ ဘယ်လို လူတန်းစားလဲ ဆိုတာတော့ သိဖို့ နည်းနည်း လိုအပ်ပါတယ်။
အဲ့ဒီ့ခေတ်တုန်းက မင်းညီ၊မင်းသား မှ မဟုတ်ရင် အားလုံးဟာ ကျေးတော်မျိုး၊ကျွန်တော်မျိုးတွေပါပဲ။ဘုရင်ရဲ့ ကျွန်တွေပေါ့။အဲ့ဒီိ့အချိန်ကာလမှာ ဘုရင်က ဘုရားစေတီတည်ပြီးရင် ဒီစေတီကို စောင့်ရှောက်ဖို့နဲ့ ကာလကြာရှည် ထိန်းသိမ်းဖို့ လူတစ်ချို့ကို တာဝန်ပေးခဲ့တယ်။သူတို့ကို တာဝန်ပေးတာမှာ ဒီစေတီအတွက် အသုံးစရိတ် ရနိုင်ဖို့ လယ်ပယ်တွေကိုပါ လှူပေးခဲ့တယ်။ဒီလူတွေက လယ်တွေလုပ်ပြီး ရလာတဲ့ အမြတ်ငွေတွေနဲ့ စေတီတော်ထိန်းသိမ်းဖို့ ကုန်ကျစရိတ်တွေ ကျခံဖို့ပေါ့။
အခြားသူတွေက အခွန်ငွေတွေကို ဘုရင်ကို ဆက်သနေရချိန်မှာ ဘုရားကို လှူထားတဲ့ လူတွေက ဘုရားကိုလှူထားတဲ့လယ်တွေမှာ လုပ်ကိုင်ပြီးရလာတဲ့ ငွေတွေအတွက် ဒီလူတွေက ဘုရင်ကို အခွန်ပေးစရာမလိုခဲ့ဘူး။ဘုရားအတွက်သာ အသုံးပြုဖို့ လိုတယ်။နံနက်တိုင်း ဘုရား ဆွမ်း၊ပန်း၊ဆီမီး၊ရေချမ်း တွေပေါ့။ရှင်းရှင်းပြောရရင် ဒီလူတွေဟာ ပိုက်ဆံရှာ။ရတဲ့ အမြတ်ငွေဟာ ဘုရားအတွက်ပဲ ဖြစ်ရမယ်လို့ သတ်မှတ်ခံခဲ့ရတာ။
ဒါကနေ ဘယ့်နှယ့်ကနေ ဘယ်လို ဘုရားကျွန်ဆိုရင် သူတောင်းစားတွေပါလို့ သတ်မှတ်လိုက်ကြမှန်းကို မသိတော့ဘူး။တစ်ချို့ကပြောသေးတယ်။ဘုရားကျွန်တွေ တောင်းမစားရင် နူတတ်လို့ အနည်းဆုံး တစ်နှစ်မှာ တစ်ခါတော့ စတိဖြစ်ဖြစ် လာတောင်းကြရတယ်တဲ့။
ဒီ မဟုတ်တဲ့ ဘယ်ကဘယ်လို ဖြစ်လာမှန်းမသိတဲ့ စကားကို အတည်ယူပြီး ကျွန် ဆိုတဲ့ ဇာတ်ကားကို ခပ်တည်တည် ရိုက်တဲ့ ဒါရိုက်တာကို အံ့သြမိတယ်။
ဘုရားကျွန် ဆိုတာ တကယ်တော့ မြင့်မြတ်တဲ့ အခွန်လွတ်ခံ လူတန်းစားဆိုတာ သေချာ မလေ့လာထားတာကို အံ့သြမိတယ်။
ဘုရားကျွန် ဆိုတာ ကျွန်တော်တို့ထက် ကုသိုလ်တွေ ယူနိုင်ခွင့်ရှိတဲ့ လူတန်းစားတစ်ရပ်ပါ။

ကိုရဲဝင်း
Credit - Ko Ko Naing | Facebook

Post a Comment

 
Top