0

ကျွန်တော်ဘ၀မှာဒီအလုပ်မျိုးကို ပထမဆုံးအကြိမ်စမ်းသပ်မိတာမို့ ရင်တွေခုန်နေတယ်။ လူတိုင်းက ကိုယ်မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို ခိုးချောင်ခိုးဝှက်လုပ်မယ်ဆိုရင် စိတ်နည်းနည်းလှုပ်ရှားတတ်တယ်။
သူငယ်ချင်းတစ်ယောက်အဆွယ်ကောင်းလို့ အပျော်အပါးကိစ္စကိုလက်တည့်စမ်းကြည်တာက လူငယ်တစ်ယောက်ရဲ့ စူးစမ်းလိုစိတ်ထက်ပိုမယ်မထင်။
မိုတယ်ခန်းမှာ ချိန်းဆိုထားတဲ့ အမျိုးသမီးကိုစောင့်ရင်း တီဗွီကလာတဲ့ အစီစဉ်အချို့ကိုကြည့်နေလိုက်တယ်။ တီဗွီကိုကြ ည့်နေပေမဲ့ မကြာခင်မှာကြုံတွေ့ရမဲ့ အချိန်တွေအတွက် စိတ်ကလှုပ်ရှားနေတယ်။
“ဒေါက် ဒေါက်” တံခါးခေါက်သံတိုးတိုးလေးတစ်ချက်နားထဲကိုဝင်လာတယ်။ အေးမြနေတဲ့အခန်းထဲမှာပင် ထိုအသံကြော င့် ချွေးပြန်လာမိတယ်။ တံခါးကို ဖွင့်ပေးလိုက်တော့ ရနံ့တစ်မျိုးကျွန်တော်နှာခေါင်းထဲကိုတိုးဝင်လာတယ်။
ဒီအနံ့ကိုကျွန်တော်သိပ်ရင်းနီးနေပေမဲ့ ဘာအနံ့ဆိုတာကိုတော့သေချာမိပြန်ဘူး။ အမျိုးသမီးက ကျွန်တော်ကိုအပြုံးလေး တစ်ခုနဲ့နှုတ်ဆက်ရင်း
“ လာခါနီးမှ အရေးကြီးကိစ္စလေးတစ်ခုပေါ်လာလို့ နည်းနည်းနောက်ကျသွားတယ်။ ခုလို စောင့်နေရတဲ့အတွက် တောင်းပ န်ပါတယ်”
ထိုင်ခုံအစွန်းမှာခပ်ရို့ရို့ဝင်ထိုင်ပြီး ကျွန်တော်ကို စူစမ်းသလိုကြည့်တယ်။ သူမအသက်က(၃၀)အရွယ်လောက်ရှိပြီး မျက်နှာ ကညိုးနွမ်းနေတယ်။ ဒီလိုအလုပ်မျိုးလုပ်စားတဲ့ အမျိုးသမီးများကပုံမှန်ဆို လှပစွာဝတ် စားပြီးညှို့ချက်ပြင်းစွာ ပြင်ဆင်ထားတတ်ပေမဲ့ ဒီအမျိုးသမီးကတော့ တစ်မျိုးကွဲထွက်နေတယ်။
အခန်းထဲရောက်နေတဲ့အမျိုးသမီးကို ရေခဲသေတ္တာထဲက အသီးနဲ့ရေသန့်တစ်ဘူးထုတ်ပေးလိုက်တယ်။ နယ်မြို့လေး မှာဆိုတော့ ဟိုတယ်အဆင့်မရှိတဲ့ ဒီမိုတယ်လေးက အဆင့်တစ်ခုရှိနေတာတော့အမှန်ပင်။
“ အစ်မ…အအေးသောက်…အသီးလည်းစား ” စိတ်ထားတဲ့ပန်းသီးပန်းကန်ကို လှမ်းပေးလိုက်တယ်။ အမျိုးသမီးက ကျွန်တော်ပေးတဲ့ ပန်းကန်ကိုယူတဲ့ ပုံသဏ္ဍန်ကအေးစက်နေတယ်။အဘယ်အတွက်ကြောင့်လဲ။
အမြဲလုပ်နေကျ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ အမျိုးသမီးရဲ့မျက်နှာနဲ့လေယူလေသိမ်းတွေက အဘယ်ကြောင့် တက်ကြွမနေရသလဲ။
“ အစ်မကျွန်တော်ရေခဏချိုးလိုက်အုံးမယ်။ အစ်မကောချိုးအုံးမလား ” “ ချိုးပြီးပြီ မောင်လေး မောင်လေးပဲ လွတ်လွတ် လပ်လပ်ချိုးပါ။ အစ်မတီဗွီကြည့်ရင်း စောင့်မယ်အေးဆေးသာလုပ် ” ကျွန်တော်အမေးကို သူမက မ၀ံ့မရဲလေးပြန်ဖြေပြီး မျက်လွှာကိုပြန်ချသွားတယ်။
ရေခဏချိုးပြီးထွက်လာတဲ့အချိန်မှာ အမျိုးသမီးက သစ်သီးတစ်ခြမ်းကိုကိုက်ပြီးထိုင်ခုံထိုင်မှာထိုင်နေဆဲပင်။
သူမကိုကြည့်ရင်း ကျွန်တော်အားမလို့ အားမရဖြစ်သွားတယ်။တကယ်ဆို ရမက်ပြင်းတဲ့ စွဲဆောင်မှု့တွေနဲ့ စွဲဆောင်လိုက် စမ်းပါ။ ယောက်ျားတွေကို နူးညံ့တဲ့နှုတ်ခမ်းရဲရဲလေးက မပီကလာလေးတွေပြောပြီးငွေတွေ ပလူပျံအောင် သဲ့ယူလိုက်စ မ်း ပါ။
“ မာယာပိုပိုနဲ့ မောင်လေး မောင်လေးလို့သွင်သွင်ခေါ်ပြီး အချူဇာတ်လမ်းလေးတွေနဲ့ သိမ်းသွင်းလိုက်စမ်းပါတော့ ” လို့ အားမလိုအားမရတွေးနေမိတယ်။
ကိုယ်ပေါ်မှာကျန်နေတဲ့ ရေစက်တစ်ချို့ကိုတဘက်နှင့်သုတ်ရင်း အမျိုးသမီးရှိရာကိုသွားလိုက်တယ်။ အမှန်ဆို အမျိုးသမီး ကည၀တ်အကျီကိုထုတ်ပေးရင်းကျွန်တော်ကို ပြုစုယုရမယ်မဟုတ်လား။ အမျိုးသမီးဘေးနားမှာရပ်ပြီး သူမသေချာကြည့် မိတော့ သူ့မမျက်ဝန်းများက် အနည်းငယ်ညှိုးနေပြီး အိပ်ရေးပျက်ပင်ပန်းနေတဲ့ပုံပေါ်နေတယ်။
ဆံပင်ကို နောက်တွင်ခေါင်းစည်းကြိုးနဲ့ ဖြစ်သလိုထုံးထားတော့ ဆံပင်အချို့ပွရောင်းနေတယ်။ ဒီကိုလာခါနီးတွင် သေချာ စွာပြင်ဆင်ခဲ့ခြင်း မရှိဆိုတာကိုပေါ်လွင်နေတယ်ဆိုတာ သိသာနေတယ်။ ပါးနှစ်ဖက်မှာလဲ သနက်ခါးရေကျဲကိုသာ ဖြစ်သ လိုပွတ်ထားတယ်။ သူမက ပါတိတ်ထဘီတစ်ပတ်နွမ်းကို အကျီအပေါ်ဖုံးတစ်ထည်နဲ့ ဖုံးကွယ်ထားလို့ အခြားအစိတ်ပိုင်း များတော့ သေချာမမြင်ရ။
ကုတင်အစွန်း မှာမ၀ံမရဲလေးထိုင်နေတဲ့ သူမပုံက ဂန္ဓ၀င်မြောက်နေတယ်လို့ စိတ်မှာထင်နေမိတယ်။ ဆံပင်ကိုတ စ်ချက် ကိုင်ကြည့်ပြီး ရှေ့သို့သိမ်းပေးလိုက်တယ်။ နောက်အမျိုးသမီး ပခုံးကိုအသာကိုင်ကာ အပေါ်ဆုံးမှ အကျီကြယ်သီး ကိုလှ မ်းချွတ်လိုက်တော့ အမျိုးသမီးတစ်ချက်တွန့်သွားပြီး ကိုယ်ကိုနောက်သို့အနည်းငယ် ယို့သွားတယ်။ ဒုတိယကြယ်သီးကို ကျွန်တော်လှမ်းကိုင်လိုက်တဲ့အချိန်မှာတော့ အမျိုးသမီးထံမှ ရနံတစ်ခုကကျွန်တော်နာခေါင်းထဲကို တိုးဝင်လာလို့
“ အစ်မကအိမ်ထောင်သည်လား…ကလေးရှိလား… ” လို့မေးတော့ သူမထံက သက်ပြင်းရှိုက်သံကြမ်းကြမ်းက ကျွန်တော့်နားထဲကိုဝင်ရောက်လာတယ်။
“ အင်း…ရှိတယ် ။ မောင်လေး။ ဘာဖြစ်လို့လည်းကိစ္စမရှိပါဘူး ” မျက်ဝန်းမှာဝေ့သီနေတဲ့ အရည်ကြည်တစ်ချို့ကို သူမကပါးပြင်ပေါ်မရောက်အောင် အံတင်းတင်းကြိတ်ပြီးတင်ခံထားတယ်။ နှာခေါင်းထဲကို တတိယအကြိမ်မြောက် ရနံ့က၀င်ရောက်လာတဲ့အခါမှာတော့ ရနံ့ရဲ့ ပူလောင်ခြင်းက ကျွန်တော်အရေပြားမှတစ်ဆင့် နှလုံးသားကိုဝင်လာတယ်။
“ ရနံ့ …..ရနံ့” သားသည်မိခင်တစ်ယောက်ရဲ့ ကိုယ်သင်းရနံ့။ ကမ္ဘာမှာရှိတဲ့ မိခင်တိုင်းအတွက် လောကတရားက လက်ဆောင်ပေးထားတဲ့ ကိုယ်သင်းရနံ့။ ရင်ထဲမှာပူသထက်ပူလာပြီး သက်ပြင်းတစ်ခုကိုကျွန်တော်ချလိုက်တယ်။ ဖြုတ်လက်စ ကြယ်သီးကိုပြန်တပ်ပေးလိုက်ရင်း
“ ခဏ…အစ်မ ” ကျွန်တော်မေးစရာရှိတယ်လို့ပြောပြီး ကျွန်တော်ဝတ်ထားတဲ့ ည၀တ်အကျီကို ပုဆိုးနဲ့လဲ ၀တ်လိုက်တယ်။ကျွန်တော်အပြုအမူကို သူမမြင်တော့ သူမမျက်ဝန်းများက အံသြစိတ်ဖြင့် ငေးမောကာကြည့်နေတယ်။
“ ကဲပါ အစ်မ။ ..လာရှေ့မှာထိုင် ” သူမက ကျွန်တော်ဖြုတ်ထားတဲ့ ပထမကြယ်သီးကိုပြန်တပ်ရင်း ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာလာထိုင်တယ်။သူမရဲ့ ရှက်ရွံနေတဲ့ မျက်နှာအနည်းငယ်တည်ငြိမ်သွားပြီး
“ ဘာလို့လဲ မောင်လေး။ အစ်မဘာအမှားလုပ်မိလို့လဲဟင်” “ အစ်မဘာအမှားမှမလုပ်ပါဘူး။ ကျွန်တော်ကသာ အမှားလုပ်မိတော့မလို့။အစ်မအကြောင်းလေးကျွန်တော်ကိုပြောပါဦး ”
သူမက “ ကလေးကခုမှ ခြောက်လပဲရှိသေးတာမောင်လေးရယ်။ အမှန်တိုင်းပြောရရင် သားလေးနဲ့သူအဖေ နေမကောင်းလို့။ သားလေး ဖျားနေတာ တစ်ပတ်လောက်ရှိပြီ။ ဆေးခန်းလဲမသွားနိုင်ဘူး။
အစ်မ အမျိုးသားနေကောင်းတယ်ဆိုရင်သူအလုပ်ကငွေပုံမှန်ဝင်နေတော့ ကိစ္စမရှိဘူး။အခုသူလည်းနေမကောင်း သားလေးကလည်းဖျားနေတော့ အစ်မဒီအလုပ်ကိုလာလုပ်ကြည့်တာ ”
“ ခု…ပထမဆုံးအကြိမ်ပါမောင်လေး။ အစ်မနာမည်က မငယ် ” အမျိုးသမီးပြောသံကိုကြားလိုက်တော့ ကျွန်တော်ငွေရဲ့အသုံးဝင် အရေးပါမှု့ကိုအရမ်း တုန်လုပ်မိသည်။ လောကတွင်ငွေစေရာတွင် ကနေရတဲ့သူမလို သားသည်မိခင်မည်မျှ ရှိခဲ့ပြီလဲ။
“ အင်း…ခုကော ကလေးက သက်သာလားအစ်မ ” “ မသက်သာပါဘူးမောင်လေးရယ်။ သူအဖေ ကိုတော့ ဆေးဆိုင်ကဆေးလေး ၀ယ်တိုက်ခဲ့တယ်။ သားလေးကိုတော့ အစ်မဒီကိုလာနေတဲ့အချိန်အိပ်နေအောင် ဘာမီတွန်တိုက်ခဲ့တယ် ”
ကျွန်တော်အမေးကိုသူမက သေချာလေးပြန်ဖြေတယ်။ အမှန်ဆိုကျွန်တော်က အလုပ်ကိစ္စနှင့်နယ်ကိုရောက်တုန်း အပျင်းပြေဘို့ အဖော်တစ်ယောက်ကို အဆက်သွယ်တစ်ခုနဲ့ ရှာခိုင်းထားခြင်းသာဖြစ်တယ်။
ရေမီးအစုံ အခန်းခနဲ့ ငွေဘယ်လောက် ဆိုသောမိုတယ်တစ်ခု၏ ၀န်ဆောင်မှု့ကြောင့် ကျွန်တော် အခြေခံ ဘ၀တစ်ခုကိုသိလိုက်ရတယ်။ ယောက်ျားကနေမကောင်း သားကဖျားပြီး ဘယ်လိုမှ မစွမ်းနိုင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ သားနဲ့လင်အပေါ်ထားတဲ့ မေတ္တာတရားကိုလည်း မြင်တွေ့လိုက်တယ်။
“ ဒါဆို အစ်မအိမ်က ဘယ်မှာလဲ။ ဒီနေရာနဲ့ဘယ်လောက်ဝေးလဲအစ်မ ” ဆိုတော့ “ အင်း.. မိုတယ်က အသိတစ်ယောက်လိုက်ပို့တာ။ ကားနဲ့ဆို ဆယ့်ငါးမိနစ်လောက်စီးရမယ်ထယ်တယ် မောင်လေး ”
“ ဒါဆိုကျွန်တော်ပြန်လိုက်ပို့ပေးမယ်။ ခုအိမ်မှာ အစ်မအမျိုးသားနဲ့ ကလေးရှိတယ်မို့လား ” လို့မေးလိုက်တော့ အံ့သြသွားတဲ့ မျက်နှာထားနဲ့ “ မောင်လေး……..ဟိုဒင်းလေ ” ဆိုရင်းသူမက ကျွန်တော်ကိုထစ်အစွာမေးတယ်။
“ အဲဒါတွေထားလိုက်ပါ။ ကျွန်တော်အိမ်ကိုပြန်လိုက်ပို့ပေးမယ်။ ပြီးရင်ကလေးကိုလည်းဆေးခန်းပြဖို့စီစဉ်ပေးမယ် ” လို့ပြောပြီး ကားသော့ကိုယူလိုက်တယ်။ ထို့နောက်ကျွန်တော် မငယ်လမ်းပြပေးသောလမ်းအတိုင်းမောင်း ပို့ပေးလိုက်တော့ ကားသွားရာလမ်းတစ်လျှောက်မှာလမ်းမီးရောင် ခပ်မိန်မိန်တွင် ပျော်မြူးနေကြတဲ့ မိုးကျနတ်မိမယ်လေးများစွာ ကွက်ကြားကွက်ကြားတွေ့လိုက်ရတယ်။
မငယ်က ကျွန်တော့်မျက်နှာကိုကြည်ပြီး “ ကျေးဇူးတင်လိုက်တာမောင်လေးရယ် အစ်မဒါမျိုးတွေ တစ်ခါမှမလုပ်ဖူးပါဘူး……. ” ဟုပြောလာတော့ အပြုံးတစ်ချက်နဲ့ သူမစကားထောက်ခံရင်း ပြောထားတဲ့ လမ်းသို့ချိုးဝင်လိုက်တယ်။
လမ်းကျဉ်းလေးနဲ့အလင်းရောင်နတ္တိဖြစ်နေတဲ့ ရပ်ကွက်အစွန်းတစ်ခုမှာရပ်ဖို့ အချက်ပြတယ်။ မငယ်ရဲ့ အိမ်လေးက ညမှောင်မှောင်မှာ နီယွန်မီးသီးတစ်လုံးကိုထွန်းထားတယ်။
ထို့နောက်အိမ်ပေါ်သို့ကျွန်တော်ကိုခေါ်သွားတယ်။ အပေါ်ရောက်ရောက်ချင်း “ ငယ်…….ဧည့်သည်ပါလာတာလား ” လို့နွမ်းလျတဲ့အသံဖြင့်နှုတ်ဆက်တဲ့ အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်။
“ဧည့်သည် မဟုတ်ဘူးကို ကျွန်မဟိုတုန်းက အလုပ်လုပ်ခဲ့တဲ့ အလုပ်ရှင်နဲ့ တွေ့ပြီး စကားကောင်းနေတာနဲ့ မိုးနည်းနည်းချုပ်သွားလို့လေ ”
လို့ ပြန်ဖြေပြီး ကလေးကို မငယ်ကလှမ်းယူလိုက်လိုက်တယ်။မငယ်က သူမရဲ့အမျိုးသားကို အဆင်ပြေသလိုပင် ပြောနေတော့ အပြင်မှာဘယ်အလုပ်တွေလုပ်နေတယ်ဆိုတာကို မငယ်အမျိုးသားကို သေချာသိပုံမရ။
“ကဲ အစ်ကိုနဲ့အစ်မ မိုးကလည်းချုပ်နေတော့ကျွန်တော်ပြန်တော့မယ် ” လို့ပြောပြီး ငွေငါးသောင်းကို သူတို့လင်မယား လက်ထဲကိုထည့်ပေးလိုက်တယ်။ မငယ်တို့လင်မယား နှစ်ယောက်စလုံးကျွန်တော်ပေးတဲ့ငွေကို ယူချိန်မှာ မျက်ရည်ပင်ေ ၀့နေတယ်။ ထိုမျက်ဝန်းများကြောင့် ကျွန်တော်များစွာစိတ်မကောင်းဖြစ်မိပြန်တယ်။
“ကဲပါဗျာ စိတ်မကောင်းဖြစ်မနေနဲ့ ကလေးကိုလည်း မနက်ဆေးခန်းပြ။ဒီက အစ်ကိုလည်းဆေးခန်းလေးဘာလေးပြ ရမ်းကုတွေနဲ့ကြိတ်ကုမနေနဲ့ ကျွန်တော်လည်း အလုပ်ကိစ္စလေးရှိလို့ပြန်လိုက်ပါဦးမယ်။ ဒီငွေကိုဘယ်လိုမှ သဘောမထားပါနဲ့ ကျွန်တော်တတ်နိုင်တဲ့ ဘက်ကကူညီတာပါ” လို့ပြောပြီး နှုတ်ဆက်လိုက်ပြီးချိန်မှာ မငယ်အမျိုးသားက ကျွန်တော်ကို အိမ်ပေါက်ဝအထိ လိုက်ပို့ပေးတယ်။
မငယ်က ကလေးကိုလက်တစ်ဖက်မှပွေ့ထားသလို ကျန်လက်တစ်ဖက်ကလည်း ကျွန်တော်ပေးတဲ့ငွေငါးသောင်းကို ခပ်တင်းတင်းဆုတ်ကိုင်ထားတာကို အမှောင်နည်းနည်းကဲတဲ့ အိမ်ငယ်လေးထဲမှာ ၀ိုးတ၀ါးမြင်နေရတယ်။
ခြံအ၀ကို့ရောက်တဲ့အခါမှာ မငယ်က အဓိပ္ပါယ်ပြည့်တဲ့ မျက်ဝန်းများနဲ့ ကျွန်တော်ကို ပြုံးပြကာ နှုတ်ဆက်တယ်။
ဒီလိုနှုတ်ဆက်တဲ့ မျက်ဝန်းညိုလေးနဲ့ အပြန်အလှန် စကားပြောဖြစ်ကြတဲ့ ငါးသောင်းတန် အကြည့်တွေကိုတော့ ထာဝရ အမှတ်ရမိနေဦးမယ်ထင်ပါရဲ့။
ဇော်ညီညီ(နေပြည်တော်)
Credit -Sinphyutaw

Post a Comment

 
Top