0

တရုတ်နိုင်ငံက Apple ဝန်ထမ်းတွေဟာ Apple ပစ္စည်း အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို မှောင်ခိုဈေးကွက်တစ်ခုတည်ပြီး ရောင်းချလျက်ရှိနေတယ်လို့ သိရပါတယ်။ AFP သတင်းဌာနရဲ့ ပြောကြားချက်အရတော့ မြေအောက်ဂိုဏ်းနဲ့ လှုပ်ရှားနေတဲ့ ဒီလို အခွင့်အရေးချိုးဖောက်မှုမှာ တရုတ်နိုင်ငံက Apple ရဲ့ အကြီးတန်းဝန်ထမ်း ၂၀ လောက်အထိ ပတ်သက်နေတယ်လို့ သိရပါတယ်။
အချက်အလက်တစ်ခုချင်းစီအလိုက် ၁၀ ယွမ်(၁.၅ ဒေါ်လာ) ကနေ ၈၀ ယွမ် (၂၆.၅ ဒေါ်လာ) အထိ ဈေးပေါက်နေပြီး Apple ID တွေ ၊ ဖုန်းနံပါတ်တွေ ၊ နာမည်တွေနဲ့ တစ်ခြားသော အချက်အလက်တွေပါဝင်နေတယ်လို့ သိရပါတယ်။ အခုလိုမျိုးရောင်းချထားရကနေ  ယွမ်သန်း ၅၀ (အမေရိကန် ဒေါ်လာ ၇.၃ သန်း)အထိ ရရှိထားပြီးဖြစ်တယ်လို့လည်း AFP က ဖော်ပြထားပါတယ်။
တရုတ်အစိုးရတာဝန်ရှိသူတွေကတော့ ဒီကိစ္စကို လအတန်ကြာ စုံစမ်းနေခဲ့ပြီး ဒေသလေးခုဖြစ်တဲ့ ဂွမ်ဒေါင်း ၊ ကျန်းဆု ၊ ဇီကျန်းနဲ့ ဖူကျန်ဒေသတွေမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာပါ။ တရားခံတွေကိုတော့ အခုအချိန်မှာ တရုတ်အစိုးရက လက်ရဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ပြီး သူတို့ရဲ့ ဈေးကွက်ဖြစ်တဲ့ “Online Network” တစ်ခုလုံးကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။
အခုလို ပါဝင်ပတ်သက်နေတဲ့ Apple ဝန်ထမ်းတွေဟာ Marketing နဲ့ Outsourcing ဌာနတွေက ဖြစ်တယ်ုလိ့ သိရပြီး ကြားနာမှုတွေ ဘယ်လို စစ်ဆေးသွားမယ် ၊ အမှုစစ်ဆေးမှုက ဘယ်လောက်ကြာမယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။ ဒါ့အပြင် အခုလို အလွဲသုံးစားနဲ့ ရောင်းစားခံရတဲ့ အချက်အလက်တွေဟာ နိုင်ငံရပ်ခြား အသုံးပြုသူတွေဆီကလား ၊ တရုတ်နိုင်ငံက Apple အသုံးပြုသူတွေရဲ့ အချက်အလက်တွေဆိုတာလားကလည်း တိတိကျကျ မသိရသေးပါဘူး။
တရုတ်နိုင်ငံကတော့ စမတ်ဖုန်းဈေးကွက်ကြီးမားပြီး ဖုန်းထုတ်လုပ်သူတွေ စုဝေးရာနေရာတစ်ခုဖြစ်တာကြောင့် အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို မကာကွယ်နိုင်ရင် ဒဏ်ကြေးတပ်သွားမှာဖြစ်ပြီး ၊ နောက်ဆုံးအပြင်းထန်ဆုံးအဖြစ် လုပ်ငန်းလိုင်စင်ကို ရုတ်သိမ်းတဲ့အထိ အရေးယူသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်အစိုးရကတော့ ဆိုက်ဘာရာဇဝတ်မှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်လျက်ရှိနေပြီး ဖုန်းတွေရဲ့ လုံခြုံရေးကိုလည်း အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။


Ref : Techno Buffalo

Post a Comment

 
Top