0
လမ်းလျှောက်တတ်စ ကလေးငယ်က သူ့ရဲ့ ရင်ခွင်ပိုက် ညီငယ်လေး တန်းတွေနဲ့ ပိတ်ထားတဲ့ ကလေးအိပ်ရာထဲက ဘယ်လို ထွက်ရမယ်ဆိုတာကို ခွေးခြေခုံပု သုံးပြီး  သင်ပေးနေတဲ့ ကြည်နူးဖွယ် ရုပ်သံဟာ  ကြည့်ရှုသူ ၃၂ သန်းရှိပြီ ဖြစ်ပါတယ်။
ဒီလမ်းလျှောက်ခါစ ကလေးက ညီဖြစ်သူကို  အိပ်ရာထဲက ဘယ်လိုလွတ်အောင် ထွက်လာရမယ် ဆိုတာကို သင်ပေးနေတဲ့ အခိုက်အတန့်က ကြည့်သူတွေကို ပြုံးပျော်စေပြီး ဟာသမြောက်နေပါတယ်။
ကလေးတွေကို စောင့်ကြည့်တဲ့ ရှိုးပွဲ အစီအစဉ်ကနေ ရွှေရောင်ဆံပင်ပိုင်ရှင် ညီအစ်ကို ၂ ယောက်ကို ရိုက်ကူးမိခဲ့တာဖြစ်ပြီး အကိုကြီးက ခွေးခြေခုံပုအပြာရောင်ကို ကလေးအိပ်ရာထဲ ထည့်လိုက်တာပါ။
အကိုဖြစ်သူက ခုံပုကို အိပ်ရာထဲ မထည့်ခင် အိပ်ရာရှေ့က အဖြူရောင်စောင်ငယ်ကို ဖယ်လိုက်ပြီး ခုံကို နေရာချလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ညီလေး ဖင်န်ကို “ငါတော့ ရသွားပြီ” လို့ ပြောကာ ခုံကို မ,လိုက်ပြီး အိပ်ရာထဲ ပစ်သွင်းလိုက်ပါတယ်။ သူလည်း အိပ်ရာထဲကနေ တွယ်တက်ပြီး ထွက်လာတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
အဲဒီနောက် ညီငယ်လေးကို ကလေးအိပ်ရာရဲ့ တန်းတွေပေါ်ကနေ လှိမ့်ပြီး ကြမ်းပြင်ပေါ် ဆင်းလာပုံကို သင်ပေးနေပါတယ်။
အကိုဖြစ်သူက ညီငယ် ဖင်န်ကို “မင်း လုပ်နိုင်ပါတယ်” လို့ အော်ပြီး အားပေးအားမြှောက် လုပ်နေသေးတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ရေးထားပါတယ်။
အကိုဖြစ်သူက သူ ဘာလုပ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်၊ ညီငယ်ဖင်န်ကိုလည်း အိပ်ရာထဲက ထွက်လာနိုင်အောင် “ငါ့အပေါ် ခုန်ချလိုက်” လို့ တိုက်တွန်းလိုက်ပြီး  နောက်ဆုံး လွတ်လာအောင် အကိုဖြစ်သူက ကူပေးခဲ့ပါတယ်။
အဲဒီနောက် ညီငယ် ကြမ်းပြင်ပေါ် ရောက်တဲ့အခါ အိပ်ရာထဲက ထွက်လာနိုင်တဲ့အတွက် ညီအကို ၂ ယောက် ပျော်နေကြပါတယ် “မင်းလုပ်နိုင်ပါတယ် ဖင်န်” လို့ အကိုဖြစ်သူက ပြောပြီး ညီအကို ၂ ယောက် အိပ်ခန်းက ပြေးဖို့ ကလေးခန်းတံခါးဝဆီ ထွက်သွားကြတယ်လို့ မေရာရဲ့ ဇွန်လ ၉ ရက်နေ့သတင်းမှာ ရေးသားပြီး ချစ်စရာ ရုပ်သံလေးကို တင်ထားပါတယ်။

Post a Comment

 
Top